Thursday, January 29, 2015

လက်ဖက်ဈေးကွက် ပုံမှန်အနေအထားရောက်ရှိနိုင်ရေး ဒေသအာဏာပိုင်များ၊ ဒေသခံကုန်သည်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန်လို

Photo: အမျိုးသားလွှတ်တော် အစည်းအဝေး
======================

လက်ဖက်ဈေးကွက် ပုံမှန်အနေအထားရောက်ရှိနိုင်ရေး ဒေသအာဏာပိုင်များ၊ ဒေသခံကုန်သည်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန်လို
====================================================

နေပြည်တော် ဇန်နဝါရီ  ၂၈ 

ပထမအကြိမ်    အမျိုးသား လွှတ်တော် (၁၂) ကြိမ်မြောက်  ပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ နံနက် ၁ဝ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ  အမျိုး သားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးဟာရှိန်း ဘွေ၏ ချင်းပြည်နယ်မှ   လက်ဖက် များကို စနစ်တကျထုတ်လုပ်ရောင်းချ နိုင်ရေးအတွက် နိုင်ငံတော်မှ  မည် ကဲ့သို့  စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက    မြန်မာနိုင်ငံအတွင်းရှိ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း များ ဖွံဖြိုးတိုးတက်လာစေရေးအတွက် လက်ဖက်စိုက်တောင်သူများ၊  ထုတ် လုပ်သူများ၊ ကုန်သည်ပွဲစားများ စုံစုံ ညီညီစုစည်းပါဝင်သည့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး   ထုတ်လုပ်တင်ပို့ ရောင်းချသူများ  အစုအဖွဲ့(ဗဟို)ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊   နိုင်ငံ တကာဈေးကွက်သို့     ဆက်သွယ် ရောင်းချနိုင်ရေးအတွက် ဂျပန်နိုင်ငံ သို့ လက်ဖက်စိုရောင်းချနိုင်ရေးကူညီ ဆောင်ရွက်ပေးခဲ့ပြီး ASEAN Food Show  တွင်လည်း မြန်မာ့စားသောက် ကုန်များနှင့်အတူ  မြန်မာ့လက်ဖက် စို /အခြောက်များကို     သွားရောက် ပြသနိုင်ရေးအတွက် ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ပြည်တွင်း လက်ဖက်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  မြန်မာ နိုင်ငံလက်ဖက်    စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့နှင့် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းတို့မှ သက်ဆိုင်ရာဌာနများနှင့်  ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ   လက်ဖက် ဈေးကွက်ဖြစ်ပေါ်လာပြီဖြစ်သကဲ့သို့  ပုံမှန်ဈေးကွက်    အနေအထားသို့ ရောက်ရှိနိုင်ရေးအတွက်လည်း သက် ဆိုင်ရာဒေသအာဏာပိုင်များ၊ ဒေသခံ ကုန်သည်လုပ်ငန်းရှင်များက ပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်မည် ဖြစ် ပါကြောင်း၊   ဝန်ကြီးဌာနအနေဖြင့် လည်း   လိုအပ်သောအကူအညီများ ရရှိနိုင်ရေး    ဆောင်ရွက်ပေးလျက် ရှိပါကြောင်းဖြင့်   ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ပဲခူးတိုင်းဒေသကြီး   မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးထွန်းဇော်၏ ပညာ ရေးဝန်ကြီးဌာနအောက်ရှိ အခြေခံ ပညာဦးစီးဌာန၌  ဝန်ထမ်းကျောင်း ဆရာ/ဆရာမများ၏  တိုင်းကျော်၊ တိုင်းတွင်း၊ ခရိုင်ကျော်၊ ခရိုင်တွင်း၊ မြို့နယ်ကျော်၊ မြို့နယ်တွင်း အလုပ် နေရာပြောင်းရွှေ့ခြင်းတို့ကို ပညာရေး ဝန်ကြီးဌာနက   မည်သို့ကိုင်တွယ် ဆောင်ရွက်နေသည်ကို  သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍  ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က  ပညာရေးဝန်ကြီး ဌာနအနေဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် ပညာရေးဝန်ထမ်းများ၏ အပြောင်း အရွှေ့    ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ထိုသို့ပြောင်းရွှေ့ပေးရာတွင် ကာယကံရှင်တို့၏ ဆန္ဒပြုလျှောက် လွှာပါ လက်ရှိရာထူး၊ လက်ရှိကျောင်း လုပ်သက်များရာမှ  နည်းရာအလိုက် တန်းစီဇယား  ပြုစုထားပါကြောင်း၊ တန်းစီဇယားအရ  ကာယကံရှင်၏ ဆန္ဒပြုနေရာအလိုက် လစ်လပ်နေရာ ရှိခြင်း/မရှိခြင်း၊ ဘာသာရပ်ကိုက်ညီ မှုရှိ/မရှိ စိစစ်၍  လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ဆန္ဒပြုနေရာသည်   လစ်လပ် နေရာရှိခြင်း၊  ဘာသာရပ်ကိုက်ညီ ခြင်း၊ ဆန္ဒပြုလျှောက်ထားသူ တစ်ဦး ထက်ပိုနေခြင်း၊    လက်ရှိရာထူး၊ လက်ရှိကျောင်း၊ လုပ်သက်တူနေပါက လုပ်သက်ရင့်သူ၊  ဝန်ထမ်းပြောင်း/ တပ်ပြောင်း၊   အိမ်ထောင်ရှိ/မရှိ၊ ရှိပါက မိသားစုဦးရေ၊ ကျောင်းတည် နေရာအဆင့် စသည်ဖြင့် တစ်ဆင့်ခြင်း စိစစ်၍ ပြောင်းရွှေ့ရေးကို  ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်း ပြောင်း/တပ်ပြောင်း အပြောင်းအရွှေ့ လျှောက်ထားသူ အများစုသည်  မိမိ ခင်ပွန်း   တာဝန်ထမ်းဆောင်ရာနှင့်    နီးစပ်သည့်   လစ်လပ်နေရာများသို့ လျှောက်ထားခြင်းမရှိဘဲ  လစ်လပ် နေရာမရှိသည့်  မြို့ပေါ်ကျောင်းများ သို့ လျှောက်ထားခြင်း၊ လစ်လပ်စာရင်း ပေါ်နေသော်လည်း ဆရာပိုကျောင်း ဖြစ်နေခြင်းနှင့်   အချက်အလက်    မပြည့်စုံခြင်းတို့ကြောင့်  ပြောင်းရွှေ့ ခွင့်မရခြင်းတို့ဖြစ်ကြောင်း။

 အခြေခံပညာ  ကျောင်းများမှ ဆရာ၊ ဆရာမများ၏ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုး    ခန့်ထားခြင်းများတွင် ပွင့်လင်းမြင်သာမှု   ရှိရေးအတွက် လျှောက်လွှာ    ခေါ်ယူစဉ်ကပင်   လစ်လပ်ရာထူးနေရာနှင့် ဘာသာရပ် များကို အသိပေးကြေညာခြင်း၊ အမိန့် စာများ ထုတ်ပြန်သည်နှင့် တစ်ပြိုင် တည်း သက်ဆိုင်ရာမြို့နယ်ပညာရေး မှူးရုံး၊ ခရိုင်ပညာရေးမှူးရုံးနှင့် တိုင်း ပညာရေး   ညွှန်ကြားရေးမှူးရုံးများ  ၌  လျာထားအခြေအနေ  တန်းစီ ဇယားနှင့်တကွ ကာယကံရှင်ဆရာ၊ ဆရာမများ ကြည့်ရှုနိုင်စေရန် စီစဉ် ထားရှိပါကြောင်း၊   တန်းစီဇယားရှိ အပြောင်း/အတိုး   လျာထားမှုကို ကြည့်ရှုပြီး   မှားယွင်းမှုတွေ့ရှိတင်ပြ လာပါက တာဝန်ယူ၊   တာဝန်ခံ၍ သက်ဆိုင်ရာကာယကံရှင်၏ နစ်နာ မှုအတွက် သက်ဆိုင်ရာရုံးချုပ် စီမံ ခန့်ခွဲမှုကော်မတီသို့   တင်ပြစေပြီး အရေးယူဆောင်ရွက်ပေးလျက်ရှိပါ ကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်ခင် ဝိုင်းကြည်က (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့က ဆွေးနွေး ခဲ့သည့် ကိုးကွယ်ရာဘာသာကူးပြောင်း ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း ၍ဆက်လက်ဆွေးနွေးခဲ့ပြီး  အမျိုး သားလွှတ်တော်ဥက္ကဋ္ဌက ကိုးကွယ်ရာ ဘာသာ   ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို  ပြန်လည်ကြားနာ ဆောင်ရွက်ရန်ဆုံးဖြတ်သည်။ 

ဆက်လက်၍    အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက  စံချိန်စံညွှန်း ကိုက်ညီမှုမရှိသည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အစိုးရ အဖွဲ့၏ ဆောင်ရွက်ထားရှိမှုအခြေ အနေများအား လွှတ်တော်သို့ တင်ပြ ခဲ့သည်။     
         
(သတင်းစဉ်)

အမျိုးသားလွှတ်တော် အစည်းအဝေး

No comments:

Post a Comment