Thursday, April 9, 2020

ကျောင်းသုံးစာအုပ်များ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ




နေပြည်တော် ဧပြီ ၈

ကျောင်းသုံးစာအုပ်များ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ Video Conferencing ဖြင့် ချိတ်ဆက်ကျင်းပသည်။

၉၀ ရာခိုင်နှုန်းကျော် ပုံနှိပ်ပြီးစီးနေ

ရှေးဦးစွာ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွက် ပညာရေးဝန်ကြီးဌာနက အပ်နှံထားသည့်  ကျောင်းသုံးဖတ်စာအုပ်များနှင့်ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက တာဝန် ယူဆောင်ရွက်လျက်ရှိသည့် စာအုပ်အမှာစာ‌စောင်ရေမှာ လက်ရှိတွင် ၉၀ ရာခိုင်နှုန်းကျော် ပုံနှိပ်ပြီးစီးနေပြီဖြစ်၍ သတ်မှတ်ကာလအတွင်း ပုံနှိပ်ထုတ်လုပ်ဖြန့်ချိနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ပြင်ပပုဂ္ဂလိက ပုံနှိပ်တိုက်များသို့ အပ်နှံဆောင်ရွက်သော ကျောင်းသုံး စာအုပ်များအနက် အများစုမှာ ပြီးစီးအောင် ဆောင်ရွက်နိုင် မည်ဟု သိရှိရသော်လည်း ပုံနှိပ်စက်အချို့က လတ်တလော ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုအခြေအနေကြောင့် ပြီးစီးရန် အခက်အခဲရှိနိုင်သည်ဟု တင်ပြလာခြင်းများအပေါ် စဉ်းစား သုံးသပ်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး အတွက် လိုအပ်သည်များကြိုတင်ညှိနှိုင်း စီစဉ်ဆောင်ရွက် နိုင်ရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ပုံနှိပ်သည့် အရေအတွက်၊ လက်ရှိ ပြီးစီးနေသည့် အရေအတွက်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို လည်းကောင်း၊ ပြင်ပပုဂ္ဂလိက ပုံနှိပ်တိုက်များအနက် သတ်မှတ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည့် ပုံနှိပ်တိုက်များ၊ နှောင့်နှေးနိုင်သည့် ပုံနှိပ်တိုက်များ၏ အခြေ အနေတို့ကို လည်းကောင်း အသေးစိတ်ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လောလောဆယ်အထိ ကျောင်းများဖွင့်ရန် သတ်မှတ်ရက်မှာ ဇွန် ၁ ရက်ဖြစ်ပါ ကြောင်း၊ ကျောင်းသုံးစာအုပ်များကို ပုံနှိပ်ခြင်းနှင့် ဖြန့်ဝေ ခြင်းကို သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် သတ်မှတ်ကာလတွင် ဖြန့်ချိနိုင်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။

ဆွေးနွေးတင်ပြ

ယင်းနောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရေးဆပ် ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီး၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ဒေါက်တာ ဝင်းထွန်းတို့က ကျောင်းသုံးစာအုပ်ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိမှုများ အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်ရန် နည်းလမ်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးကြ သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က နိဂုံးချုပ် အမှာစကားပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment