Monday, March 30, 2020

လူမှုစီးပွား ထိခိုက်မှုနည်းပါးရေးကြိုးပမ်း

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် လူ့အသက်များ ဆုံးရှုံးမှုလျော့ကျစေရေး တစ်ကမ္ဘာလုံး ဝိုင်းဝန်းကြိုးပမ်းအားထုတ်လျက်ရှိသည်။  ကပ်ဘေးရောဂါသည်  အချိန်ကာလ  အတိုင်းအတာတစ်ခုအထိ ကြာမြင့်နိုင်ပြီး တစ်နေ့တွင် ရောဂါအဆုံးသတ်ရပ်တန့်သွားမည် ဖြစ်သည်။ သို့သော် အဆိုပါရောဂါနှင့်ဆက်စပ်၍ ကမ္ဘာ့စီးပွားရေးတစ်ခုလုံး ထိခိုက်မည့် အရေးကို တွေးတောပြင်ဆင်နေရဦးမည် ဖြစ်သည်။
ရောဂါအများဆုံးဖြစ်ပွားသေဆုံးနေသည့် ကမ္ဘာပေါ်ရှိ ချမ်းသာကြွယ်ဝ သော နိုင်ငံများအနေဖြင့်  ရောဂါကြောင့်ပြည်သူများ ထိခိုက်ခံစားရမှုကို ဖြည့်ဆည်းကုစားပေးနိုင်ရေး၊  စီးပွားရေးထိခိုက်မှုကို ရင်ဆိုင်ကျော်လွှား နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဖိဖိစီးစီးဆောင်ရွက်နိုင်သော်လည်း ဥစ္စာဓန မကြွယ်ဝသည့်  နိုင်ငံငယ်များမှာမူ  ရောဂါဖြစ်ပွားမှု   မများသည့်တိုင် လူမှုစီးပွားရိုက်ခတ်မှု၊ ထိခိုက်မှုဒဏ်ကို ပြင်းထန်စွာခံစားရနိုင်သည်။
ယနေ့ကာလ   မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ  ရှစ်ဦးသာရှိသည် ဆိုသော်လည်း  ရောဂါဖြစ်ပွားသေဆုံးမှု  မဖြစ်ပေါ်ရေး၊ မတိုးပွားရေးအတွက် လူထုလှုပ်ရှားမှု  အမျိုးသားရေးအသွင်ဖြင့်  တက်တက်ကြွကြွ  ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိရာ လူတစ်ဦးမှအစ ရောဂါကူးစက်သူ များမလာစေရန် ကြိုတင်ကာကွယ်ရေး၊  လူစုလူဝေးမဖြစ်ရေး   လိုက်နာရမည့်အချက်များ၊ ကန့်သတ်ရမည့်ကိစ္စများကို မဖြစ်မနေလုပ်ဆောင်နေသည်။ 
လူစုလူဝေးမဖြစ်ရန်၊ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာထိတွေ့ခြင်းမရှိရန် ကန့်သတ်မှုများပြုလုပ်ခြင်းသည် တစ်မျိုးသားလုံးအရေးဖြစ်၍   မိမိတို့တစ်ဦး ချင်း    ထိခိုက်နစ်နာမှုများရှိနေသော်လည်း အသိတရားဖြင့် ပူးပေါင်းပါဝင်ကြ ရမည်ဖြစ်သည်။
ဖြစ်ပေါ်လာနိုင်သော လူမှုစီးပွားဘဝ ထိခိုက်မှုများကို နိုင်ငံတော်အစိုးရ အနေဖြင့်   အမျိုးမျိုးအဖုံဖုံ   နည်းလမ်းရှာဖွေစီစဉ်ဆောင်ရွက်ပေးနေပြီး အခြေခံလူတန်းစားပြည်သူများ အလုပ်အကိုင်ထိခိုက်မှုလျော့နည်းစေရေးနှင့်  လုပ်ငန်းငယ်လုပ်ကိုင်သူများ   ထိခိုက်နစ်နာမှုကို   ကုစားနိုင်ရန် ချေးငွေ ထုတ်ပေးရေးအစီအစဉ်များကို   ဆောင်ရွက်နေသည်။   COVID -19  ရောဂါ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး ဆုံးဖြတ်ချက်အရ လတ်တလော စီးပွားရေးထိခိုက်မှုအများဆုံး ခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP  လုပ်ငန်းများ၊  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစား ရမည့်ကဏ္ဍများအဖြစ် သတ်မှတ်ထားသည်။
အဆိုပါဦးစားပေးလုပ်ငန်းများအား ကျပ်ဘီလီယံ ၁၀၀ ကနဦးမတည်၍ COVID-19 Fund ထူထောင်ကာ ချေးငွေများ ထုတ်ချေးပေးရန်ဆုံးဖြတ်ခဲ့ပြီး ချေးငွေကို ဦးစားပေးကုစားရမည့်ကဏ္ဍများတွင် အကျုံးဝင်သည့်စီးပွားရေး လုပ်ငန်းများ၌ အတိုးနှုန်း တစ်ရာခိုင်နှုန်း၊  ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ထုတ်ချေးသွားမည်ဖြစ်သည်။   နိုင်ငံတော်အစိုးရက   ထောက်ပံ့ပေးသည့် ချေးငွေများရရှိရေးအတွက်   သက်ဆိုင်ရာဌာနများတွင်   လျှောက်လွှာများ ထုတ်ယူကာ မတ်လ  ၃၀  ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းရုံးများတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
ကုန်သည်စက်မှုအသင်းချုပ်သည် ပုဂ္ဂလိကကဏ္ဍအားဦးဆောင်၍ နိုင်ငံတော်အစိုးရနှင့်အတူ ရန်ပုံငွေကျပ်ဘီလီယံ ၁၀၀ ကို လုပ်ငန်းကဏ္ဍအလိုက်  အမှန်တကယ်လိုအပ်ပြီး  ရသင့်ရထိုက်သောလုပ်ငန်းများ ချေးငွေရရှိနိုင်ရေး၊  သတ်မှတ်ချက်နှင့်ကိုက်ညီသော လုပ်ငန်းများအား ချေးငွေထုတ်ပေးနိုင်ရေး၊ သတ်မှတ်ကာလအတွင်း ချေးငွေပြန်လည်ပေးဆပ်နိုင်ရေး၊ သက်ဆိုင်ရာအဖွဲ့ အစည်းများအလိုက် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ရာ လုပ်ငန်းရှင်များ ကလည်း  မိမိတို့လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေး၊ ပြည်သူများရောင်းဝယ် ဖောက်ကားလုပ်ကိုင်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ COVID-19 ရောဂါကြောင့် လူမှုစီးပွားထိခိုက်မှုများ ရှိလာ မည်ဖြစ်ရာ နိုင်ငံတော်က ပံ့ပိုးပေးသည့် စီးပွားရေးလုပ်ငန်းများအား ထိထိရောက်ရောက်လုပ်ကိုင်ခြင်းဖြင့် ပြည်သူများအခြေပျက်၊ အနေပျက်မဖြစ်ဘဲ ရောဂါကာကွယ်ရေးဆိုင်ရာအချက်များကို လေးစားလိုက်နာရင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာအောင်              ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။      ။

No comments:

Post a Comment