Thursday, January 29, 2015

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေး စိစစ်ရွေးချယ်ရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ



 


 နေပြည်တော် ဇန်နဝါရီ ၂၈

 နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်း ဆောင်ရည်ဆုချီးမြှင့်ရေး စိစစ်ရွေးချယ်ရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ သမ္မတရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ စိစစ်ရွေးချယ်ရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လုပ်ငန်း ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများလည်း Video Conferencing စနစ်ဖြင့် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် မြို့ပြနှင့် ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်း ဆုံးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ စီးပွားရေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးသိန်းအောင်နှင့် လူမှုရေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ပညာရပ်ဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်တို့က ကော်မတီအလိုက် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းထားရှိမှု၊ ရွေးချယ်ဆောင်ရွက် မည့် ဆုအမျိုးအစားများ သတ်မှတ်ထားရှိမှု၊ အမှတ်ပေးစည်းမျဉ်းများ သတ်မှတ်ထားရှိမှုနှင့် သတ်မှတ်ချက် များနှင့်ကိုက်ညီသူများအား ရွေးချယ်ထားရှိမှု၊ ကွင်းဆင်းစစ်ဆေးအကဲဖြတ် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ကွင်းဆင်းစစ်ဆေးမည့် လုပ်ငန်းအခြေအနေများနှင့် ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့် ခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့်အခြေအနေ၊ ဆုအမျိုးအစားအလိုက် ရွေးချယ်ထားရှိမှုများကို Video Conferencing စနစ်ဖြင့် ပါဝင်ဆွေးနွေးကြသည်။

ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးတင် နိုင်သိန်းက ပြန်လည်သုံးသပ်ဆွေး နွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တက်ရောက်လာကြ သူများက သတင်းထုတ်ပြန်ရေး၊ ဆုတံဆိပ်ပြုလုပ်ရေး၊ ပို့ဆောင်ရေး၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင် ရည်ဆုချီးမြှင့်ခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီအလိုက်၊ ဌာနအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ယခုနှစ် ကျင်းပ မည့် ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် ပိုမိုကောင်းမွန်သည့် ရလဒ်များ ပေါ်ထွက်လာအောင် အားလုံးက တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရန် ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)

No comments:

Post a Comment