Saturday, April 11, 2020

ယူတတ်လျှင်အမြတ်ရသည်၊ မိမိအိမ်သည်ပင် ကုသိုလ်စခန်းဖြစ်သည်



မိုးကေနိုင်

ယခုလိုကာလမျိုး ယူတတ်မည်ဆိုလျှင် ကိုယ့်အိမ်၊ ကိုယ့်ရာ၊ ကိုယ့်ပတ်ဝန်းကျင် သည် ကုသိုလ်များစွာ အရယူရန် တရားရိပ်သာကြီးပင်ဖြစ်ပါသည်။ မိမိ အိမ်ရာတွင် Home Quarantine လုပ်နေစဉ် သတိ၊ ဝီရိယ၊ ပညာအမြဲ ကပ်နေသူသည် ရောဂါသိ ဆေးရှိဆိုသလို ကြုံတွေ့နိုင်သည့် ဒုက္ခအပေါင်းမှ ရှောင်သွေဖယ်ရှားနိုင်ပါသည်။ ထိုကပ်ဘေးကြီးသည် မိမိမှာသာ မဟုတ်၊ ကမ္ဘာ့လူသားသန်းပေါင်းများစွာတွင်မှာပါ စိတ်သောကများစွာဖြင့် ဂယက် ရိုက်ခတ်ခံနေရသည် ဖြစ်ပါသည်။ အဖိတ်အစဉ်နည်းစေရန် များစွာသော အကန့်အသတ်များ၊ မဖြစ်မနေ ညွှန်ကြားကြပ်မတ်ထားချက်များ အောက်တွင် ပညာဉာဏ်အမြော်အမြင်ကိုရှေ့ထားကာ သတိကပ်၊ ဝီရိယအပြည့်ဖြင့် လိုက်နာဆောင်ရွက်ရမယ့်အချက်များကို တိတိကျကျလိုက်နာ ဆောင်ရွက်ရန် လိုအပ်လှပါသည်။

သဒ္ဓါတရားနှင့် ဒါနအခွင့်အခါ

ကြောက်နေကြရုံ၊ စိုးရိမ်သောကဗျာပါဒများနေရုံဖြင့် မပြီးပါ။ ယခုလို အချိန်ကာလလေးသည် မြတ်စွာဘုရား၏ တရားတော်လာဒေသနာများကို နှလုံးသွင်းဆင်ခြင်အားထုတ်ရန် အကောင်းဆုံးအချိန်ကာလလေးတစ်ခု လည်းဖြစ်ပါသည်။ ဖြူစင်သည့်စိတ်ထား၊ အကြင်နာတရားများဖြင့် ထက်သန် သော စေတနာသဒ္ဓါတရားများပြသဖို့ အခွင့်အလမ်းကောင်းတစ်ခုအဖြစ် လည်း ဆိုချင်ပါသည်။ အပူမီးများနှင့် လောဘ၊ ဒေါသ၊ မောဟတရားများ ထူပြောနိုင်သည့် အခိုက်အတန့်တွင် သတိရှေ့ဆောင်ပြီး ဆင်ခြင်ကြည့်လိုက် ပါက မိမိထံပါးတွင် ဒါနဆိုသော ကုသိုလ်တရားများလည်း ဖြစ်ပေါ်လာနိုင်ပါ သည်။

မိမိပတ်ဝန်းကျင်တွင် လှူဒါန်းထောက်ပံ့ဖို့ လိုအပ်နေသောသူများ၊ နေရာများ လက်ညှိုးထိုးမလွဲ တွေ့နိုင်ပါသည်။ အသက်ရှူစက်စသည့် အသက် ကယ်ကိရိယာများ၊ ဆေးဝါးပစ္စည်းများ လိုအပ်နေသော ဆေးရုံများ ရှိနိုင်ပါ သည်။ ဆရာဝန်၊ သူနာပြုများအတွက် ကူးစက်ရောဂါကာကွယ်ရေးသုံးပစ္စည်း များ၊ နှာခေါင်းစည်းများ၊ လက်သန့်စင်ဆေးရည်များ လိုလေသေးမရှိ ကြိုတင် မြော်တွေး၍ လှူဒါန်းမှုပြုခြင်းသည် တက်ကြွစွာတာဝန်ထမ်းရွက်နေသော ဆရာဝန်၊ ဆရာမတွေ၏ ခံယူချက်ကောင်းများကို များစွာအထောက်အကူ ပြုနိုင်ပါသည်။ အသွားအလာပိတ်ပင်ကန့်သတ်မှုများကြောင့် လူပုဂ္ဂိုလ်၊ သံဃာတော်များ၏ တွေ့ကြုံရမည့် စားဝတ်နေရေးအခက်အခဲများအပေါ် မိမိပြုလိုက်မည့် အလှူဒါနကြောင့် ရရှိလာမည်က မိမိအတွက် မဟာကုသိုလ် တစ်ပါးပင်ဖြစ်ပါသည်။

အထူးသဖြင့် မိမိပတ်ဝန်းကျင်တွင် အကူအညီလိုအပ်နေသူများအတွက် အလေးအနက်ထား ဆောင်ရွက်စေချင်ပါသည်။ လိုအပ်နေသောအချိန်တွင် လိုအပ်နေသူများကို တစ်ပါးသူတို့ မတိုက်တွန်းရဘဲနှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်သည့် အားကြီးသော သဒ္ဓါ၊ ပြည့်စုံသော ပညာဉာဏ်အမြော်အမြင် တို့ဖြင့် ရှေ့သွားပြုပြီး လှူဒါန်းလိုက်သောအခါ မိမိ၏စေတနာကံသည် အလွန် အားကြီးသွားပါသည်။ ကာလဒေသစသည်တို့ အများအပြားအားဖြင့် တွက်လိုက်မည်ဆိုလျှင် ရရှိသောမဟာကုသိုလ်စိတ်အပေါင်းသည် မရေမတွက် နိုင်အောင်ပင်ဖြစ်ပါသည်။
ပူဇော်ရမည့်အခါကောင်းနှင့် စောင့်ထိန်းရမည့်သီလ

ယခုလိုအချိန်ကာလသည် အနယ်နယ်အရပ်ရပ်က သံဃာတော်များက မိမိတို့၏ သီလအား၊ သမာဓိအား၊ ပညာအားများဖြင့် စုပေါင်းပြီး ကပ်ကြီးသုံးပါး ကင်းဝေးစေရန် ရည်ရွယ်ပူဇော်နေကြတဲ့ ကာလတစ်ခုလည်းဖြစ်ပါသည်။ ယခုဒီလို အခွင့်အခါကြုံခိုက် မိမိတို့၏ သီလ၊ သမာဓိမြဲမြံအောင် မိမိအိမ်မှာပင် ကြိုးစားရွတ်ဆိုပူဇော်အားထုတ်ကြလျှင်ဖြင့် အဆိုးထဲက အကောင်း၊ အရှုံးထဲ က အမြတ်ပမာကြီးစွာသော ကုသိုလ်တရားများရရှိမည် ဖြစ်ပါသည်။ ယခင် က မိမိအလုပ်ဖြင့် မိမိရွတ်ဖတ်ပူဇော်ပွားများခွင့် နည်းပါးနေသူများအတွက် လည်း အခွင့်အခါကောင်းတစ်ခုဖြစ်ပါသည်။ ထိုသို့ ဆင်ခြင်နှလုံးသွင်းတတ်လျှင် မိမိထံပါး၌ စွန့်ကြဲပေးကမ်းလှူဒါန်းလိုသော ဒါန၊ ကာယကံ၊ ဝစီကံ၊ အပြစ်များကို မဖြစ်စေရန် စောင့်ထိန်းလိုသော သီလ၊ မနောကံများ မဆိုးရွား စေရန် သမထ၊ ဝိပဿနာတရားများကို အားထုတ်လိုသော ဘာဝနာစသည့် ပုညကြိယာဝတ္ထုများလည်း ကိန်းအောင်းလာမည်မှာ မလွဲဧကန်ဖြစ်ပါသည်။

သီလမမြဲကြ၍ မစောင့်ထိန်းနိုင်ကြ၍ ဖြစ်ကြရသည့် ယခုလိုအချိန်လေး တွင် ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်ဖြင့် ကြိုးစားပြီးခံယူဆောက်တည်ကြခြင်း သည် သင့်တင့်လျောက်ပတ်သော ဘဝတစ်ခု၏ အခြေခံလိုအပ်ချက်လေးတစ်ခု ကို ဖြည့်ဆည်းပေးရာလည်းရောက်ပါသည်။

ကြုံတွေ့ရသည့် အနာရောဂါတွေ ကင်းဝေးရေးအတွက်လည်း အထောက်အပံ့ပြုရာရောက်ပါသည်။ ယခုလိုအချိန် ကို အခွင့်ကောင်းယူပြီး ကြိုးစားဆောင်ရွက်လိုက်သည့် သီလကုသိုလ်သည် ယခုလိုကြုံတွေ့ရသည့် ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ရေးအတွက် နောင်သံသရာ တွင် အကျိုးပေးမည့် အနိမ့်ဆုံးစံချိန်ဖြစ်သော အကျိုးတရားရလဒ်ကောင်းများ ကိုလည်း ရရှိစေမည်ဖြစ်ပါသည်။

ဖိစီးမှုများနေရာတွင် သန့်ရှင်းမှုများ အစားထိုးနိုင်ပါစေ

မည်သူမဆို တစ်ချိန်မှာ အိုကြရ၊ နာကြရ၊ သေကြရမည်မှာမလွဲပါ။ ဒီလို အချိန်တွင် သေချာသည့်အခွင့်အရေးတစ်ခုကို မလွတ်တမ်း အကျိုးရှိရှိဆုပ်ကိုင် နိုင်ကြပါစေရန် နှိုးဆော်လိုပါသည်။ ကျန်းမာနေတုန်း‌လေး၊ ဉာဏ်အလင်းရှိတုန်း လေး မှန်မှန်လေးလျှောက်လှမ်းနိုင်ဖို့ရန် တွန်းအားတစ်ခုဖြစ်မည်ဟု ထင်ပါသည်။ လူဆိုတာ နာလာတဲ့အခါ သေခြင်းတရားကိုလည်း စဉ်းစားတတ်လာ သည်။ ကပ်ဘေးကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် တွေ့မြင်ကြားသိနေရသည့် သေခြင်းတရားများကို ရင်ဆိုင်ခဲ့ကြရသူများသည် လွန်ခဲ့သောရက်များ၊ လများ တုန်းက ယခုလိုအဖြစ်ဆိုးမျိုး ကြုံတွေ့ကြရမည်ဟု ဘယ်သူကမျှ ထင်ခဲ့ကြမည် မဟုတ်ပါ။ ကိုယ့်ရှေ့မှာ မမြဲတဲ့တရားများကိုလည်း မြင်နေကြားနေကြရပါပြီ။ ဤအခါတွင် မိမိအတွက်လည်း မစဉ်းစားဘဲနေမိကြမယ် မထင်ပါ။

ထိုသို့စဉ်းစား မိခြင်းနှင့်အတူ ညစ်နွမ်းနေသည့်စိတ်များ ကိုယ့်ထံပါးရှိနေသည်ဆိုလျှင် ထိုဖိစီးမှု များကို ဝေးသည်ထက်ဝေးကွာစေရန် ဖယ်ရှားသင့်ရန် အချိန်တန်ပါပြီ။ စိတ်ညစ်၊ စိတ်ဆိုးများနေရာတွင် ဖြူစင်သန့်ရှင်းသောစိတ်များ အစားထိုးရန် အခါအခွင့် သင့်ပြီဖြစ်ပါသည်။ မိမိနှင့်ဆက်စပ်နေသော အရာမှန်သမျှအားလုံးကို ကုသိုလ် အာရုံဖြင့်သာ နှလုံးသွင်းဆင်ခြင်နိုင်လျှင်ဖြင့် အခွင့်ရခိုက် မိမိပြုလိုက်တဲ့ ကုသိုလ် ကံများသည် ယခုကာလကော နောင်ဘဝအတွက်ပါ အကျိုးပေးထက်သန်မည်မှာ အသေအချာပဲဖြစ်ပါသည်။

စိတ်၏စွမ်းအားကို ရယူပါ

မြတ်စွာဘုရား၏ တရားတော်တွင် ရုပ်များဖောက်ပြန်ပြီး ရောဂါများ ဖြစ်ကြရသည့် အကြောင်းတရားလေးပါးသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူ၍‌ ဟောကြားမှုများရှိပါသည်။ ယခုလို လောကသားအားလုံးနှင့် သက်ဆိုင်နေသည့် ကံကြောင့်ဖြစ်သော ထိုသဘာဝတရားကြီးတစ်ခုကို အောင်မြင်စွာရင်ဆိုင်ရာ၌ မိမိ၏စိတ်စွမ်းအားကလည်း အထောက်အကူပြုပေးနေပါသည်။ စိတ်ကလေး ငြိမ်းချမ်းရန် သမထဘာဝနာက အကူအညီပေးပါသည်။ စိတ်၊ စိတ်ကြောင့် ဖြစ်တဲ့ ရုပ်၊ ကံကြောင့်၊ ဥတုကြောင့်၊ အာဟာရကြောင့်ဖြစ်သော ရုပ်စသည်အားလုံး မမြဲ၊ အစိုးမရဟူ၍ ဉာဏ်ဖြင့်ဆင်ခြင်နေသည့် ဝိပဿနာဘာဝနာတရားများ ကျင့်ကြံအားထုတ်ရန် အချိန်အခါကောင်းတစ်ခုလည်းဖြစ်ပါသည်။ ကြည်လင် အေးမြသည့် စိတ်၏စွမ်းအားများသည် သောကကိုပျောက်စေပြီး ကောင်းမွန် သည့်ရုပ်များကိုသာ မွေးဖွားအစားထိုးပေးကာ ကျန်းမာမှုကို အားပေးပါသည်။ စိတ်သက်သာရာရမှုသည် အဖော်လိုနေသည့်သူများအတွက် မိတ်ဆွေကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

သံသရာအတွက် အာမခံချက်သည် ဗုဒ္ဓ၏တရားတော်များတွင်သာ ရှိသည်

ဆေးသိပ္ပံပညာရှင်များအနေဖြင့်လည်း ယခုကပ်ဘေးကြီးအတွက် ကာကွယ်ဆေး၊ ကုသဆေးများကို အပြိုင်အဆိုင် အပြင်းအထန် အားထုတ် ရှာဖွေနေကြဆဲဖြစ်ပါသည်။ သို့သော်လည်း ရောဂါဆိုးကိုထိန်းချုပ်နိုင်ရန် လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ သွားမှုလာမှုကန့်သတ်ခြင်း စသည့် ကြိုတင်ကာကွယ်မှုနည်းလမ်းများကလွဲ၍ ကာကွယ်ကုသဆေးများအပိုင်းတွင် ခိုင်မာရေရာသောအဖြေ မရရှိသေးပါ။ ပညာရှင်များ၏လိုက်နာရန် လမ်းညွှန် ချက်များအပေါ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က အနုစိတ်ရှာဖွေတွေ့ရှိ ထားသော တိကျမှန်ကန်သည့် ဘုရားရှင်၏ တရားတော်များကိုပါ ပေါင်းစပ် ကျင့်ကြံအားထုတ်နိုင်လျှင် လက်ငင်းကြုံတွေ့နေရသော သောကဒုက္ခများကို ပြေပျောက်နိုင်စေမှာဖြစ်ပြီး အနာဂတ်ဘဝခရီးနှင့် သံသရာအတွက်လည်း အာမခံချက်ကောင်းတစ်ခုရရှိ ပိုင်ဆိုင်သွားစေမည်ဖြစ်ပါသည်။

ဒါန၊ သီလ၊ ဘာဝနာတွင် အထူးသဖြင့် ဘာဝနာဘက်တွင် “ယခုတော့ မအားသေး၊ နောင်မှအားထုတ်မည်ဆိုသောသူများ” အနေဖြင့် အနည်းငယ်မျှ သော အချိန်ကလေးရရှိခိုက်တွင် မိမိတို့အတွင်းသဏ္ဌာန်လေး စတင်ငြိမ်းချမ်းဖို့ ရန် ရုပ်ကျန်းမာရေးအတွက် စိတ်ကျန်းမာရေးကို အစပျိုးရန်အားထုတ် ကြိုးပမ်းသင့်ပါပြီ။

ကုသိုလ်များဆက်နေလျှင် အကုသိုလ်များအတွက် အခွင့်မသာနိုင်ပါ
ဗုဒ္ဓတရားတော်နှင့်ပတ်သက်၍ ဝိပဿနာဆရာတော်ကြီးတစ်ဦးဖြစ်သူ အင်္ဂလန်နိုင်ငံတွင် ဝိပဿနာသင်တန်းဖွင့်လှစ်ခဲ့သူ အမေရိကန်နိုင်ငံဖွား မစ္စတာဂျွန်အားလ်ကိုးမင်း John Earl Cotemann (၁၉၃၀-၂၀၁၂) က “ယနေ့ ကမ္ဘာကြီး၌ ဆိုးရွားလှသော ပြဿနာတို့နှင့်တွေ့ကြုံခံစားနေရရာ ဗုဒ္ဓရှင်တော် မြတ်၏ တရားတော်ကျင့်သုံးနည်းအရ အအေးဓာတ်ပေးရန် အထူးလိုအပ်နေပါ သည်” ဟူ၍ မိန့်ဆိုချက်သည် ယနေ့ကမ္ဘာ့လူသားတို့ တွေ့ကြုံခံစားနေရသော ကပ်ဘေးဆိုးကြီးရန်မှ လိုအပ်သောအဖြေတစ်ခုအတွက် အထောက်အကူ ကိရိယာတစ်ခုအဖြစ် လက်တွေ့ကျင့်ကြံအားထုတ်သင့်ပါသည်။ ကုသိုလ်များ ဆက်နေလျှင် အကုသိုလ်များအတွက် အခွင့်မသာနိုင်ပါ။ ယခုလိုကာလ အခိုက်အတန့်တွင် အကြောင်းတရားဖြစ်သည့် ကုသိုလ်သဒ္ဓါတရားကို မှီ၍ ပေးကမ်းစွန့်ကြဲ လှူဒါန်းလိုက်ရသော ဒါနအကျိုး၊ ဆောက်တည်လိုက်ရသော သီလအကျိုး၊ ပွားများအားထုတ်လိုက်ရသော ဘာဝနာအကျိုးများနှင့်အတူ ကုသိုလ်ကြောင့် ကုသိုလ်များ ဆက်ကာဆက်ကာ ဖြစ်နေမည်ဆိုလျှင် ကံစီမံရာ အကျိုးများနှင့်အတူ ဒီကပ်ကြီးသည်လည်း အချိန်အတိုင်းအတာတစ်ခုအတွင်း မှာပင် ပြီးဆုံးသွားမှာသေချာပါသည်။ ကုသိုလ်ကြောင့် ကုသိုလ်များ ဆက်တိုက် ပြုနေလျှင်၊ ဆက်တိုက်ဖြစ်နေလျှင် အလောဘ၊ အဒေါသ၊ အမောဟ ဆိုသည့် ကုသိုလ်တရားများနေရာတွင် လောဘ၊ ဒေါသ၊ မောဟစသည့် အကုသိုလ်တရား များ ဝင်ရောက်ရန် အခွင့်မသာနိုင်ပါ။ မေတ္တာ၊ ကရုဏာသဘောပါသော ကိုယ်ချင်းစာတရားများ လွှမ်းမိုးနေရာယူလာနိုင်လျှင် ကျွန်တော်တို့လူသား များသည်လည်း ကံတရား၏ ဒဏ်ခတ်ခြင်းမှ လွတ်ကင်းနိုင်ကြမည်မှာ သေချာပါသည်။

အချုပ်အားဖြင့် ယခုလိုကပ်ကြီးသုံးပါးရင်ဆိုင် ကျော်လွှားနေကြစဉ်တွင် ရတနာသုံးပါးနှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်သည့် သဒ္ဓါတရား ထက်ထက် သန်သန်ဖြင့် လူအချင်းချင်း ဒုက္ခိတပညတ်ကို အာရုံပြု၍ ကရုဏာထားပေးကမ်းစွန့်ကြဲလှူဒါန်းနိုင်ကြပါစေ၊ ငါးပါးသီလကို အစဉ်စောင့်ထိန်းပြီး ဘဝများ လုံခြုံကြပါစေ၊ မေတ္တာထားဘာဝနာပွား၍ ရာဂ၊ ဒေါသ၊ မောဟများ ကင်းဝေး ကာ အနာရောဂါနှိပ်စက်သော “ရောဂန္တရ” ကပ်ဆိုးကြီးမှ ကင်းဝေးကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ ။

No comments:

Post a Comment