Wednesday, January 28, 2015

အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂ဝ၁၅ ၏ ဆဋ္ဌမမြောက်နေ့အဖြစ် အာဆီယံခရီးသွားလုပ်ငန်းကွန်ဖရင့်နှင့် နိုင်ငံအလိုက် သတင်းမီဒီယာများနှင့်တွေ့ဆုံသည့် အစီအစဉ်များ ဆက်လက်ကျင်းပ



 


 နေပြည်တော် ဇန်နဝါရီ ၂၇

 အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂ဝ၁၅ ၏ ဆဋ္ဌမမြောက်နေ့အဖြစ် အာဆီယံခရီးသွားလုပ်ငန်းကွန်ဖရင့်နှင့် အာဆီယံနိုင်ငံများအလိုက် သတင်းမီဒီယာများနှင့် တွေ့ဆုံသည့် အစီအစဉ်များကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁) ၌ ဆက်လက်ကျင်းပခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် ASEAN Tourism Forum-2015 ၏ခရီးသွားလုပ်ငန်းပြပွဲ (TRAVEX) ဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း၊ အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်-၂ဝ၁၅ ၏ ပြပွဲများ စီမံခန့်ခွဲသူ စင်ကာပူနိုင်ငံ MP International Pte.Ltd. မှ ဥက္ကဋ္ဌ Mr.James Chia တို့နှင့်အတူ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် ဧည့်သည်များသည် အာဆီယံ ၁ဝ နိုင်ငံမှ နိုင်ငံအလိုက် ခင်းကျင်းပြသထားသည့် ပြခန်းများအား လိုက်လံအားပေးကြည့်ရှုခဲ့ကြသည်။ အဆိုပါ ASEAN Tourism Forum-2015 ၏ ခရီးသွားလုပ်ငန်း ပြပွဲ(TRAVEX) တွင် ပြည်တွင်း ပြည်ပမှ ပြသထားသည့် ပြခန်း စုစုပေါင်း ၅၂၇ ခန်းရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ASEAN Tourism Forum- 2015 အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်- ၂ဝ၁၅ ၏ ဆဋ္ဌမမြောက်နေ့ နံနက် ပိုင်းတွင် နေပြည်တော် Royal Golf Club ၌PICO Art International မှ တာဝန်ယူဆောင်ရွက်ပေး၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွား လုပ်ငန်းဝန်ကြီးများ၊ အမျိုးသား ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်ခေါင်းဆောင်များ စုပေါင်းပါဝင်သည့် ဂေါက်သီးရိုက်ပွဲအား ကျင်းပပေးခဲ့ပြီး နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ တာဝန်ရှိသူများက နိုင်ငံအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများနှင့်တွေ့ဆုံသည့် အစီအစဉ်များ၊ ခရီးစဉ်ဒေသရောင်းချသူ များနှင့် ဝယ်ယူသူများတွေ့ဆုံသည့် အစီအစဉ်များကို ကျင်းပခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ညပိုင်းတွင် သင်္ဂဟဟိုတယ်၌ ဖိလစ်ပိုင်နိုင်ငံ မှ ပြုလုပ်သော ''အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်-၂ဝ၁၆'' အကြိုဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment