Wednesday, January 28, 2015

ရာဇဂြိုဟ်ဆည်ပင်မတမံချောင်းပတ်ခြင်းနှင့် ဓာတ်အားပေးရုံတည်ဆောက်ခြင်းလုပ်ငန်းများစတင်




ကလေး ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ မြောက်ဘက်တွင် တည်ဆောက်နေသော ရာဇဂြိုဟ်ဆည်၏ နောက်ဆုံးလုပ်ငန်းများဖြစ်သော ပင်မတမံချောင်းပိတ်ခြင်း လုပ်ငန်းများနှင့် ဓာတ်အားပေးစက်ရုံ သံပိုက်လုံးသွယ်တန်းခြင်းလုပ်ငန်းများ ကို အမြန်ဆုံးပြီးစီးရေးအတွက် ၂၄ နာရီ တွဲဆိုင်းများဖြင့် ဒီဇင်ဘာလမှ စတင်ကာ ဆောင်ရွက်နေကြောင်း သိရသည်။

''ပင်မတမံချောင်းပိတ်ခြင်းလုပ်ငန်းနဲ့ ကုန်းကျောတမံ (၁) ပိတ်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်နေပါပြီ။ လုပ်ငန်းကတော့ နှစ်လအတွင်းပြီးစီးမှာ ဖြစ်ပါတယ်။ လုပ်ငန်းတွေကို တစ်ပြိုင်တည်း ပြည်တွင်းကုမ္ပဏီ ရှစ်ခုနဲ့ ပူးပေါင်းပြီးတော့စက်ယန္တယား စုစုပေါင်း ၂ဝဝ နီးပါးနဲ့ ဆောင်ရွက်နေပါတယ်။ ချောင်းပိတ်တဲ့လုပ်ငန်းကတော့ ဖေဖော်ဝါရီလအတွင်းမှာ ပိတ်သွားမှာပါ''ဟု တည်ဆောက်ရေးလုပ်ငန်းမှ ဦးဗညားစိုးက ပြောသည်။

ပင်မတမံချောင်းပိတ်သည့်အခါ ဒေသခံတောင်သူများ အခက်အခဲမရှိစေ ရန် ကြိုတင်ဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ ''ချောင်းပိတ်တဲ့အခါမှာ အနီး အနားမှာရှိတဲ့ တောင်သူတွေကို ကြိုတင်ပြီးတော့ အသိပေးထားပြီးသားပါ။ တာဝန် ရှိသူတွေဆီကိုလည်း စာပို့ထားပြီး ဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ ဒီ အချိန် ချောင်းပိတ်တဲ့အခါလေးမှာ ရေသိပ်မလိုတဲ့ သီးနှံတွေကိုစိုက်ဖို့ နှိုးဆော်ထားပြီးပါပြီ။ ချောင်းရေပိတ်တယ်ဆိုပေမယ့် ချောင်းကလုံးဝရေမရှိဖြစ် သွားမှာမဟုတ်ပါဘူး။ ဒီနေရဉ္ဇရာချောင်းထဲကို ချောင်းမကြီးတွေဖြစ်တဲ့ နန်းစစ်ပေါက်ချောင်း၊ နန်းစစ်ပက်ချောင်း၊ နတ်မြောင်းချောင်းနဲ့ မန်လုံ ချောင်းတွေ စီးဝင်ပါတယ်။ ဆည်ရေစုပြီးလို့ ဇူလိုင်၊ သြဂုတ်ဆိုရင် ရေကို ပုံမှန်စီးဝင်တဲ့ စီးဆင်းနှုန်းအတိုင်း ပြန်လည်လွှတ်ပေးမှာဖြစ်ပါတယ်''ဟု ၄င်း က ဆက်ပြောသည်။

ရာဇဂြိုဟ်ရေလှောင်တမံစီမံကိန်းကို ၂ဝဝ၃-၂ဝဝ၄ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကန်ရေသေ ရေလှောင်ပမာဏ ဧက ပေ ၈ဝဝဝ ရှိမည်ဖြစ်ကာ ကန်ရေပြည့်ရေပြင်အကျယ် ဧရိယာဧက ၉၈ဝ ရှိ မည်ဖြစ်သည်။ မြေသားတမံအမျိုးအစားဖြစ်ပြီး အမြင့် ၁၆၅ ပေ၊ ပင်မတမံ ၄၇၄၅ ပေနှင့် ကုန်းကျောတမံသုံးခု ၈၉၁၅ ပေ စုစုပေါင်း အလျားပေ ၁၃၆၆ဝ ရှိမည်ဖြစ်သည်။ ဆည်၏ရေသောက်စနစ်တွင် တူးမြောင်းမကြီးအနေဖြင့် ၉ မိုင်နှင့် လက်တံမြောင်းများ ၈ ဒသမ ၂၅ မိုင်ရှိမည်ဖြစ်ပြီး ရေပေးဝေနိုင် မည့်ဧရိယာဧက ၈၅ဝဝ ရှိမည်ဖြစ်သည်။ ရေလှောင်တမံပြီးစီးပါ က ရေအား လျှပ်စစ်တပ်ဆင်ပြီး ဓာတ်အား ၂ မဂ္ဂါဝပ် စက်နှစ်လုံးဖြင့် စုစုပေါင်းဓာတ်အား ၄ မဂ္ဂါဝပ် ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရာဇဂြိုဟ်ဆည်ပေါ်ရှိ ကုန်းကျောတမံ(၁)နေရာတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအတွက် တရုတ်နိုင်ငံ CGGC ကုမ္ပဏီနှင့် ကန်ထရိုက် စာချုပ်ချုပ်ဆိုပြီး ရေအားလျှပ်စစ်အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ် ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
 သျှင်နေမင်း

No comments:

Post a Comment