အောင်လံ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် လှေဝန်းဘူတာနှင့် ဆတ်သွားဘူတာကြား
ရထားလမ်း မိုင်တိုင် အမှတ် (၂ဝ၆/၂၁၉)ကြား ရထားလမ်းဘေး ဝဲ၊ ယာတွင် မြေထိန်းနံရံများတည်ဆောက်ခြင်းလုပ်ငန်းကို
ဇန်နဝါရီ ၂၄ ရက်က ဆောင်ရွက်ကြသည်။ ၂ဝ၁၂-၂ဝ၁၃ မိုးရာသီ ကာလများတွင်
ရထားလမ်း နံဘေးတောင်ပြိုခြင်း၊ သံလမ်း များပေါ်တွင် မိုးရေကြီး၍ သဲ၊
နုန်းတိုးခြင်းများ မကြာခဏ ဖြစ်ပေါ်ခဲ့၍ ရထားလမ်းများပိတ်ဆို့နေ၍ မကြာခဏ
ရပ်နားရသည့်အတွက် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ဒေသအသီးသီးမှ
ရထားစီးခရီးသည်များ ရထားကြန့်ကြာမှု မဖြစ်စေရေး၊
ရထားများနေ့စဉ်ပြေးဆွဲနိုင်ရေးအတွက် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်များတွင်
စီမံကိန်းများရေးဆွဲပြီး မြေထိန်းနံရံများတည်ဆောက်ခြင်း၊ ရထားသံလမ်းဘေး
ရေလွှဲမြောင်းများတူးခြင်း၊ တိုင်းအမှတ်(၁၁)ပုဂံမှ မြေထိန်း
နံရံတည်ဆောက်ခြင်းလုပ်ငန်းအတွက် လေလံတင်ဒါ ခေါ်ယူပြီး
တင်ဒါကုမ္ပဏီရှစ်ခုဖြင့် လုပ်ကိုင်ခဲ့ရာတွင် မြေထိန်းနံရံ ၁၇ ခုရှိသည့်အနက်
၁၁ ခု ပြီးစီးပြီး ကျန် ခြောက်ခုမှာ လုပ်ငန်းဆောင်ရွက်ဆဲဖြစ်ကြောင်း တာဝန်
ရှိသူတစ်ဦးက ပြောပြသည်။
မြေထိန်းနံရံ၏ အရှည်မှာ အလျားပေ ၄၄၅ဝ ဖြစ်ပြီး ရေတူးမြောင်း၏ ပြီးစီးမှုပေအရှည်မှာ ပေ ၄၁ဝဝ ပြီးစီး ပြီဖြစ်ကြောင်း တောင်တွင်းကြီး-အောင်လံ လမ်းပိုင်း သံလမ်းလုပ်ငန်းအုပ်ကြီး ဦးကြည်တင်ထံမှ သိရသည်။
ယင်းကဲ့သို့ ပြီးစီးမှုအခြေအနေမှ သတ်မှတ်ထားသည့် ရက်ပြီးစီးနိုင်ရေးအတွက် အင်ဂျင်နီယာမှူး (မြို့ပြ) ဦးကျော်လင်း(ပုဂံ)၊ လက်ထောက်အင်ဂျင်နီယာမှူး (မြို့ပြ) ဦးတင့်လွင်ထွန်း (တောင်တွင်းကြီး)၊ အငယ်တန်းအင်ဂျင် နီယာ(၂) သံလမ်း ဦးမျိုးကိုကိုဦး (အောင်လံ)တို့က မိုးရာသီ မရောက်မီ အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(၆၂၇)

No comments:
Post a Comment