Wednesday, January 28, 2015

အော့ခ်ျဝစ် အကျဉ်းစခန်းမှ လွတ်မြောက်ခြင်း နှစ် (၇ဝ)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ


 


 အော့ခ်ျဝစ် ဇန်နဝါရီ ၂၇

 နာဇီဂျာမနီတို့၏ သေမင်းတမန်စခန်းမှ လွတ်မြောက်ခြင်း နှစ် (၇ဝ) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပရန် ယင်းစခန်းမှ အသက်ရှင်လွတ်မြောက်ခဲ့သူ ၃ဝဝ ခန့်တို့က အဆိုပါ အကျဉ်းစခန်းဟောင်းနေရာ၌ စုဝေးခဲ့ကြကြောင်း ယနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။

ပိုလန်နိုင်ငံတောင်ပိုင်းရှိ ယင်းအကျဉ်းစခန်းတွင် ၁၉၄ဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျူးလူမျိုးအများစု ပါဝင်သော လူပေါင်း ၁ ဒသမ ၁ သန်း သေဆုံးခဲ့ရသည်။ သေဆုံးသွားသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ယင်းအကျဉ်းစခန်းဟောင်း၌ ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးကျင်းပသည့် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားသို့ အသက်ရှင်လွတ်မြောက်ခဲ့သူ အများအပြား တက်ရောက်မည်ဟု မျှော်လင့်ရသည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်းက နာဇီတို့အား တိုက်ခိုက်ခဲ့သည့် မဟာမိတ်နိုင်ငံများမှ နိုင်ငံအကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့များကလည်း အဆိုပါအခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်သည်။

အော့ခ်ျဝစ် အကျဉ်းစခန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဘာကီနုစခန်း၌ လွမ်းသူ့ပန်းခွေချခြင်း၊ ဝတ်ပြု ဆုတောင်းခြင်းနှင့် ဖယောင်းတိုင်မီးများ ထွန်းညှိခြင်းတို့ ပြုလုပ်ရန်စီစဉ်ထားသည်။

အော့ခ်ျဝစ်နှင့် ဘာကီနု သေမင်းတမန်စခန်းများကို ၁၉၄၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဆိုဗီယက်တပ် နီတော်က ဂျာမန်များလက်မှ လွတ်မြောက်စေခဲ့သည်။ အော့ခ်ျဝစ် အကျဉ်းစခန်းကို ၁၉၄၇ ခုနှစ်တွင် ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သည်။

ဘီဘီစီ။

No comments:

Post a Comment