Wednesday, January 28, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့်တွေ့ဆုံ


 


 တောင်ကြီး ဇန်နဝါရီ ၂၇

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထု များနှင့်တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ''၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲဖြစ်မြောက်အောင် ဆောင်ရွက်ရန်နှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်ရန်နှင့် ပါတီ များအနေဖြင့် ပြည်သူလူထုများကို စည်းရုံးနိုင်ပြီး၊ ပြည်သူလူထုများအပေါ် မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲအခြေခံ ဥပဒေရှစ်ခုဖြင့် အဓိကထားဆောင်ရွက်ရမည် ဖြစ်ပြီး ဥပဒေနှင့်အညီ ရွေးကောက်ပွဲ ကော်မရှင်ကိုယ်စားလှယ်များ ဆောင်ရွက်သွားကြရန်'' ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးပွင့်က ရွေးကောက်ပွဲဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြီး တက်ရောက် လာကြသော SNLD ပါတီမှ ဦးစိုင်းလင်းမြတ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်မျိုးမြင့်ဦး၊ အင်းတိုင်းရင်းသားပါတီ ဦးဝင်းမြင့်တို့က ရွေးကောက်ပွဲနှင့် ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြန်လည်ဖြေကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားသွားကြောင်း သိရသည်။

ထို့နောက် တွေ့ဆုံပွဲသို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေး ပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထု စုစုပေါင်းအင်အား ၄၇၃ ဦး တက်ရောက်ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment