Saturday, April 25, 2020

ပိုသည်မရှိ ထိုသတိဖြင့် အကောင်းဆုံးမျှော်လင့်

အယ်ဒီတာ့အာဘော်
===============


မြန်မာနိုင်ငံရှိ နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုမှ မြို့နယ်ပေါင်း ၃၉ မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိထားပြီဖြစ်သည်။ အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၂၅ မြို့နယ်၊ ရှမ်းပြည်နယ်မှ လေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ နှစ်မြို့နယ်စီ၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် နေပြည်တော်တို့တွင် တစ်မြို့နယ်စီတို့ ဖြစ်သည်။

မတ်လ ၂၃ ရက်နေ့တွင် လူနှစ်ဦးမှစတင်ခဲ့ရာ တစ်လပြည့်ပြီး ဧပြီလ ၂၄ ရက်နေ့အထိ ကူးစက်ခံရသူ ၁၄၄ ဦး ရှိလာသည်။ ရောဂါကူးစက်ခံရမှု တစ်နေ့ထက်တစ်နေ့ တိုးတက်လာရာတွင် ကျန်းမာရေးဝန်ထမ်းများ နှင့် ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိသူများပါ ပါဝင်လာရာ မြန်မာပြည်မှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သတိထားကြရမည်မှာ ပိုသည်မရှိ အကောင်းဆုံးမျှော်လင့်၍ အကောင်းဆုံးပြင်ဆင်လိုက်နာ လုပ်ဆောင်ကြရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးဗဟိုကော်မတီက ထုတ်ပြန် ထားသည့် စည်းမျဉ်း၊ ညွှန်ကြားချက်များကို ဧပြီလ ၃၀ ရက်နေ့အထိ သတ်မှတ်ထားသော်လည်း လက်ရှိရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေအရ မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ယခုထက် ပိုမို လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိသာပေသည်။ မြန်မြန်ဆန်ဆန် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်လျှင် ပြည်သူများအတွက် မြန်မြန်ဆန်ဆန် အကျိုးရှိမည့်အရေးကို သိရှိနေသော်လည်း ရောဂါဖြစ်ပွားမှု ဆက်လက် မြင့်မားနေသဖြင့် အချိန်ထပ်မံတိုးမြှင့်ရသည်ကို နားလည်ရမည်ဖြစ်သည်။

ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ညွှန်ကြားချက်များကို ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်မှုအားနည်းလျှင် ရောဂါဖြစ်ပွားမှု တစ်နေ့ထက်တစ်နေ့ များပြားလာပြီး ထိန်းချုပ်ဆောင်ရွက်မှုကာလလည်း ထပ်မံတိုးမြှင့်ခြင်း ပြုလုပ်နိုင်သည်ကို သတိမူရမည်ဖြစ်သည်။ ပြည်သူများ အတွက် အဓိကလိုအပ်ချက်မှာ ရောဂါဖြစ်ပွားမှုရပ်တန့်ပြီး အလုပ်အကိုင်များ ပုံမှန်ပြန်လည် လည်ပတ်လုပ်ကိုင်နိုင်ရေးဖြစ်သည်။ ရောဂါဖြစ်ပွားမှုရပ်တန့် မှ အလုပ်အကိုင်လည်ပတ်မှုအဆင်ပြေပြီး လူမှုစီးပွားထိခိုက်နစ်နာမှုများ လျော့နည်းသွားမည်ဖြစ်သည်။

ယခုအခါ စီးပွားရေးအပေါ် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ထိခိုက် မှုသည် ကြီးမားကျယ်ပြန့်လာရန်ရှိရာ ပို့ဆောင်ရေးကွင်းဆက်လမ်းကြောင်း မပြတ်တောက်စေရေးနှင့် စားနပ်ရိက္ခာနှင့် မရှိမဖြစ်ကုန်ပစ္စည်းများ အထူး သဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်သက်ဆိုင်သည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန်လိုအပ် ကြောင်း အာဆီယံ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်း အဝေးမှသိရသည်။

ကိုဗစ် - ၁၉ ကူးစက်ရောဂါ၏ထိခိုက်မှုသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများ၌ပါ ကြီးမားကျယ်ပြန့်လာရန်ရှိရာ မြန်မာ နိုင်ငံမှပြည်သူများအနေဖြင့် နိုင်ငံတော်က ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ညွှန်ကြားချက်များကို အတိအကျလိုက်နာကြရန် လိုအပ်ပေသည်။ လက်တွေ့ကြုံမှ ယုံကြည်တတ်သော မြန်မာနိုင်ငံမှ ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်တွင် ရောဂါဖြစ်ပွားမှု မကြုံတွေ့ရသရွေ့ ပေါ့ပေါ့ဆဆ နေထိုင်တတ်ခြင်းအလေ့အထကို ရှောင်ရှားရမည်ဖြစ်သည်။



သို့ဖြစ်ရာ သတိဟူသည် ပိုသည်ဟူ၍မရှိ လူတိုင်းလူတိုင်း အစဉ်အမြဲ သတိကပ်ထားခြင်းဖြင့် ကိုဗစ်- ၁၉ ရောဂါကိုသာမက အရာရာကျော်လွှား နိုင်ရေး မျှော်လင့်ရမည်ဖြစ်သည်။ အဓိကမှာ ရောဂါကူးစက်မှု ထပ်တိုး မလာခြင်းဖြင့် ပြည်သူအားလုံးတို့၏ လူမှုစီးပွားဘဝများ အဆင်ပြေ လာရုံသာမက မိမိတို့တစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ အဆင်ပြေလာ မည်ကို သတိချပ်ကာ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်းများကို တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါသည်။ ။

No comments:

Post a Comment