Thursday, April 9, 2020

ဖြူစင်သည့်မေတ္တာ၊ စေတနာအတောက်ပဆုံးအချိန်




အယ်ဒီတာ့အာဘော်
===============


မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး အခက်ခဲဆုံး ဖြတ်သန်းနေရသော အချိန်ကာလ ဖြစ်သည်။ ထိုခက်ခဲကြမ်းတမ်းမှုကာလတွင်ပင် လူသားများ၏ နှလုံးသား များ၌ မေတ္တာ၊ စေတနာများ ပေါက်ဖွားလာသောကြောင့် အမှောင်အတွင်းမှ အလင်းရောင် အတောက်ပဆုံး လင်းလက်သောကာလဟု ဆိုရမည်ဖြစ်သည်။

ဦးစွာရှေ့ပြေး ထဲထဲဝင်ဝင် ဆောင်ရွက်ပေးကြသည့် မေတ္တာစေတနာရှင် များမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်သည်။ ၎င်းတို့သည် အသက်ဘေးကို အလေးမထားဘဲ ရှေ့တန်းမှ စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်ကြသည့် သူရဲကောင်းများဖြစ်သည်။ ရောဂါဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သောနိုင်ငံများတွင် မိမိတို့၏အသက်ကို စွန့်လွှတ်၍ ပြည်သူများအား ရောဂါဘေးမှ ကာကွယ် ပေးကြသည့် ဆရာဝန်များကို မြင်တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ကျန်းမာရေးဝန်ထမ်းများသည် ရောဂါဘေးဒဏ်ထိခိုက်မှုမခံရသော်လည်း ပြည်သူများ ကပ်ရောဂါဘေးမှ ကျော်လွှားရေးအတွက် နေ့မအားညမနား ထမ်းဆောင်နေကြသည်။

တစ်ချိန်တည်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် မေတ္တာ၊ စေတနာဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေကြ သည့် ရဟန်းရှင်လူပြည်သူလူထုအပေါင်းနှင့် စေတနာသဒ္ဓါတရားထက်သန် စွာဖြင့် လိုအပ်သည်တို့ကို လိုအပ်သည့်နေရာများတွင် ဝိုင်းဝန်း ကူညီလှူဒါန်း ကြသည့် ပြည်သူအပေါင်းတို့၏ မေတ္တာစေတနာများမှာလည်း တန်ဖိုးမဖြတ် နိုင်သော မွန်မြတ်သည့် ကုသိုလ်ကောင်းမှုများပင် ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "အခက်ခဲဆုံးကာလတွေဟာ ဖြူစင်တဲ့မေတ္တာ၊ စေတနာရဲ့အရောင်အတောက်ပဆုံးအချိန် ဖြစ်ပါတယ်။ တတ်နိုင်တဲ့နည်းနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေးမှာ ပါဝင်ပံ့ပိုးကူညီနေတဲ့ ကျွန်မတို့ ပြည်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ မေတ္တာခြုံလို့ လုံပါစေ၊ စေတနာ ဆောင်လို့အောင်ပါစေ"ဟု ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာမှ ဧပြီလ ၇ ရက်နေ့က သတင်းစကားပါးခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာ ကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ လိုအပ်ပါက ဆေးရုံတက်ရောက်ကုသမှု ခံယူနိုင်စေရေး ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ များအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့်ချိတ်ဆက်၍ သတင်းရယူခြင်း၊ အသွားအလာကန့်သတ်ခြင်းလုပ်ငန်း များ ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များ ရရှိနိုင်ရေးအတွက် နေ့စဉ်သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

အရေးကြီးသည့်အချက်မှာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ၊ ပြည်တွင်း၌ ရောဂါနှင့်ပတ်သက်၍ သံသယရှိသူများအား အသွားအလာ ကန့်သတ်၍ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခြင်းသည် မိမိအတွက်သာမက တစ်တိုင်းပြည်လုံးရှိ ပြည်သူများရောဂါကင်းဝေးရေးအတွက် ဆောင်ရွက် ခြင်းဖြစ်သည်ကို သတိချပ်ရမည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ဧပြီလ ၇ ရက်နေ့၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာမှ "Quarantine က ထွက်လာသူတွေ၊ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ ညွှန်ကြားချက်တွေကို မလိုက်နာရင် ရောဂါဖြစ်ဖို့ အန္တရာယ်ကြီး တယ်ဆိုတာ မမေ့ကြပါနဲ့။ COVID-19 စိန်ခေါ်မှုကို တာဝေးအပြေးသမား စိတ်နဲ့ ရင်ဆိုင်ရမှာပါ။ ရေရှည်ရပ်တည်နိုင်ဖို့ အားတွေမွေးရပါမယ်။ တစ်ရက် ချင်း၊ တစ်ရက်ချင်းကို မှန်ကန်တည်ငြိမ်စွာ၊ အင်အားမပြုန်းတီးအောင် သတိနဲ့ဖြတ်သန်းသွားကြဖို့လိုပါမယ်" ဟု အသိပေးထားသည်။


သို့ဖြစ်ရာ အခက်ခဲဆုံးကာလများသည် ဖြူစင်သည့် မေတ္တာ၊ စေတနာ အရောင် အတောက်ပဆုံးအချိန်ဖြစ်၍ ရောဂါကင်းဝေးရေးအတွက် မေတ္တာ၊ စေတနာအပြည့်ဖြင့် တက်တက်ကြွကြွ ညီညီညွတ်ညွတ် ဝိုင်းဝန်း ဆောင် ရွက်ပေးနေချိန်တွင် ပြည်သူလူထုအားလုံးက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ပညာပေးအချက်အလက်များကို တိကျစွာလိုက်နာဆောင် ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment