Wednesday, January 28, 2015

ရေကြောင်းဆိုင်ရာပညာရပ်များနှင့် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ သင်ကြားခွင့်ရရှိစေရန် ကမ္ဘာရေကြောင်းတက္ကသိုလ်နှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး


 


ရန်ကုန် ဇန်နဝါရီ ၂၇

 မြန်မာသင်္ဘောသားများ ရေကြောင်းဆိုင်ရာ ပညာရပ်များနှင့် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ အပါအဝင် ရေကြောင်းဘက်ဆိုင်ရာ ဘာသာရပ်များ သင်ကြားခွင့်ရရှိစေမည့် အခွင့် အရေးတစ်ရပ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တစ်ခုတည်းသော ရေကြောင်းတက္ကသိုလ်ဖြစ်သည့် ကမ္ဘာ့ရေကြောင်း တက္ကသိုလ်နှင့် မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနတို့ ဇန်နဝါရီ ၂၇ ရက်နံနက်က ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ရေကြောင်းနှင့် သက်ဆိုင်သော ပညာရပ်များ ပြုစုသင်ကြားရေးနှင့် သုတေသနလုပ်ငန်းများ၏ ဗဟိုပြုရာဖြစ်ပြီး ရေကြောင်းနှင့် သက်ဆိုင်သော မဟာဘွဲ့နှင့် ပါရဂူဘွဲ့ပညာရှင်များ မွေးထုတ်ရာဖြစ်သည့် ကမ္ဘာ့ ရေကြောင်းတက္ကသိုလ်နှင့် နားလည်မှု စာချွန်လွှာရေးထိုးနိုင်ခဲ့သည့်အတွက် သင်္ဘောသားမွေးထုတ်ရာ နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအတွက် ကောင်းမွန်သော အခွင့်အရေးကောင်း တစ်ခုဖြစ်သည်ဟု အဆိုပါအခမ်း အနားမှ သိရသည်။ နားလည်မှု စာချွန်လွှာကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၏ ရှေ့မှောက်တွင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဦး၊ ကမ္ဘာ့ ရေကြောင်းတက္ကသိုလ် ပါမောက္ခချုပ် Mr. Neil Bellefontaine တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

''နားလည်မှု စာချွန်လွှာရဲ့ သက်တမ်း ငါးနှစ်တာအတွင်းမှာ မြန်မာပညာသင်နဲ့ ကျောင်းသားများကို ရေကြောင်းဘက်ဆိုင်ရာ ပညာရပ်တွေ၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေး၊ ရေယာဉ်များ မောင်းနှင်ခုတ်မောင်းခြင်းဆိုင်ရာ နည်းပညာ များနဲ့ ရေကြောင်းလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ စီမံခန့်ခွဲခြင်းပညာရပ်များကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ရေကြောင်းတက္ကသိုလ်က ဖွင့်လှစ်သင်ကြားနေတဲ့ ဘွဲ့ကြိုနဲ့ ဘွဲ့လွန် သင်တန်းများကို ပညာသင်ကြားခွင့်တွေ၊ ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူအဆင့် သင်တန်းတွေ၊ အီလက်ထရွန်နစ်စနစ်နဲ့ အဝေးက တိုက်ရိုက်သင်ကြားတဲ့စနစ်တွေ၊ လေ့လာသင်ကြားရေးစနစ် စီမံခန့်ခွဲ ခြင်းနဲ့ လေ့ကျင့်သင်ကြားရေးစနစ် ဖြန့်ဝေဖလှယ်ခြင်းတို့ကို ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ အဓိကအချက် တစ်ခုအနေနဲ့ကတော့ မြန်မာကျောင်းသားများနဲ့ မြန်မာ့ရေကြောင်း ဘက်ဆိုင်ရာ အတတ်ပညာသင် ကျောင်းများအတွက် ကမ္ဘာ့ရေကြောင်းတက္ကသိုလ်က သင်ကြားပေးမယ့် အစီအစဉ်တစ်ခုတည်ထောင် ခြင်းဖြင့် ကမ္ဘာ့ရေကြောင်းကဏ္ဍမှာ မြန်မာရဲ့ပါဝင်မှုကို တိုးမြှင့်သွားဖို့ပဲ ဖြစ်ပါတယ်'' ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဦးက ပြောသည်။

နားလည်မှု စာချွန်လွှာအရ လေ့ကျင့်သင်ကြားရေးကဏ္ဍအပြင် အသုံးချနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သော သုတေသနလုပ်ငန်းများ၊ ရေကြောင်းဘက်ဆိုင်ရာ ပညာရေး၊ အန္တရာယ်ကင်းရှင်းရေး၊ ဆီယိုဖိတ်မှု ကာကွယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်မှ ချမှတ်ထားသော စည်းမျဉ်းများ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

ကမ္ဘာ့ရေကြောင်းတက္ကသိုလ်သည် ဆွီဒင်နိုင်ငံ မားလ်မိုးမြို့တွင်တည်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒါလယန်း နှင့် ရှန်ဟိုင်းမြို့တို့ရှိ ရေကြောင်း တက္ကသိုလ်များနှင့်လည်း သဘောတူ စာချုပ်အရပူးတွဲ၍ မဟာဘွဲ့သင်ကြား ပို့ချပေးလျက်ရှိသည်။ လက်ရှိအချိန်အထိ ကမ္ဘာ့ရေကြောင်းသွားလာမှုနှင့် ဆက်စပ်နေသော ဘေးကင်းရေး၊ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကာကွယ်ရေးတို့နှင့် သက်ဆိုင်သော ပညာရှင်ပေါင်း ၄ဝဝဝ ကျော်ကို နိုင်ငံပေါင်း ၁၆၅ နိုင်ငံမှ မွေးထုတ်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံမှလည်း ကမ္ဘာ့ရေကြောင်း တက္ကသိုလ်၏ မဟာဘွဲ့ရပညာရှင် ၄၆ ဦး လက်ရှိရေကြောင်းနှင့် သက်ဆိုင်သော ကဏ္ဍများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

(ဝဝ၁)

No comments:

Post a Comment