Thursday, April 9, 2020

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် မကွေးတိုင်းဒေသကြီးမှပါဝင်ဆောင်ရွက်နေသူများနှင့် တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန်ဆွေးနွေး



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
======================================

နေပြည်တော် ဧပြီ ၈
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် မကွေးတိုင်းဒေသကြီးမှ ပါဝင်ဆောင်ရွက်နေသူများ နှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေ များအား အပြန်အလှန်ဆွေးနွေးသည်။
ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် ချောက်မြို့နယ် စလေတိုက်နယ်ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာခင်မာလွင်က စလေတိုက်နယ်ဆေးရုံအောက်ရှိ ရပ်ကွက်၊ ကျေးရွာ များတွင် COVID-19 ကျန်းမာရေးအသိပညာပေးခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများရှိသည့် ကျေးရွာများ၌ ကျန်းမာရေးပညာပေးခြင်း၊ အဖျားတိုင်းခြင်းနှင့် စာစောင်များ ဖြန့်ဝေခြင်း၊ တိုက်နယ်ဆေးရုံနယ်မြေရှိ Community Based Facility Quarantine site (၅)ခု၌ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသည့် ၉၁ ဦးအား သီးခြားစောင့်ကြည့်၍ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းနှင့် ယင်း Quarantine site များတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေ အနေကို လည်းကောင်း၊ ရွှေပါရမီပညာရေးဖောင်ဒေးရှင်း တွဲဖက်အတွင်းရေးမှူး ဦးအေးကိုကိုက “တိုက်ရိုက်ထိ တိုက်ရိုက်တွေ့၊ ပြည်သူမှ ပြည်သူသို့ အစီအစဉ် များဖြစ်သည့်” မကွေးပြည်သူ့ဆေးရုံ၊ မင်းဘူးပြည်သူ့ဆေးရုံနှင့် သင်ကြားရေး ဆေးရုံတို့ရှိ အထူးကြပ်မတ်ဆောင်၌ တာဝန်ကျ ဆရာဝန်၊ ဆရာမ၊ လုံခြုံရေး ဝန်ထမ်းနှင့် Volunteer တို့အား စားသောက်စရိတ်(၃)လစာ ထောက်ပံ့နေမှုနှင့် ရွှေပြည်နန်းကုမ္ပဏီမှ မတည်ပေါင်းစပ်ပြီး အခြားအလှူရှင်များနှင့်အတူ စားသောက်စရိတ်များ ထောက်ပံ့လှူဒါန်းခဲ့မှု၊ Quarantine ဧရိယာရှိ ဝန်ထမ်း များ၏ စားသောက်စရိတ်ကို အလှူရှင် မရှိသည့်နေ့များ၌ တာဝန်ယူလှူဒါန်းခဲ့မှု၊ တိုက်ရိုက်ထိ တိုက်ရိုက်လှူစနစ်ဖြင့် မကွေးပြည်သူ့ဆေးရုံ နား၊ နှာခေါင်း၊ ရောဂါဗေဒဌာနသို့ PPE ဝတ်စုံနှင့် ECG စက်တို့ လှူဒါန်းခဲ့မှု၊ မကွေးပြည်သူ့ ဆေးရုံတွင် ကျွေးမွေးစရိတ် ၁၂ သိန်း လှူဒါန်းခဲ့မှု၊ မင်းဘူးပြည်သူ့ဆေးရုံ၌ အသက်ရှူစက် လှူဒါန်းခဲ့မှု၊ မကွေးမြို့ပေါ်ရှိ လူမှုရေးပရဟိတအသင်းအဖွဲ့များ သို့ PPE ဝတ်စုံများနှင့် Mask များ လှူဒါန်းခဲ့မှု၊ ဧပြီ ၄ ရက်မှစတင်၍ Mask တစ်သောင်းကျော် သီးသန့်ချုပ်၍ မကွေးမြို့ပေါ်ရှိ ပြည်သူများသို့ လှူဒါန်းခဲ့မှု အခြေအနေများကို လည်းကောင်း၊ အောင်လံမြို့နယ် ဗိုလ်လုကုန်းကျေးရွာ အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင့်လွင်က တရုတ်နိုင်ငံစက်ရုံများတွင် ပိတ်မိ နေသော အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာများမှ ရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၁၅၀ ခန့်ကို ချင်းရွှေဟော်မြို့ နယ်စပ်ဂိတ်အထိ သွားရောက်ကြိုဆိုရာ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့မှု၊ ပြန်လည်ရောက်ရှိ လာသော အဆိုပါပြည်တော်ပြန်များကို ဆေးစစ်ခြင်းနှင့် ဗိုလ်လုကုန်းကျေးရွာ အထက(ခွဲ)ရှိ Facility Quarantine Centre ၌ ထားရှိ၍ ကြီးကြပ်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်ပြောကြားရာ တွင် Home Quarantine ကိုလည်း မိမိအနေဖြင့် စိတ်ပူပါကြောင်း၊ ယခုမနက် ဆုံးပါးသွားသူသည် မိသားစုထံမှ ပြန်လည်ကူးစက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ Home Quarantine မှ လာကြသူများသည် ကိုယ့်မိသားစုအပေါ်တွင် တာဝန်ကြီးသွားပြီ ဆိုသည်ကို သဘောပေါက်ကြစေလိုကြောင်း၊ စည်းမျဉ်းစည်းကမ်းနှင့် မနေထိုင် ဘဲ နေချင်သလိုနေမည်ဆိုပါက ကိုယ့်မိသားစုအတွက် အန္တရာယ်ရှိသွားပြီ ဆိုသည်ကို သဘောပေါက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ကိုယ့်မိသားစုမှ တစ်ဆင့် ကိုယ့်ရပ်ကိုယ့်ရွာအတွက်လည်း အန္တရာယ်ရှိသွားပြီဆိုသည်ကို သဘော ပေါက်ရမည်ဖြစ်ပါကြောင်း။
အသိပေးဆော်ဩရန် လိုအပ်
မိမိတို့နိုင်ငံသည် ကျေးရွာနှင့် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံ တိုးတက်မှု ရှိ၊ မရှိကို ကျေးရွာများ တိုးတက်မှု ရှိ၊ မရှိကို ကြည့်ရမည်ဖြစ်ပါကြောင်း၊ လက်ကိုင်အော်လန်များ မရှိသည့် ကျေးရွာများကို မိမိအနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူများ၏ စေတနာအင်အားကြောင့် ဝိုင်းဝန်းလှူဒါန်းကြမည့်သူများ ရှိမည်ဟုထင်ပါ ကြောင်း၊ ယင်းကိစ္စကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် လုပ်ဆောင် ကြရမည်ဖြစ်ပါကြောင်း၊ ကျေးရွာတိုင်း တစ်နေ့လျှင် သုံးကြိမ် COVID-19 နှင့် ပတ်သက်၍ အသိပေးဆော်ဩရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ကျေးရွာတိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက အများတွေ့မြင်နိုင်သည့်နေရာများတွင် COVID-19 နှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေကို ကြေညာပေးစေလိုပါကြောင်း၊ ယင်းမှာသတိပြုရန်ဖြစ်ပါကြောင်း၊ အစိုးရိမ်မလွန်ကြစေလိုပါကြောင်း၊ မိမိ အတွက် စဉ်းစားရာတွင် မိမိအသိုင်းအဝိုင်းအတွက်ပါ စဉ်းစားကြစေလိုကြောင်း၊ အုပ်ချုပ်ရေးအနေဖြင့် တစ်ခါတစ်ရံအမုန်းခံရမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး ဆိုလျှင် အကောင်းမမြင်ကြပါကြောင်း၊ ယင်းမှာ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း အခြေအနေကြောင့် ဖြစ်ပါကြောင်း၊ မှန်မှန်ကန်ကန်ဆောင်ရွက်ပါက ရေရှည်တွင် နားလည်လာမည်ဖြစ်ပါကြောင်း၊ နောင်တွင် ပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးကို ပြည်သူများက “ငါတို့အားကိုးစရာ၊ ငါတို့အတွက် ရှိနေတဲ့အဖွဲ့ ဖြစ်တယ်။ ငါတို့ပြည်သူတွေကို ကာကွယ်ဖို့ အကျိုးဆောင်တဲ့ အဖွဲ့ဖြစ်တယ်” ဆိုတဲ့စိတ်ဓာတ်ဖြစ်အောင် ယခုအချိန်တွင်တန်ဖိုးရှိရှိ အသုံးချစေလိုကြောင်း၊ ပြည်သူများအနေဖြင့် အစိုးရိမ်မလွန်ကြစေရန် အသိပေးရမည်ဖြစ်ပါကြောင်း။
ယခု ရက်သတ္တပတ်အတွင်း၊ နောင်လာမည့် ရက်သတ္တပတ်အတွင်း Quarantineမှ ထွက်လာမည့်သူများအား ပညာပေးရန်နှင့် စည်းကမ်းဖြင့် နေထိုင်ရန်မှာ စိန်ခေါ်မှုဖြစ်မည် ထင်ပါကြောင်း၊ ပြန်လည်ရောက်ရှိလာကြ သူများထဲမှ ရောဂါပါရှိသူများအနေဖြင့် လက္ခဏာပြမည့်အချိန်ဖြစ်ပါကြောင်း၊ ယင်းကိစ္စမှာ ကြောက်စရာကိစ္စ မဟုတ်ပါကြောင်း၊ သတိ၊ စည်းကမ်းဖြင့် ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြင်ဆင်မှု များ ပြည့်ပြည့်စုံစုံ ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ ပရဟိတအဖွဲ့အစည်း များအနေဖြင့်လည်း အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူများအကြား သဟဇာတ ဖြစ်အောင်၊ အစိုးရ၏ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြည်သူများနားလည် အောင် ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ တစ်ဦးချင်း တစ်ဦးချင်း မိမိတာဝန်ကို မိမိကျေပွန်အောင် ဆောင်ရွက်သွားမည်ဆိုပါက ယခု COVID-19 ရောဂါစိန်ခေါ်မှု ကြီးကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် ကူညီ ကြရန် လိုအပ်ပါကြောင်း၊ “တစ်ယောက်ကောင်းမှ အားလုံးကောင်းမည်၊ အားလုံးကောင်းမှ တစ်ယောက်ကောင်းမည်” ဆိုသည့် စိတ်ဓာတ်ကို ဆောက် တည်သွားရန် လိုအပ်ပါကြောင်း၊ ယနေ့တွင် မြောက်ဥက္ကလာပဆေးရုံ၌ အသက် (၆၃)နှစ်အရွယ်တစ်ဦး ဆုံးပါးသွားပါကြောင်း၊ ၎င်းမှာ အခြေခံအားဖြင့် သွေးတိုး၊ ဆီးချိုရှိပါကြောင်း၊ ရောဂါအခံရှိသူမှာ ပို၍အန္တရာယ်ရှိပါကြောင်း၊ ထို့ကြောင့် သတိထားကြစေလိုကြောင်း၊ တစ်ဦးတစ်ယောက် ဆုံးပါးခြင်းသည်လည်း မိမိတို့ နိုင်ငံအတွက် ဆုံးရှုံးခြင်းဖြစ်ပါကြောင်း၊ နောင်ထပ်မံ ဆုံးရှုံးမှုမရှိစေရန် အတတ် နိုင်ဆုံး ကူညီဝိုင်းဝန်းကြစေလိုကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment