Saturday, April 18, 2020

ရှေ့နေနှင့် ကျွန်တော်သတင်းထောက်




ဦးဟန်ညွန့် (ဥပဒေ)

နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးက ဘာလဲဆရာ”
“ရှေ့နေနှင့် ကျွန်တော်သတင်းထောက်ပါတဲ့”
“ဒီခေါင်းစဉ်ကို ကြားဖူးသလိုလိုရှိတယ် ဆရာ”
“ကြားဖူးမှာပေါ့၊ ဆရာကြီး လူထုဦးလှရေးခဲ့တဲ့ စာအုပ် အမည်ပဲလေ”
“ ဪ- ဟုတ်သားပဲ”
“ဒါဖြင့်၊ ဖတ်ကြည့်ကြစို့”
ကြိမ်ဖန်များစွာ

ဘယ်နှကြိမ်ပြန်ဖတ်ဖတ် အရသာရှိသည်။ ထပ် ဖတ်ချင်သည်။ မပျင်းရ။ မညည်းငွေ့ရ။ ဆွဲဆောင်သည်။ လက်ကမချချင်။ လူထုဦးလှစကားနှင့်ပြောရလျှင် “ရုပ်မြင်သံကြားသတင်းတွေ ဗီဒီယိုလို ဂျာနယ်လစ်ဇင်း တွေ ပေါ်လာတဲ့အတွက် သတင်းစာဂျာနယ်လစ်တွေဟာ သမိုင်းအမှိုက်ပုံထဲ ရောက်မသွားပါဘူး။ သတင်းထောက် လှမ်းတဲ့အတတ်ပညာဟာ ဆက်လက်ထွန်းကားနေဦးမှာ ပါ” ဟု ကျွန်တော် ရေးပါရစေ။ ထိုစာအုပ်မှာ စာရေးဆရာ သတင်းစာဆရာကြီး လူထုဦးလှ ရေးခဲ့သော “ကျွန်တော် သတင်းထောက်” စာအုပ်ဖြစ်ပေသည်။ ၂၀၁၂ ခုနှစ်တွင် ကြီးပွားရေး စာအုပ်တိုက်က ဒုတိယအကြိမ် ရိုက်နှိပ် ထုတ်ဝေသည်။

စာအုပ်ဝေဖန်ချက်မဟုတ်ပါ

ဤဆောင်းပါးသည် စာအုပ်ဝေဖန်ချက် မဟုတ်ပါ။ ဆရာကြီး လူထုဦးလှ၏ တပည့်တစ်ဦးဖြစ်သော ကျွန်တော့်အနေဖြင့် ဆရာကြီး၏စာအုပ်ကို ဝေဖန်ခြင်းငှာ မစွမ်းသာပါ။ လေ့လာသင်ယူဆည်းပူး၍ ထပ်ဆင့်မျှဝေ ဂါရဝပြုခြင်းမျှသာ ဖြစ်ပါသည်။

သတင်းစာပညာ

သတင်းစာပညာသည် ကျွန်တော်တို့လူငယ်များ အတွက် စွဲမက်ဖွယ်ပညာရပ်ဖြစ်သည်ဟု ယုံကြည်သည်။
သတင်းစာဆရာကြီး လူထုဦးလှက ကျွန်တော်တို့ တိုင်းပြည်မှာ မြန်မာသတင်းစာရယ်လို့ ပီပီသသ ဟန်ကျပန်ကျပေါ်လာတာ မြန်မာသံတော်ဆင့်သတင်းစာ ထုတ်တဲ့ ၁၈၇၁ ခုနှစ်ကမှလို့ ကျွန်တော်ယူဆပါတယ်။ ၁၀၁ နှစ်သာရှိသေးတာပေါ့။ ဒီအထက် ၃၅ နှစ်လောက် အတွင်းမှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာ တချို့ရှိပါတယ်။ မြန်မာဘာသာနဲ့ထုတ်တာလည်း နည်းနည်းပါးပါး ရှိပါတယ်။ ဒါပေမယ့် မြန်မာသံတော်ဆင့် သတင်းစာ၊ မြန်မာသတင်းစာ၊ လောကီသုတပညာ သတင်းစာ၊ ရတနာပုံနေပြည်တော်သတင်းစာ စတဲ့ သတင်းစာတွေ ထွက်လာမှပဲ ပြောလောက်ဆိုလောက် မြန်မာသတင်းစာတွေ ရှိလာတာပဲ။

သတင်းစာနဲ့ နိုင်ငံရေးလှုပ်ရှားတိုးတက်မှုဟာ တွဲနေ ပါတယ်။ ဒါကြောင့် ၁၉၀၆ ခု ဝိုင်အမ်ဘီအေအသင်းများ စပေါ်ပြီးတဲ့နောက် ဂျီစီဘီအေ လှုပ်ရှားမှုတွေနဲ့အတူ မြန်မာသတင်းစာတွေ အင်အားကောင်းလာတာကို တွေ့ရတယ်။ ၁၉၁၁ ခုနှစ်မှာ သူရိယသတင်းစာထွက်လာ တယ်။ ၁၉၁၄ ခုနှစ်မှာ မြန်မာ့အလင်းသတင်းစာ စထုတ် ကြတယ်ဟုရေးပြီး သတင်းစာသမိုင်းကို မိတ်ဆက်ခဲ့သည်။

ထိုခေတ်ထိုအခါ

ထိုခေတ်ထိုအခါက သတင်းထောက်တွေ ဘယ်လို အလုပ်လုပ်ခဲ့ကြပါသလဲ။ ဘယ်လိုစွန့်စွန့်စားစား ကြိုးစား ခဲ့ကြပါသလဲ။ ဒီနေ့လူငယ်တွေ သတင်းထောက်လုပ်ချင်သူ တွေက ဘယ်လို နမူနာယူရမည်လဲ။ စံပြုရမည်လဲ ဆိုသည်ကို လူထုဦးလှက ရေးသားပြခဲ့သည်။ အဆိုပါ သတင်းထောက်ကြီးများမှာ - (၁) ဦးထွန်းဖေ၊ (၂) ဦးမောင်မောင်ခင်၊ (၃) ဦးအမ်ဘိုးချိန်၊ (၄) ဦးသုခ၊ (၅) ဦးလှထွန်းဖြူ၊ (၆)ဦးဘသန်း၊ (၇) မစ္စတာချက်တာဂျီ တို့ဖြစ်ပါသည်။

(၁) ဦးထွန်းဖေ
- ဖဆပလခေတ်က ပြန်ကြားရေးဝန်ကြီး တာဝန် ထမ်းခဲ့သူ

- သို့သော် သတင်းထောက်/ သတင်းစာဆရာ အဖြစ်သာ အသိအမှတ်ပြု

- ၁၉၂၂ ၊ သူရိယသတင်းစာတိုက်သို့ စတင် ရောက်ရှိ ဆူးလေဘုရားလမ်း၊ အမှတ် (၁၁) ဦးမောင်မောင်အုံးခိုင် တိုက်အပေါ်ထပ်မှာရှိ၊

- ဦးတုတ်ကြီးက အယ်ဒီတာချုပ်

- နေ့စား သတင်းထောက် တစ်နေ့ ၃ ကျပ် ရ သည်

- မြန်မာထဲက ရိုက်တာကြေးနန်းသတင်းထောက် ပထမဆုံးလုပ်ခဲ့သူ

- ကြွက်စုတ်ကြီး အခန်းဖွင့်ပြီး မစ္စတာမောရစ် ကောလစ်အကြောင်းနှင့် ၁၉၃၀ ပြည့်နှစ် အခြေ အနေ (ပြည့်တန်ဆာ ပြဿနာ) အကြောင်းရေး ခဲ့သည်။

(၂) ဦးမောင်မောင်ခင်
- ၁၉၂၀၊ သတင်းစာနယ်ထဲဝင်ခဲ့

- ၁၈၉၆၊ စက်တင်ဘာ (၁၃)၊ ပုသိမ်မှာ မွေးဖွား

- ၁၉၄၁၊ မြန်မာ့အလင်းသတင်းစာ၊ အယ်ဒီတာချုပ်

- မောင်းသတင်း (ဒူ ဟူ ဟူ ) နာမည်ကြီးခဲ့

(၃) ဦးအမ်ဘိုးချိန်
- သူရိယသတင်းစာတိုက် သတင်းထောက်၊ သတင်းအယ်ဒီတာ

- လွယ်အိတ်ကြီး ဦးဘလှိုင်က “သတင်းထောက်” ဟူသော အသုံးကို စတင်ခေါ်ခဲ့

- ၁၉၃၁၊ ဇန်နဝါရီ (၁၂) ရက်နေ့မှာ သူရိယ သတင်းစာကို တစ်ချက်လွှတ် ဥပဒေအရ ငွေတစ်သောင်း အာမခံတောင်းတယ်။ အာမခံ တပ်ခိုင်းတာကို ကန့်ကွက်တဲ့အနေနဲ့ ခေါင်းကြီးပိုင်း မရေးဘဲနေတယ်။

(၄) ဦးသုခ

- စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ

- ငယ်စဉ်က သတင်းထောက်

- ၁၉၃၄ ၊ ကျိုက်လတ်၊ သူရိယသတင်းစာတိုက် သတင်းထောက်

- ရှင်းရှင်းနှင့် မြန်မြန် နားလည်အောင်ရေးမှသာ စာဖတ်ပရိသတ် လက်ခံမည်ဟု ယုံကြည်

(၅) ဦးလှထွန်းဖြူ

- ကျွန်တော်တို့ သတင်းစာဆရာ သတင်းထောက် ဆိုတာ နတ်ကတော်တွေလိုပဲ။ နတ်ဆိုင်းသံ ကြားရင် ကချင်တာပဲ။

- မှုခင်းသတင်း အလိုက်ကောင်းတယ်။ နိုင်ငံရေး သတင်းလိုက်တယ်။ ရေးတယ်။ ရခိုင်အမျိုးသား ခေါင်းဆောင်တစ်ဦး။

- မိန်းမခိုးမှု၊ လင်မယားကွာမှုတွေ သဘောကျ တယ်။ ရေးလွန်းလို့ မြန်မာ့အလင်းဟာ ကာမ အလင်းရယ်လို့ အခေါ်ခံလာရတယ်။

- ဆရာစံ ရုံးထုတ်လာတဲ့ ဓာတ်ပုံ မြန်မာ့အလင်း မှာ ဖော်ပြနိုင်ခဲ့တယ်။ ဦးလှထွန်းဖြူ ရေးတဲ့ ဆရာစံ နောက်ဆုံးခရီး သတင်းနာမည်ကြီးပါ တယ်။

(၆) ဦးဘသန်း
- အထက်တန်းသတင်းထောက်၊ ညအယ်ဒီတာ
- သာယာဝတီ ဆရာစံ သတင်းခေါင်းကြီးပိုင်း ရေးသည်
- လူကိုသတ်၍ သေနတ် ငါးလက် ယူသွားပုံ သတင်း

(၇) မစ္စတာ ချက်တာဂျီ
- သတင်းထောက်၊ သတင်းဆရာကြီး တစ်ယောက်
- သတင်းရေးတယ်ဆိုတာ အလေ့အကျင့်ရှိမှ ရတယ်။ ကျွမ်းကျင်မှုလိုတယ်။ အတတ်ပညာ တစ်ခုပဲ။ သတင်းထောက်ဆိုတာ အတွေ့ အကြုံအများကြီးလိုတယ်။

အနှစ်ချုပ်

စာရေးဆရာ သတင်းစာဆရာ လူထုဦးလှ ရေးသား သော ကျွန်တော်သတင်းထောက် စာအုပ်ထဲမှ ကျွန်တော် မှတ်သားမိသမျှ၊ နှစ်ခြိုက်မိသမျှ ကောက်နုတ်တင်ပြခြင်း မျှသာ ဖြစ်ပါသည်။ အနှစ်ချုပ် မှတ်စုသဘော အစီရင် ခံခြင်းမျှသာလည်း ဖြစ်ပါသည်။ အသေးစိတ်ကိုမူ ဖတ်လေ ဖတ်လေ မှတ်သားစရာများ တွေ့ရှိလေလေ ဖြစ်ပါသည်။ ဆရာကြီး လူထုဦးလှ၏ ဝါယမစိုက်ထုတ်မှုကြောင့် တန်ဖိုးကြီးမားလှသော သတင်းထောက်ကြီးများ၏ ဘဝနှင့်အတွေ့အကြုံများကို ယခုကဲ့သို့ စုစုစည်းစည်း မှတ်မှတ်သားသား ဖတ်ရှုရခြင်းလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာသမိုင်း

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌကြီး ဟံသာဝတီ ဦးအုန်းကြိုင် ဖတ်ကြားခဲ့သော မြန်မာနိုင်ငံ သတင်းမီဒီယာသမိုင်းနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်း (ယခု ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး) ဖတ်ကြားခဲ့ သော မြန်မာနိုင်ငံနှင့် နိုင်ငံတကာ သတင်းမီဒီယာများ စာတမ်းများကိုလည်း ယနေ့လူငယ်များ ဖတ်ရှုသင့်ပါ သည်။ ၂၀၁၇ ခုနှစ် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သော မြန်မာ့ သတင်းမီဒီယာသမိုင်း စာတမ်းများ စုစုပေါင်း ၁၂ စောင် ရှိပါသည်။ ဆရာကြီး လူထုဦးလှတို့ ခေတ်ကာလနှင့် ယနေ့ခေတ်ကာလ သတင်းမီဒီယာများ၏ အခန်းကဏ္ဍကို စိတ်ပါဝင်စားသူတိုင်း အဆိုပါစာတမ်းများကို နှိုင်းယှဉ် လေ့လာဆည်းပူးခြင်းဖြင့် သိရှိနိုင်ပါမည်။

နိဂုံး

ဆရာကြီး လူထုဦးလှ၏ “ကျွန်တော်သတင်းထောက်” စာအုပ်ကို ထပ်မံဖတ်ရှုရလေလေ သတင်းမီဒီယာလောက ၏ ထွန်းပြောင်သော အနှစ်သာရများကို ခံစားကြည်နူး ရလေလေ ဖြစ်မိပါကြောင်း . . . ။ ။

No comments:

Post a Comment