Saturday, April 11, 2020

လင်းလက်တောက်ပနေသော ပရဟိတစိတ်ထားမြတ်များ



ခိုင်မြဲသူယျ

ပရဟိတဆိုသည်မှာ ပရ-သူတစ်ပါး၊ ဟိတ-အကျိုး၊ ထို့ကြောင့် သူတစ်ပါးအကျိုး။ ပရဟိတပြုလုပ်ခြင်း ဆိုသည်မှာ သူတစ်ပါးအကျိုးအား ကူညီလုပ်ကိုင် ဆောင် ရွက်ပေးခြင်းမည်ပေသည်။ ထို့ထက်ပို၍ လေးနက်စွာ ဖွင့်ဆိုရလျှင် အများအကျိုးအား အခမဲ့သယ်ပိုးကူညီ
ဆောင်ရွက်ပေးခြင်း၊ လိုအပ်ပါက အသက်ကိုပင် ပဓာန မထားဘဲ စွမ်းစွမ်းတမံ ပေးဆပ်ကူညီခြင်းဟု ခေါ်ဆို နိုင်ပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပရဟိတဆောင်ရွက်နေ သော လူပုဂ္ဂိုလ်အဖွဲ့အစည်း အသင်းအပင်းများကို ထင်ရှားစွာ တွေ့မြင်နိုင်၏။ ကမ္ဘာ့သမိုင်းတွင် ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ခရစ်ယာန်ဘာသာ ဝင်တစ်ဦး ဖြစ်သည့် အိန္ဒိယနိုင်ငံမှ( မက်ဆီဒိုးနီးယားနိုင်ငံ ဇာတိဖွား) မာသာထရေဇာသည် လူအများလေးစား ကြည်ညိုအားကျ ကြသည့် သမိုင်းတွင်သည့် မဟာကရုဏာရှင် ပရဟိတ အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထို့အပြင် မိမိအသက်ကို မငဲ့ကွက်ဘဲ လူနာပေါင်းများစွာ၏အသက်ကို ကယ်တင် ပေးခဲ့သော မီးအိမ်ရှင်ဘွဲ့ရ သူနာပြုဆရာမလေး ဖလောရင့်နိုက်တင်ဂေးလ်ကိုလည်း ချန်လှပ်ထား၍မရ ချေ။ ယင်းပရဟိတသမားများကို လေ့လာကြည့်ပါက တူညီသည့်အချက်တစ်ခုကိုလည်း ထူးခြားစွာ တွေ့ရ သည်။ ထိုအရာမှာ ပရဟိတလုပ်ငန်းများ ဆောင်ရွက် ရာတွင် ရန် ငါ စည်း မခွဲခြားသည့်အပြင် အသားအရောင် မရွေး၊ လူမျိုးဘာသာမရွေး မခွဲခြားဘဲ လုပ်ကိုင်ဆောင်ရွက် ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် စစ်မှန် သောပရဟိတသည် ဘာသာလူမျိုးမခွဲခြားဟု သတ်မှတ် နိုင်ပေသည်။

ယနေ့အချိန်ကာလ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေ သောကမ္ဘာကြီးတွင် မိမိအသက်ကို မငဲ့ကွက်ဘဲ ပရဟိတ လုပ်ငန်းများဆောင်ရွက်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များသည် ခေတ်၏တောင်းဆိုမှုအရ အများအပြား ပေါ်ထွက် လာသည်။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ရင်ဆိုင်ရာတွင် ရှေ့ဆုံးက ဆောင်ရွက်နေသူများမှာ ဆရာဝန်၊ သူနာပြု နှင့် ကျန်းမာရေးဝန်ထမ်းများပင် ဖြစ်သည်။ ဗိုင်းရပ်စ် ကူးစက်မှုမြင့်မားပြီး သေဆုံးမှုနှုန်းမြင့်မားသည့် အမေ ရိကန်၊ အီတလီ၊ စပိန် စသောနိုင်ငံများတွင် ရောဂါကို ကာကွယ်ကုသပေးနေသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအနက် အချို့သည် ယင်းရောဂါ ကူးစက်ခံရသည်ကို စိတ်မကောင်းစွာ ကြားသိရသည်။ အချို့ဆရာဝန်များ သေဆုံးကြရသည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရသည်။ ထိုသို့ ကူးစက်ခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်နေသော်လည်း မည်သည့်ဆရာဝန်၊ သူနာပြု တစ်စုံ တစ်ဦးတစ်ယောက်ကမျှ ကျွန်တော် ကျွန်မ မလုပ်နိုင်တော့ ပါ၊ မဆောင်ရွက်တော့ပါဟု နောက်ဆုတ် ခေါင်းရှောင်တာမျိုး၊ မျက်နှာလွှဲခဲပစ်လုပ်တာမျိုး ကမ္ဘာ့နိုင်ငံအသီးသီးတွင် လုံးဝမတွေ့မမြင်ရပေ။ ဤသို့ မမြင်မတွေ့ရခြင်းမှာ ၎င်းတို့၏ရင်ထဲ၌ ကိန်းအောင်းတည်ရှိနေသော၊ လင်းလက် တောက်ပနေသော ပရဟိတစိတ်ထားမြတ်ကြောင့်ပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ အခြားနိုင်ငံအချို့ကဲ့သို့ ကူးစက်မှု နှုန်း မမြင့်မားသေးသလို သေဆုံးမှုနှုန်းလည်း သုံးဦးသာ ရှိသေးသည်။ နိုင်ငံအတွင်းရှိ ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများသည်လည်း ကမ္ဘာ့နိုင်ငံအသီးသီး က ဆရာဝန်များကဲ့သို့ပင် အကြောင်းတစ်စုံတစ်ရာမရှိဘဲ မည်သူမျှ နောက်ဆုတ် ခေါင်းရှောင်တာမျိုး မလုပ်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ နှလုံးသားအတွင်း၌ ကိန်းအောင်းမွေ့လျော်နေသော ပရဟိတစိတ်ထားမြတ် ကြောင့်ပင် ဖြစ်သည်။ ထိုကဲ့သို့ ကိုယ်လုပ်စရာရှိသည့်အလုပ် ကို နောက်မတွန့်ဘဲ ဆက်လက်လုပ်ကိုင်နေသော၊ လိုအပ်ပါ က အသက်ကိုပင်မငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ ပေးဆပ်ဆောင် ရွက်နေသော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်း များ၏ ပရဟိတစိတ်ဓာတ်သည် လေးစားဖွယ်ကောင်းလှ သည်။ အားကျအတုယူဖွယ်ဖြစ်သည်။ ဂုဏ်ပြုထိုက်စရာ ဂုဏ်ယူစရာဖြစ်၏။

နိုင်ငံတော်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အတွက် လိုအပ်သောကာကွယ်မှု၊ ကုသမှု၊ ထိန်းချုပ်မှု၊ ထောက်ပံ့မှုများကို အလျင်အမြန် ဆောင်ရွက်ရုံသာမက လိုအပ်သော သတင်းအချက်အလက်၊ အမိန့်၊ ဥပဒေ၊ ညွှန်ကြားချက်များနှင့် မေတ္တာရပ်ခံချက်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ခဲ့သည်။ ထိုအခါ ကိုဗစ်-၁၉ အန္တရာယ် ကို တိုက်ဖျက်ရန်နှင့် နိုင်ငံတော်အစိုးရကို တစ်ဖက်တစ်လမ်း မှ ကူညီကြသော၊ နိုင်ငံ့တာဝန်ကို တစ်နည်းတစ်ဖုံ ထမ်း ဆောင်လိုကြသော ပရဟိတသမားများ၊ စေတနာ့ဝန်ထမ်း များ၊ သဒ္ဓါတရားထက်သန်သော အလှူရှင်များ များစွာ ပေါ်ထွက်လာလေသည်။ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ များ၊ ယင်းလူနာနှင့် ထိတွေ့မိသူများအတွက် ၁၄ ရက်သီးခြားစောင့်ကြည့်ရန် မိမိပိုင်နေရာထိုင်ခင်း အဆောက်အဦများအား ခေတ္တအသုံးပြုခွင့်ပေးသည့် သံဃာတော်အရှင်သူမြတ်များ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများ ပေါ်ပေါက်လာသည်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရန်အတွက် လိုအပ်သော နှာခေါင်းစည်း အမျိုးမျိုး၊ လက်အိတ်များ၊ တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံများ၊ Infrared Thermometer များ၊ Termal Scanner များ၊ အသက်ရှူစက်(Ventilator)များ၊ လူနာအခြေအနေ စောင့်ကြည့်စက် (Patient. Monitor) များ၊ ကလိုရင်း ဆေးမှုန့်၊ ဆေးရည်များ၊ အခြားဆေးနှင့် ဆေးပစ္စည်း ကိရိယာများအပါအဝင် အလှူငွေများနှင့်စားသောက် ဖွယ်ရာများကို ပြည်သူအများအပြားက တတ်နိုင် သလောက် လှူဒါန်းကြသည်။ ထို့ပြင် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ မြို့မိမြို့ဖ ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၏ တက်ကြွသော နေ့နေ့ညည ဆောင်ရွက်နေသည့် လုပ်အားဒါနကိုလည်း တွေ့မြင်ရ၏။ ဤကဲ့သို့ အလှူဒါနများနှင့် လုပ်အားဒါနများကို ထင်ရှား စွာ တွေ့မြင်ရခြင်းသည် ၎င်းတို့ရင်ထဲတွင် လင်းလက် တောက်ပစွာ တည်ရှိနေသော ပရဟိတစိတ်ထားမြတ် ကြောင့်သာ ဖြစ်ပေသည်။ ထိုသူများ၏ ပရဟိတစိတ်ထား နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းများသည်လည်း လေးစား အားကျဖွယ်၊ ဂုဏ်ပြုမှတ်တမ်းတင်ဖွယ်ရာပင် ဖြစ်သည်။



ထိုကဲ့သို့ မလုပ်နိုင်သည့်ပြည်သူများကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရန်အတွက် နိုင်ငံတော် အစိုးရ၏ အမိန့်၊ ညွှန်ကြားချက်များကို ပရဟိတစိတ်ထား ဖြင့် လိုက်နာဆောင်ရွက်ခဲ့ကြသည်။ အိမ်ထဲမှာပဲ နေထိုင် ခြင်း၊ လူစုလူဝေးမပြုလုပ်ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ ၁၄ ရက်သီးခြားစောင့်ကြည့်ခံရန် သတင်းပေးပို့ခြင်း၊ စည်းကမ်းများအတိုင်း လိုက်နာ နေထိုင်ခြင်း၊ အသွားအလာ ထိန်းချုပ်ကန့်သတ်ခြင်းကို လက်ခံခြင်း၊ အစားအသောက်နှင့် ဆေးဝါးပစ္စည်းများကို သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခွင့်နှင့် ယင်းပစ္စည်း များမှ လွဲ၍ အခြားသောအရာများ ရောင်းဝယ်ဖောက်ကား မှုကို လျှော့ချခြင်း၊ အတတ်နိုင်ဆုံးမပြုလုပ်ခြင်း အစ ရှိသည့် အရာများကို ညီညီညွတ်ညွတ် လုပ်ဆောင် ကြလေသည်။ ဤကဲ့သို့ အစိုးရနှင့်ပြည်သူများအားလုံး စုပေါင်းညီညွတ်စွာ ဆောင်ရွက်ကြခြင်းသည် အားလုံး၏ ရင်ထဲတွင် လင်းလက်တောက်ပနေသော ပရဟိတ စိတ်ထားမြတ်ကြောင့်သာ ဖြစ်သည်ဟုဆိုပါက မည်သူမျှ မငြင်းနိုင်ချေ။ ထို့ကြောင့် အစိုးရနှင့်ပြည်သူများအနေဖြင့် အတူတကွလက်တွဲပြီး ပရဟိတစိတ်ဓာတ်များ အရင်းခံ လျက် ကိုဗစ်-၁၉ အန္တရာယ်ကို ဆက်လက်ကာကွယ် တိုက်ဖျက်သွားမည်ဆိုပါက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နှုန်းနှင့် သေဆုံးမှုနှုန်းသည် အချို့နိုင်ငံများကဲ့သို့ များပြား လာဖွယ်မရှိဘဲ တည်တည်ငြိမ်ငြိမ်နှင့် အောင်မြင်စွာ ထိန်းချုပ် ကာကွယ်နိုင်မည်ဟု ယုံကြည်ယူဆမိပေသည်။ ။

No comments:

Post a Comment