Saturday, April 18, 2020

မင်္ဂလာရှိသော နေ့သစ်များကို ဖန်တီးခြင်း

ဆောင်းပါး
=========


ထက်ဝေအောင်(စစ်ကိုင်း)

ခြေလှမ်းများသည် ရှေ့သို့ဦးတည်နေလေ့ရှိပါသည်။ ထို့အတူ အသက်အရွယ်နှင့်အချိန်မှာလည်း တရွေ့ရွေ့ ချီတက်လျက်ရှိပါသည်။ ကုန်ဆုံးသွားသည့်အချိန် ပြန်ရလေ့မရှိပေ။ အစားထိုးမရသည့်ကိစ္စ အစားထိုးရန် စဉ်းစားအားထုတ်ခြင်းသည်လည်း အချည်းနှီး ဖြစ်လေ့ ရှိပါသည်။ လူအချို့က ကံ၊ ဉာဏ်၊ ဝီရိယ အားကောင်း သဖြင့် အောင်မြင်ကြသည်။ စီးပွားရေး၊ လူမှုရေး အဆင် ပြေကြသည်။ အောင်မြင်မှုသည် အရှည်တည်တံ့နေသည့် အရာမဟုတ်သလို ကျရှုံးမှုသည်လည်း အရှည်ဖြစ်ပေါ် နေလိမ့်မည်မဟုတ်ပေ။ အောင်မြင်လိုသူတိုင်း ကြိုးစား ကြသည်။ မိမိအားသန်သည့်နယ်ပယ်ကို ရွေးချယ်လျက် ပျော်ရွှင်မှုကို တည်ဆောက်သည်။ လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့် ဆိုစကားလည်းရှိပေသည်။ လူတိုင်း အောင်မြင်မှုကိုသာ လိုလားသည်။ ကျရှုံးမှုကို မည်သူမျှ မလိုလားကြပေ။ အဆိုပါစိတ်ခံစားချက်သည် လောက သဘာဝ မျက်ကွယ်ပြုခြင်းသဘောသာ ဖြစ်သည်။ ရှုံးနိမ့်မှု၊ ဆုံးရှုံးမှုကို မည်သူမျှ လိုလားကြမည်မဟုတ်ပေ။ သို့သော် ရှုံးနိမ့်မှု၊ ဆုံးရှုံးမှုသည် နေရာတိုင်း၊ လူတိုင်းတွင် အိမ်ဖွဲ့တည်ရှိနေပါသည်။

ပြိုင်လျှင် နိုင်ရမည်ဟူသောစိတ်သည် တစ်ဖက် စောင်းနင်းနိုင်သည်။ ရိုးသားစွာ ယှဉ်ပြိုင်ခြင်းသည် သန့်စင်သောအောင်မြင်မှုဖြစ်ပါသည်။ ကျရှုံးခြင်းကို လည်း ကျေနပ်စွာလက်ခံနိုင်ရမည် ဖြစ်ပါသည်။ ကျရှုံး ခြင်းသည် အများနှင့်ယှဉ်ပြိုင်ရဲသူ၏ သတ္တိရှိသော လုပ်ဆောင်ချက်ကြောင့် ဖြစ်ရသည့် ရလဒ်ဖြစ်သည်။ ပြိုင်ပွဲမဝင်က အနိုင်ရလိမ့်မည်မဟုတ်သလို ပြိုင်ပွဲရလဒ် အရှုံးကိုလည်း ခံစားရလိမ့်မည်မဟုတ်ပေ။ ပြိုင်ပွဲဝင်သူ သည် စစ်မှန်သော အောင်မြင်မှုအတွက် ရဲရင့်သူ ဖြစ် ပါသည်။ ကြိုးစားခြင်း၏ သင်္ကေတလည်းဖြစ်ပါသည်။

သူတစ်ပါးနိုင်လျှင် ပြုံးရဲသူ၊ မုဒိတာပွားနိုင်သူသည် ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်ပါသည်။ ကျေနပ် ဝမ်းသာသည့် သရုပ်ပေါ်လွင်စွာ ပြောရဲဆိုရဲရှိသည်။ ခေါင်းခါ ကျောပေးမနေတတ်ဘဲ ရဲဝံ့စွာ ဦးမော့လျက် စိတ်ကို ငြိမ်းချမ်းစေသည်။ အလုပ်သွား၊ အလုပ်ပြန် စိတ်ရှင်း သည်။ အရှုံးကို တနုံ့နုံ့ခံစားရန် မသင့်ပေ။ နိုင်သူအားလုံး ရှုံးဖူးကြသည်။ ရှုံးသူများလည်း နိုင်ခွင့်တစ်ဖန်ပြန်ရနိုင် သည်ကို သတိမူကြရမည် ဖြစ်ပါသည်။

အတ္တ၊ မာန ခဝါချကြည့်လျှင် နိုင်စိတ်သည်လည်း ကြာရှည်မခံတတ်ပေ။ ခေတ္တခဏဖြင့် ပျောက်ကွယ်သွား လေ့ရှိသည်။ ရှုံးစိတ်သည်လည်း ထို့အတူပင်။ အချို့ စိတ်ဓာတ်ပြင်းထန်သူများသည် ရှုံးစိတ်ကို တမင်တကာ မွေးမြူထားသည်။ ခေါင်းငုံ့လျက် မဖြစ်နိုင်တော့ဘူး ဆိုသော အတွေးများဖြင့် ယှဉ်ပြိုင်စိတ်ကို ရပ်တန့်ပစ်လေ့ ရှိသည်။ စိတ်ကို စိတ်ဖြင့် တိုက်ခိုက်လျက် အမှန်တကယ် လုပ်ဆောင်ရမည့် လုပ်ငန်းများကို ကျောခိုင်းသွားသည်။ အချို့မှာ ကြိုးစားလိုစိတ်ရှိသည်။ ပင်ကိုဗီဇ ထက်မြက် သူလည်းဖြစ်သည်။ သို့သော် တစ်ပွဲနိုင် အနိုင်ပိုင်း၍ အနားယူသူများလည်း ရှိသည်။ မိမိ၏ အရည်အသွေးကို အချိန်မလပ် ဖော်ထုတ်နေသင့်ပေသည်။ ဓားထက် လိုလျှင် သွေးပေးရသည်။ မိမိ၏အရည်အသွေး ပိုမို အားကောင်းလိုလျှင် ကြိုးစားအားထုတ်ရသည်။

မရိုးသားမှုသည် ရေရှည်မတည်တံ့ပေ။ လိပ်ပြာ လည်း မလုံပေ။ မိမိ၏ အရည်အချင်းသည် မိမိ၏ အမည် နှင့် ယှဉ်တွဲနေလေ့ရှိသည်။ ရိုးသားမှုသည် သမိုင်းကြောင်း လှပစေသည်။ မရိုးသားသော အသက်မွေးဝမ်းကျောင်းမှု ဖြင့်ရှင်သန်ခြင်းသည် အဓိပ္ပာယ်မဲ့လွန်းလှပေသည်။ စားသည့် အစာ၊ တွေးသည့်အတွေး မဖြူစင်နိုင်ပေ။ မိမိလုပ်ဆောင်ရမည့်အလုပ်ကို အားပျော့အောင်ပြုလုပ် သူမှာ မိမိသာဖြစ်ပါသည်။ မရိုးသားသောစိတ်ကို တာရှည်ခံ အောင် မမွေးမြူသင့်ပေ။ အဆိုပါစိတ်ကို အဖန်ဖန် မလေ့ ကျင့်ဘဲ ရောင့်ရဲလိုစိတ်ရှိမှသာလျှင် မိမိစိတ်မှာ အေးချမ်း နေမည် ဖြစ်ပါသည်။

ပြိုင်ပွဲတစ်ခုသည်လည်း ရိုးရှင်းရလေ့ရှိပါသည်။ လူနှင့်မရွေး၊ မူနှင့်ရွေးသည် ဖြစ်ရပါမည်။ ယှဉ်ပြိုင်သူများကို လေးစားရပါမည်။ တောင်ပင်လျှင် အနိမ့်၊အမြင့်ရှိပေသည်။ မြစ်မှန်လျှင် အကွေ့အကောက်ရှိသည်။ လူသည်လည်း မျှတသူ၊ ဘက်လိုက်သူရှိနိုင်သည်။ ကိုယ့်အမျိုးအဆွေကို တိုးချစ်သည့်စိတ်ရှိသည်။ နိုင်ချင်းနိုင် ကိုယ့်လူသာနိုင်စေချင် သည်။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် ဆိုစကားလည်း ရှိပေသည်။ ပြိုင်ပွဲသည် စစ်မှန်သူ၊ ထိုက်တန်သူ၊ ထူးချွန်သူ ကို ရွေးချယ်ပေးသော အလုပ်ဖြစ်ပါသည်။စစ်မှန်သော ရွေးချယ်မှုဖြင့် ပြိုင်ပွဲတစ်ခု၏ဂုဏ်ကို မြှင့်တင်ရပါသည်။

ရပ်ကွက်အတွင်းမှ ပျော်ပွဲရွှင်ပွဲ လွတ်လပ်ရေး ပြိုင်ပွဲများကို လေ့လာကြည့်လျှင် ပြိုင်လျှင် အနိုင်ရမှဆိုသူက များပြားသည်။ အပျော်ပြိုင်ပွဲဖြစ်လင့်ကစား အကြိတ် အနယ်ယှဉ်ပြိုင်ကြသည်။ တစ်ပွဲရှုံးလျှင် နောက်တစ်ပွဲတွင် ဝင်နွှဲကြသည်။ ရလဒ်မှာ ပျော်ရွှင်ခြင်းအစား မခံရပ်နိုင်သော အရှုံး ကိုယ်လက်နာကျင်ကိုက်ခဲမှုသာရလိုက်သည်။

အရည်အချင်းရှိလျှင် ပြိုင်ပွဲဝင်နိုင်သည်။ ပြိုင်ပွဲ ရလဒ်မှာအနိုင်မရလျှင် မိမိညံ့ခြင်းကြောင့်မဟုတ်ဘဲ ပြိုင်ပွဲ စည်းကမ်းအရ သူတစ်ပါးက နှာတစ်ဖျားသာ အမှတ်အနည်း အများဖြင့် အနိုင်ရခြင်းလည်းဖြစ်နိုင်သည်။ သို့မှသာ စိတ်ဓာတ်မကျ၊ သက်သောင့်သက်သာရှိစေမည်ဖြစ်သည်။ အားမတန်၍ မာန်လျှော့လိုက်ရသည်ဟုလည်း မတွေးရန် လိုသည်။ တစ်နေ့ ညင်သာစွာ အနိုင်ရရှိနိုင်သည်။ နိုင်သည့် အခါ မာန်မတက်ရန်သာ လိုအပ်သည်။ အမြဲမနိုင်နိုင်သလို အမြဲတမ်းမရှုံးနိုင်သည်ကို သတိပြုရပါမည်။
အနိုင်ရလိုမှုသည် ဓမ္မဘက်မှကြည့်လျှင် ပူလောင်လှ ပါသည်။ အနိုင်ရသဖြင့် ဖြစ်ရသောစိတ်သည် မိမိအောင်မြင် ပြီဟု အထင်ရှိသည်။ အောင်မြင်ပြီဟု အထင်ရှိသောလူ၏ စိတ်သည်လည်း အနည်းငယ်မြင့်တက်နေတတ်သည်။ ငါလုပ်လျှင် ဖြစ်သည်ဟု တထစ်ချယုံကြည်သည်။ ယုံကြည်ချက်ဖြင့် တည်ဆောက်ရသည့် အခြေအနေများ လည်းရှိပါသည်။ ယုံကြည်မှုမလွန်ကဲရန်သာ လိုအပ် ပါသည်။ အမြင့်ရောက်သူတိုင်း အချိန်တန်လျှင် ပြန်ဆင်းရ လေ့ရှိသည်မှာ လောကဓမ္မတာ ဖြစ်ပါသည်။ အခြေအနေ နှင့် အချိန်အခါအလိုက် လိုက်လျောညီထွေရှိသောစိတ်သည် သာ ငြိမ်းချမ်းသည်ကို တွေ့ရပါသည်။

မနေနိုင်သဖြင့် ပြိုင်ပွဲဝင်လိုသူသည် မိမိဘက်မှ အကောင်းဆုံးပြင်ဆင်ရမည်။ လိုအပ်ချက် ရှိကောင်းရှိ နိုင်သော်လည်း အကောင်းဆုံးဖန်တီးရပေမည်။ ပြိုင်ပွဲရလဒ် အတွက် အကောင်းဆုံးပြင်ဆင်နိုင်သူလည်းဖြစ်သင့်သည်။ မိမိအကောင်းဆုံးလုပ်ပြီးကြောင်း မိမိစိတ်ကအသိ ဆုံးဖြစ်ပါသည်။ သူကငါ့ထက်သာသွားပြီဆိုသော အထင် က မိမိစိတ်ကို ပူလောင်စေသည်။ ပြိုင်ပွဲသည် ထူးချွန်သူ ကို လက်ညှိုးညွှန်ပြခြင်းသာ ဖြစ်သည်။ မိမိမဟုတ် သူတစ်ပါးဖြစ်လျှင် မိမိက ကျေနပ်ရပါမည်။

မုဒိတာစိတ်ဖြင့် ချီးကျူးစကားဆိုနိုင်ရပါမည်။ အဆိုပါစိတ်သည် လွန်စွာ အေးချမ်းသည်။ အနိုင်ရခြင်းထက်ပင် ပို၍နေထိုင် ကောင်းစေသည်။
လူဖြစ်ခြင်းကြောင့် လူ့ကိစ္စ၊ လူ့တာဝန်များ ကျေပွန်ကြရပါမည်။ ကောင်းသော အသက်မွေးခြင်းဖြင့် စီးပွားရှာရသည်။ သူတစ်ပါးပျက်စီးရာပျက်စီးကြောင်း မကြံမစည်၊ မပြောမဆိုဖြင့် ကိုယ့်စီးပွားကိုယ်ရှာရပေသည်။ စိတ်ချမ်းသာသောနည်းလမ်းများအတိုင်း ကျင့်ကြံလျက် ဘဝကို အေးချမ်းစွာဖြတ်သန်းကြရပါသည်။ ဘဝနေချိန် ကာလ အချိန်ပိုင်းမျှသာဖြစ်ပါသည်။ အဓိပ္ပာယ်ရှိသော အလုပ်ကိုလုပ်ဆောင်ပြီး စိတ်ချမ်းသာမှုကို အရယူရပါ မည်။ မင်္ဂလာရှိသော နေ့သစ်များကို ကိုယ်တိုင်ဖန်တီးရ လေ့ရှိပါသည်။ ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာလေ့ ရှိသည်။ ငြိမ်းအေးသောဘဝကို ကုသိုလ်တရားဖြင့် တည်ဆောက်ပြီး အပျက်အစီး၊ အဖျက်လောကဓံကို ကြံ့ကြံ့ခံနိုင်ရည်ရှိအောင် ကြိုးစားနိုင်မှသာ လူဖြစ်ကျိုး နပ်မည်ဖြစ်ပါသည်။

စိတ်ဓာတ်ကျဆင်းနေသူများ စိတ်ထွက်ပေါက်ရှာ ကြလေ့ရှိသည်။ စိတ်ဓာတ်ကျဆင်းမှု အနိမ့်အမြင့် အခြေ အနေအလိုက် စိတ်ဆင်းရဲမှု အကြီးအသေးကွာဟ နိုင်သည်။ စိတ်သည် အကျဘက်ရောက်လျှင် နေထိုင်ရ သည့်ဘဝကိုပင် ငြီးငွေ့လာလေ့ရှိသည်။ အမှန်တကယ် စိတ်ကျသူတိုင်း မိမိဘဝကို မကျေမနပ်ဖြစ်ကြသည်။ လွတ်လပ်သောစိတ်များပျောက်ဆုံးပြီး ရှင်သန်နေသော ဘဝကြီးကို အဆုံးသတ်ချင်စိတ် ဝင်လာတတ်သည်။ ထိုအတွေးစိတ်များသည် မှားယွင်းနေပါသည်။ ဘဝကို တိုက်ပွဲတစ်ခု၊ ပြိုင်ပွဲတစ်ခုအဖြစ် ရှုမြင်ကြရပါသည်။ တိုက်ပွဲသည် မိမိလူအများ အထိမနာအောင် ကြိုးစားပြီး နိုင်အောင်တိုက်ရလေ့ရှိသည်။ ထို့အတူ ပြိုင်ပွဲမှာလည်း အနိုင်နွှဲရသည်။ နိုင်လျှင် ဆက်လက်ကြိုးစားအားထုတ် ရမည်။ ရှုံးလျှင် ပိုမိုကြိုးစားရမည့် အတွေးအမြင်များဖြင့် ဘဝခရီးကို ရှေ့ဆက်ကြရပါမည်။ ဘဝခွန်အားသည် မိမိစိတ်အတွင်း၌သာ တည်နေပါသည်။

ဘဝခရီးလမ်းတွင် စိတ်ဆင်းရဲသူများကို လေ့လာ ကြည့်လျှင် လမ်းမလျှောက်ချင်သူသာ လမ်းပျောက်ရစမြဲ ဖြစ်ပါသည်။ လမ်းလျှောက်သူတိုင်း ခရီးတွင်နိုင်သည်။ ရေလိုက်လွဲလျက် ဘဝကိုမတည်ဆောက်သင့်ပေ။ မူးယစ်ဆေးကို ရှောင်ရှားရမည်။ အကြွေးကင်းအောင် နေထိုင်ရမည်။ ဘဝရှင်သန်ရပ်တည်ရေးအတွက် ဝင်ငွေ ရသော အလုပ်တစ်ခုခုလုပ်ရမည်။ ဝတ်စားဆင်ယင် နေထိုင်ရေးကိစ္စများ ရောင့်ရဲမှုကို အခြေခံထားရမည်။ စိတ်ကို ချုပ်ထိန်းလွန်းခြင်းမဟုတ်ဘဲ၊ အတားအဆီး အခက်အခဲများကို မဖိတ်ခေါ်ဘဲ နေထိုင်ပါက စိတ်အေး ချမ်းမှုရရှိနိုင်သည်။ စိတ်အေးချမ်းမှုသည် ငွေဖြင့် မဝယ်ယူနိုင်ပေ။ ရာထူးဖြင့်လည်း မတည်ဆောက်နိုင်ပေ။ စိတ်ကိုချမ်းသာအောင်ထားခြင်းဖြင့်သာ စိတ်အေးချမ်းမှု ရရှိနိုင်သည်။ ပူလောင်သောအတွေးများ မတွေး တောရန်လည်း လိုအပ်သည်။ မရောက်သေးသည့် အနာ ဂတ်ကို မြော်တွေးလျက် စိတ်ပူပန်မှုကို ဖျောက်ပစ်ရပါ မည်။ စိတ်ပူပန်မှုကို ဖြစ်ပေါ်စေသည့် အတွေးများကို ချက်ချင်းလက်ငင်း မောင်းထုတ်ပစ်ရန်လိုအပ်သည်။ မိမိမတွေးလျှင် လွန်စွာငြိမ်းချမ်းပါသည်။ အတွေးဆိုးများ ကြောင့် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ရသည်ကို သတိပြု ကြည့်က သိနိုင်ပါသည်။
သို့ဖြစ်ရာ စိတ်ဆင်းရဲမှုများဖြင့် ဘဝကိုမတည် ဆောက်ဘဲ အေးချမ်းသောစိတ်ဖြင့် နေထိုင်ရန်လိုအပ် လှပါသည်။ အလုပ်ဖြစ်အောင်လည်း ကြိုးစားရမည်။ အလွဲလွဲအချော်ချော် အလုပ်မဖြစ်ခဲ့ပါက မိမိကိုယ်ကို အပြစ်မဖို့ဘဲ ပြန်လည်ထူထောင်ရေးစိတ်ဓာတ်ဖြင့် မြှင့်တင်ရပါသည်။



ကံအမြဲမဆိုးနိုင်သလို ကံအမြဲလည်း မကောင်းနိုင်ပေ။ လောကဓံသဘောတရားများကို နှလုံးသွင်းမှန်မှန်ဖြင့် နေထိုင်သွားရန်သာလိုပါသည်။ ကံနှင့် ဉာဏ်ယှဉ်တွဲအသုံးပြုပြီး အေးချမ်းသော ဘဝများ တည်ဆောက်နိုင်ကြောင်း ရည်မြော်တွေး လျက် “မင်္ဂလာ ရှိသောနေ့သစ်များကို ဖန်တီးခြင်း” အတွေးအမြင် ဆောင်းပါးဖြင့် တိုက်တွန်းရေးသားလိုက် ရပါသည်။ ။

1 comment:

  1. The Casino App & Bonus Code: JTG - KT Hub
    JTG mobile app is available 익산 출장안마 for download through Google Play. It 보령 출장마사지 is available for both Android and 영주 출장샵 Apple iOS devices. 수원 출장안마 We use cookies 의왕 출장샵 for our business and

    ReplyDelete