ရန်ကုန် ဇန်နဝါရီ ၂၈
တရားစီရင်မှုနှင့် တရားဥပဒေ စိုးမိုးရေးအကြောင်း
ရိုက်ကူးပုံဖော် ထားသော ''နေရယ် လရယ် အမှန် တရားရယ်'' ကို လာမည့်
ဖေဖော်ဝါရီ ၁၃ ရက်မှ စ၍ အပတ်စဉ်သောကြာနေ့ ည ၉ နာရီတွင်
မြန်မာ့ရုပ်မြင်သံကြားမှ ပြသသွားမည်ဖြစ်ကြောင်း ယနေ့ ဆူးလေရှန်ဂရီလာဟိုတယ်
ကုန်းဘောင်ခန်းမ၌ ပြုလုပ်သော စာနယ်ဇင်းအကြိုပြသမှုနှင့်
သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ ရုပ်မြင်သံကြားဇာတ်လမ်း တွဲသည် လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသော နေ့စဉ်ဘဝကို ထင်ဟပ်ထားပြီး ဥပဒေရေးရာ အကြောင်းအရာများစွာကို ဖော်ပြထားသည်။ မျှတသော တရားစီရင်မှု၏ အပြုသဘောဆောင် လွှမ်းမိုးမှုနှင့် တရားမျှတမှုမရှိခြင်းကြောင့် ဖြစ်ပေါ် လာသော ပဋိပက္ခနှင့် မျှော်လင့်ချက် ပျက်သုဉ်းခြင်းတို့ကို ဇာတ်လမ်းတွဲတွင် မီးမောင်းထိုးပြထားသည်။
''နေရယ် လရယ် အမှန်တရားရယ်'' ဇာတ်လမ်းတွဲကို စိတ်ကူးယဉ် မြို့လေး တစ်မြို့ပေါ်တွင် တည်ဆောက်ထားပြီး ယင်းမြို့လေး၌ အရည်အချင်းရှိသော အမျိုးသမီးရှေ့နေတစ်ဦးဖြစ် သည့် မေနှင်းဆီ(ဆုပန်ထွာ) တည်ထောင်သော ဥပဒေအထောက်အကူ ပြုရုံးတည်ရှိရာ နေရာလည်းဖြစ်သည်။ မေနှင်းဆီသည် တရားမျှတမှုများကို ကိုင်တွယ်ဖြေရှင်းပေးလျက်ရှိပြီး ရဲများ၊ တရားသူကြီးများ၊ တရားရုံးများနှင့် နီးနီးကပ်ကပ်အလုပ်လုပ် နေသူတစ်ဦးဖြစ်ကာ ရပ်ရွာပြည်သူ များထဲမှ ဆင်းရဲနွမ်းပါးသူများကို အကူအညီပေးနေသူဖြစ်သည်။ သူမသည် ဥပဒေအထောက်အကူ၏ အင်အားကို အလွန်ယုံကြည်ကာ တရားမျှတသော လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးနှင့် တရားဥပဒေစိုးမိုး ရေးအပေါ် ယုံကြည်မှုရှိလာစေရန် အားပေးလျက်ရှိသူတစ်ဦးလည်းဖြစ်သည်။ မြန်မာ့ကျေးလက်ကို နောက်ခံအဖြစ်ရိုက်ကူးထားပြီး တရားရုံးနှင့် ရဲဌာနများ၊ လက်ဖက်ရည်ဆိုင်၊ သနပ်ခါးဆိုင်၊ ကျောင်း၊ ဘောလုံး အားကစားကွင်းနှင့် အလုပ်ရုံ၊ ရွာ အစည်းအဝေးများကိုလည်း ထည့်သွင်းရိုက်ကူးထားသည်။
ဇာတ်လမ်းတွဲတွင် လက်ရှိဖြစ်ပျက်နေသော ဥပဒေရေးရာ ပြဿနာများဖြစ်သည့် မြေယာအခွင့်အရေး၊ စက်မှု လုပ်ငန်းများနှင့် ဆက်ဆံရေးအနေအထား၊ လူကုန်ကူးခြင်း၊ အသရေ ဖျက်ခြင်း၊ မှားယွင်းစွာ ထုတ်ပယ်ခြင်းနှင့် လိမ်လည်ခြင်းတို့ကို ကိုင်တွယ်ဖြေရှင်းပုံများအား ပုံဖော်ရိုက်ကူးထားသည်။ အချစ်၊ ဘဝနှင့် သစ္စာဖောက်မှုတို့ကိုလည်း တွေ့မြင်ခံစားကြရမည် ပင်ဖြစ်သည်။
ဇာတ်လမ်းတွဲ၌ အရည်အချင်းရှိ သော အမျိုးသမီးရှေ့နေ မေနှင်းဆီအဖြစ် ဆုပန်ထွာ၊ ရှေ့နေအဖြစ် ဘုန်းသိုက်၊ နေယံ၊ ရဲအရာရှိ အဖြစ် မိုးယံဇွန်၊ ထူးချွန်သည့် ကျောင်းဆရာမအဖြစ် ခင်ဇာခြည်ကျော်တို့ အပါအဝင် မြန်မာသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားသည်။ ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးထားပြီး အန်တီဂရေ့စ်(ခ) ဒေါ်ဆွေဇင်ထိုက်က ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဇာတ်လမ်းတွဲကMyanmar Legal Aid Broadcasting Consortium ဖြစ်သည့် အောင်ကိုလတ် motion pictures? Communication Services Group နှင့်angon Film School ၊ မြန်မာဥပဒေ အထောက်အကူပြုကွန်ရက(MLAW)၊ ပျိုးပင်အစီအစဉ်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတို့ ပူးပေါင်းကာ ထုတ်လုပ်ထားခြင်းဖြစ်သည်။
မြန်မာပြည်သူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို နားလည်သဘော ပေါက်စေရန် ရည်ရွယ်ပြီး ဆင်းရဲ နွမ်းပါးသူများနှင့် ထိခိုက်နစ်နာလွယ် သူများအတွက် ဥပဒေအထောက် အကူပေးနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်ကာ ရိုက်ကူးထုတ်လုပ်ခဲ့ခြင်းဖြစ် သည်ဟုသိရသည်။ ဥပဒေအထောက် အကူဟူသည့် ဝေါဟာရသည် ဆင်းရဲနွမ်းပါးသူများနှင့် အကျိုး ကျေးဇူးမခံစားရသူများအား အခမဲ့ ဥပဒေအကူအညီ၊ အကြံပြုခြင်းနှင့် အမြင်ဖွင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည့် စနစ်များကို ဆိုလိုခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
''ရန်ကုန်အနောက်ပိုင်းခရိုင် ၁၃ မြို့နယ်အတွက်Yangon Justice Center ထူထောင်ပြီး မရှိဆင်းရဲသား တွေအတွက် လိုက်ပါဆောင်ရွက်နေ ပါတယ်။ ခရမ်းရုံးခွဲကိုလည်း ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အတွက် ခရမ်း၊ သုံးခွ၊ သန်လျင်မြို့နယ်တို့အတွက်ဆောင်ရွက် နိုင်ပါမယ်။ လှိုင်သာယာရုံးခွဲကိုလည်း ဖွင့်လှစ်လိုက်ပါပြီ။ နောက်ပြီး ပြည်သူတွေ နားလည်အောင် တည်ဆဲဥပဒေကို အရိုးရှင်းဆုံးရေးသားပြီး ထုတ်ဝေခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲလေးကို ဆောင်ရွက်တဲ့အခါမှာ ၂ဝ၁ဝ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ သွားရောက်လေ့လာခဲ့တာ၊ အိပ်မက် မက်ခဲ့တာတွေဟာ အခု ၂ဝ၁၅ ခုနှစ် မှာ အကောင်အထည်ပေါ်ခဲ့ပါပြီ'' ဟုYangon Justice Center မှ ဦးကျော်မြင့်က ပြောသည်။
ဇာတ်လမ်းတွဲနှင့် ပတ်သက်၍ ဒါရိုက်တာ အောင်ကိုလတ်ကလည်း ''အနုပညာသမားတွေအနေနဲ့ နိုင်ငံတော်အတွက် အနုပညာနဲ့ပဲ ပံ့ပိုးပေး နိုင်ပါတယ်။ ဇာတ်လမ်းတွဲကို အစက မရိုက်ချင်ပေမယ့် ဇာတ်လမ်းကို ဖတ်ကြည့်လိုက်တော့ ရိုက်ကူးချင်စိတ် ပေါက်သွားတယ်။ ညစဉ်ညတိုင်း ပြသနေတဲ့ ရုပ်မြင်သံကြားက ကိုရီးယား ဇာတ်လမ်းတွဲတွေ၊ အိန္ဒိယဇာတ်လမ်း တွဲတွေ အစုံပဲ ညတိုင်းကြည့်နေကြ တာ။ အခု လိုအပ်နေတဲ့ တိုင်းပြည်ကို အကျိုးပြုချင်သော တီဗွီဇာတ်လမ်းတွဲလေး လုပ်ခွင့်ပေးတဲ့ Myanmar Legal Aid Broadcasting Consortium ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဒရမ်မာဇာတ်လမ်းလေးရဲ့ ခေါင်းစဉ်က ''နေရယ် လရယ် အမှန်တရားရယ်''ပေါ့။ နေမသာပါနဲ့ လို့ ပြောလို့မရသလို၊ လသာပေးပါလို့လည်း ပြောလို့မရဘူး။ ဒီလိုပဲ အမှန် တရားမရှိပါနဲ့လို့လည်း ပြောလို့မရ ဘူး'' ဟု အဆိုပါဇာတ်လမ်းတွဲ စာနယ်ဇင်း မိတ်ဆက်ပြသပွဲတွင် ပြောကြားခဲ့သည်။
''နေရယ် လရယ် အမှန်တရားရယ်'' ရုပ်မြင်သံကြား ဇာတ်လမ်းတွဲကို ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ အပတ်စဉ် သောကြာနေ့ ည ၉ နာရီခွဲတွင် မြန်မာ့ရုပ်မြင်သံကြားမှ ပြသသွား မည်ဖြစ်ပြီး အပိုင်း ရှစ်ပိုင်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
(ဝဝ၁)

No comments:
Post a Comment