Saturday, April 11, 2020

မမြင်နိုင်သည့်အန္တရာယ်ကိုသတိပြုကာကွယ်



အယ်ဒီတာ့အာဘော်
==============


ကိုဗစ်-၁၉ ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်သည့်ရောဂါဖြစ်သည်။ ကူးစက်သည်မှာ လူတစ်ဦးထံတွင် ရောဂါရှိမှန်းမသိသဖြင့် လူအချင်းချင်း ထိတွေ့ဆက်ဆံခြင်းမှ ကူးစက်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် မလိုအပ်ဘဲ အိမ်ပြင်ထွက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိနေအိမ်တွင်သာ နေထိုင်ခြင်း (Stay at Home) ဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေ သည့် ထိရောက်သောကာကွယ်နည်းလမ်းအား လူတိုင်းလူတိုင်း ပြုလုပ်ကြဖို့ တိုက်တွန်းလိုပါသည်။

နိုင်ငံတော်အစိုးရသည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ရေးအတွက် အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း မလိုအပ်လျှင် အိမ်ပြင်ထွက်ခြင်းမပြုလုပ်ကြရန် အသိပေး နှိုးဆော်ထားပြီး ထိုသို့အပြင်မထွက်ရသောကြောင့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ စားရေး၊ သောက်ရေး အဆင်ပြေစေရန် ယနေ့ ဧပြီလ ၁၀ ရက်နေ့မှစ၍ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ အခြေခံစားသောက်ကုန်များ အား အခမဲ့စတင်ဖြန့်ဖြူးပေးနေပြီ ဖြစ်သည်။
ပြည်သူများအနေဖြင့် အသိတရားဖြင့် သတိထားကာ မမြင်နိုင်သောအန္တရာယ်နှင့်မကြုံရစေရေးအတွက် တိုက်တွန်းနှိုးဆော်ထားသော အသိပေး ချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၈ ဦး တွေ့ရှိလာပြီး ကိုယ်ခံအားနည်းသူ လူနာ သုံးဦး အသက်သေဆုံးခဲ့သည်။ ရောဂါပိုးတွေ့လူနာများအနက် နှစ်ဦးတွင် ဓာတ်ခွဲ စစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရှိတော့ဘဲ ကျန်းမာရေး ပြန်လည်ကောင်း မွန်လာပြီဖြစ်သည်။ စောင့်ကြည့်သူ ၉၄၈ ဦးရှိသည်။

မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိမှုများအပေါ်မူတည်၍ သင်ခန်းစာယူ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ ယမန်နေ့က ရောဂါပိုးတွေ့ရှိသည့် အမှတ် ၂၃ လူနာသည် ထူးခြားသောတွေ့ရှိမှုဖြစ်သည်ကို သိရှိမှတ်သား ရမည်ဖြစ်သည်။ အမှတ် ၂၃ လူနာမှာ ၎င်း၏သားဖြစ်သည့် အမှတ် ၁ လူနာနှင့် ထိတွေ့မှုရှိခဲ့သော်လည်း စောင့်ကြပ်ကြည့်ရှုမှု ၁၄ ရက်ပြည့်လုနီးမှ ရောဂါလက္ခဏာပေါ်လာခြင်းဖြစ်၍ သတိပြုစရာကောင်းသည့် အချက်ဖြစ် သည်။ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး တစ်လနီးပါးကြာမြင့်မှ ရောဂါလက္ခဏာ ပြခြင်းဖြစ်ပေါ်ခဲ့ရာ ၁၄ ရက်စောင့်ကြည့်ခံရသူအားလုံးအား သတိပေး ခေါင်းလောင်းထိုးလိုက်သလို ဖြစ်သည်။

ပြည်ပမှပြန်လည်ရောက်ရှိသူများအား မြန်မာနိုင်ငံတစ်ဝန်းရှိ စောင့်ကြည့်ရေးစခန်းများတွင် ၁၄ ရက် ပြည့်မြောက်၍ နေထိုင်ရာနေအိမ်များ သို့ အသီးသီးပြန်လည်စေလွှတ်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြန်လည်စေလွှတ်သူများကို ကန့်သတ်စောင့်ကြည့်ခြင်းကာလပြီးစီးမှု ကျန်းမာရေးထောက်ခံချက်များထုတ်ပေးပြီး စနစ်တကျပြန်လည် စေလွှတ်ပေးလျက်ရှိသော်လည်း ပုန်းလျှိုးနေသည့် ရောဂါပိုးအန္တရာယ်ကို သတိ မပြတ်ရှိဖို့ လိုမည်ဖြစ်သည်။ မမြင်နိုင်သောရောဂါအန္တရာယ်သည် လူတို့တွင် ရောဂါလက္ခဏာမပြဘဲ ပုန်းလျှိုးနေနိုင်သဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း တိကျစွာလိုက်နာနေထိုင်ကြဖို့ လိုမည်ဖြစ်သည်။

ကွယ်လွန်သွားသော ရောဂါပိုးတွေ့ရှိသူ သုံးဦးသည် ရောဂါအခံရှိကြသူ များဖြစ်သည်။ ရောဂါအခံရှိလျှင် ကိုဗစ်-၁၉ ရောဂါပိုးကို ခုခံတွန်းလှန်ရန် အားနည်းမည်ဖြစ်သည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူ များ၊ ကိုယ်ခံအားနည်းသူများ အထူးသတိပြုကြရမည်ဖြစ်သည်။ အနေ အထိုင်၊ အစားအသောက်၊ အသွားအလာမဆင်ခြင်လျှင် ကိုယ်ခံအားကျဆင်း နိုင်သဖြင့် မိမိကိုယ်ကို ဂရုစိုက်ဆင်ခြင်ကြရမည်ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်း၊ မလိုအပ်ဘဲ အိမ်ပြင်သို့မထွက်ခြင်း၊ မိမိနေအိမ်တွင် ပင် ကိုယ်စိတ်ကျန်းမာ ချမ်းသာအောင်နေထိုင်ခြင်းဖြင့် မမြင်နိုင်သောရောဂါ ဘေးကို ရှောင်ရှားကြရမည်ဖြစ်သည်။



သို့ဖြစ်ရာ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များကို တိကျစွာလိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိ သာမက မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်မှလူအများအတွက်ပါ ရောဂါကူးစက် မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါ သည်။ ။

No comments:

Post a Comment