ဒေါ့မွန်နည်းပြ ဂျာဂင်ကလော့က မာကိုရူးစ်အနေဖြင့် လာမည့်နွေရာသီ
အပြောင်းအရွှေ့ကာလတွင် မန်ယူ၊ အာဆင်နယ်၊ ချယ်လ်ဆီးနှင့် လီဗာပူး
တစ်သင်းသင်းသို့ ပြောင်းရွှေ့ရောက်ရှိ
သွားခဲ့လျှင် မိမိ၏အမှားသာလျှင် ဖြစ်မည်ဟု ဆိုခဲ့သည်။ မာကိုရူးစ်သည်
ဒေါ့မွန်နှင့် ချုပ်ဆိုထားသော စာချုပ်တွင် ပေါင်သန်း ၂ဝ ရလျှင် ထွက်ခွာ
ခွင့်ပေးမည်ဟု ပါရှိခဲ့ရာ ၎င်းကို အသင်းကြီးများမှ ပြောင်းရွှေ့ကစားရန်
အကြိမ်ကြိမ်ဆက်သွယ် ချိတ်ဆက်မှု များရှိလာခဲ့သည်။
ရီးယဲလ်မက်ဒရစ်ကလည်း ဂျာမနီ ကစားဖော် တိုနီခရူးစ်က ခြေစွမ်းပြ နေရာခရူးစ်နှင့် တွဲဖက်ကစားရန် မာကိုရူးစ်ကို ပစ်မှတ်ထားလာခဲ့သည်။ ဂျာဂင်ကလော့က ''တကယ်လို့ ကျွန်တော်တို့အသင်း ချန်ပီယံလိဂ်ဝင် ခွင့်မရလည်း ကစားသမားတွေ ထွက်ခွာသွားမယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ရူးစ်အနေနဲ့ ထွက်ခွာဖို့တောင်းဆိုလာ ခဲ့ရင်တော့ သူနဲ့ပတ်သက်ပြီး အမှားတစ်ခုခု ကျွန်တော်လုပ်ထားလို့ဖြစ်မယ်'' ဟု ဆိုခဲ့သည်။
ဒေါ့မွန်အသင်းသည် ယခုနှစ် ဘွန်ဒက်လီဂါတွင် ရလဒ်များ ဆိုးရွား နေမှုကြောင့် နောက်ခံလူ ဟမ်းမဲလ်ကိုလည်း လက်လွှတ်ရဖို့ရှိနေပြီး မာကို ရူးစ်ကိုလည်း ထပ်မံဆုံးရှုံးနိုင်ခြေရှိရာ နည်းပြဂျာဂင်ကလော့အတွက် ခေါင်းခဲစရာဖြစ်လာခဲ့သည်။ ယင်းကစား သမားနှစ်ဦးကလည်း ချန်ပီယံလိဂ် ဝင်ခွင့်မရလျှင် ထွက်ခွာမည်ဟုဆိုခဲ့ရာ နွေရာသီအပြောင်းအရွှေ့ ကာလတွင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်သည်။

No comments:
Post a Comment