Thursday, January 29, 2015

မန်စီးတီးနှင့်ပွဲတွင် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဖာဘရီဂက်စ် လွဲချော်ဖွယ်ရှိ



 


ကက်ပီတယ်ဝမ်းအကြိုဗိုလ်လုပွဲဒုတိယအကျော့ပွဲစဉ်အဖြစ် ချယ်လ်ဆီးနှင့် လီဗာပူးတို့ကစားခဲ့သော ပွဲစဉ်တွင် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဖာဘရီဂက်စ် သည် နောက်ခံလူ ဂျွန်တယ်ရီနှင့်တိုက်မိပြီး တကောက်ကြောဒဏ်ရာရရှိခဲ့ရာ ဇန်နဝါရီ ၃၁ ရက်တွင် ကစားမည့် မန်စီးတီးနှင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိသည်ဟု ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားခဲ့သည်။ ယင်းပွဲစဉ်တွင် ပွဲချိန် ၉၄ မိနစ်တွင် အိုင်ဗန်နိုဗစ်၏ တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးဖြင့် အနိုင်ရကာ နှစ်ကျော့ပေါင်း နှစ်ဂိုး-တစ်ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

မော်ရင်ဟိုအနေဖြင့် လာမည့် ဇန်နဝါရီ ၃၁ ရက်တွင် မန်စီးတီးနှင့်ကစားမည့် ပရီမီယာလိဂ်ပွဲစဉ်တွင် ဖာဘရီဂက်စ်၏နေရာတွင် ရာမီရက်စ်ကို အစားထိုး ကစားစေရန် ဆုံးဖြတ်ထားပြီး နောက်ခံလူ ဖီးလစ်ပီလူးဝစ်ကလည်း ခြေသလုံး ဒဏ်ရာကြောင့် ပါဝင်နိုင်ဖွယ်မရှိရာ ဒုတိယနေရာမှ မန်စီးတီးနှင့် ၅ မှတ်ကွာဟ နေမှုကို ဆက်လက်ထိန်းထားနိုင်ရန် ကစားကွက် ပြောင်းလဲအသုံးပြုဖွယ်ရှိသည်။

ထို့ပြင် လီဗာပူးနှင့်ပွဲစဉ်တွင် တိုက်စစ်မှူး ဒီယေဂိုကော်စတာက ဒီမရာကင် နှင့် မာတင်စကာတယ်တို့ကို ခြေဖြင့်နင်းခဲ့ရာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိသည်။ မော်ရင်ဟိုက ''အခုဆို ဖီလစ်ပီက ခြေသလုံး ဒဏ်ရာရရှိနေသလို ဖာဘရီဂက်စ်ကလည်း တကောက်ကြောဒဏ်ရာရနေပြီ။ ဖာဘရီဂက်စ်က သူ တယ်ရီနဲ့တိုက်မိမိချင်း ဘာမှဒဏ်ရာမရဘူးလို့ ကျွန်တော့် ကိုပြောခဲ့တယ်။ ဒါပေမယ့် သူခဏလောက်ပဲဆက်ကစားနိုင်ခဲ့တယ်''ဟု ပြော ကြားခဲ့သည်။

ဖာဘရီဂက်စ်သည် ယခုနှစ် ပရီမီယာလိဂ်ပြိုင်ပွဲတွင် စုစုပေါင်း ၂၁ ပွဲ ဝင်ရောက်ကစားထားပြီး နှစ်ဂိုးသွင်းယူထားကာ ဂိုးရရှိရန် ၁၅ ကြိမ်အထိ ပံ့ပိုးပေးနိုင်ခဲ့သည်။ ၎င်းသည် အာဆင်နယ်တွင် ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ လည်းကောင်း၊ ဘာစီလိုနာအသင်းတွင် ၂ဝ၁၁ မှ ၂ဝ၁၄ ထိလည်းကောင်း ကစားခဲ့ပြီး ယခုနှစ် ဘောလုံးရာသီတွင် ဘာစီလိုနာမှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ကြေး ယူရို ၃၃ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ကာ ချယ်လ်ဆီးကွင်းလယ်တွင် အထူးခြေစွမ်းပြသနေသူဖြစ်သည်။

No comments:

Post a Comment