Wednesday, April 8, 2020

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဘဏ္ဍာရေးကော်မရှင်(၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး တက်ရောက်





နိုင်ငံနှင့်ပြည်သူအကျိုးကို တိုက်ရိုက်အကျိုးပြုနိုင်မည့် အသုံးစရိတ်များကိုသာ စိစစ်ခွင့်ပြု
===============================================================

နေပြည်တော် ဧပြီ ၇

ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတဦးဝင်းမြင့် တက်ရောက်လမ်းညွှန်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌများဖြစ်ကြ သည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ ဝင်များဖြစ်ကြသည့် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အတည်ပြုပေးရန်

အစည်းအဝေးတွင် ဘဏ္ဍာရေး ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင်(၁/ ၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု နှင့် တိုင်းဒေသကြီး/ ပြည်နယ်များက ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဘဏ္ဍာရေးကော်မရှင်က အတည်ပြု ပေးရန်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ ကြမ်းကို အတည်ပြုထောက်ခံပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ နိုင်ရေး ဆွေးနွေးဆုံးဖြတ်ကြရန်ဖြစ်ပါ ကြောင်း။

ဖြည့်စွက်ခွင့်ပြုငွေသည် အသုံး စရိတ်တစ်ခုအတွက် မူလခွင့်ပြုငွေနှင့် လုံလောက်မှုမရှိခြင်း၊ မူလခွင့်ပြုငွေ ဘောင်အတွင်းမှ ရန်ပုံငွေလွှဲပြောင်း သုံးစွဲရန် မလုံလောက်ခြင်း၊ အထွေထွေ ပိုလျှံရန်ပုံငွေမှ လွှဲပြောင်းကျခံသုံးစွဲရန် မလုံလောက်ခြင်းတို့ကြောင့် လိုအပ် သည့် ငွေရပ်ကိုသာ တောင်းခံရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖြည့်စွက် ခွင့်ပြုငွေတောင်းခံရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေတွင် ပါဝင်ပြီး ရန်ပုံငွေ မလုံလောက်သည့် ကိစ္စများအတွက် ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင် ရွက်ပြီးစီးနိုင်မည့် ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ မူလ ခွင့်ပြုချက်ရရှိပြီးသည့် လုပ်ငန်းများ နှင့် ဆက်စပ်ဆောင်ရွက်ရန် လိုအပ် သည့် ငွေရပ်ကိုသာ တောင်းခံရမည် ဖြစ်ပါကြောင်း၊ ဖြည့်စွက် ခွင့်ပြုငွေကို သုံးစွဲခြင်းမပြုနိုင်၍ ပြန်လည်အပ်နှံ ရပါက ဌာန၊ အဖွဲ့အစည်းများအတွက် ကြီးလေးသည့် ချို့ယွင်းချက်ဖြစ်သည့် အတွက် မဖြစ်မနေသုံးစွဲရန် လိုအပ် သည့် အသုံးစရိတ်များကိုသာတောင်းခံ ကြရမည်ဖြစ်ပါကြောင်း။

၂၀၁၉-၂၀၂ဝ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုတွင် အဓိကအားဖြင့် ဝန်ထမ်းများအတွက် ထပ်မံလိုအပ် သည့်လစာငွေ၊ ချီးမြှင့်ငွေ၊ ခရီးစရိတ်၊ ပင်စင်၊ အတိုးပေးငွေများ၊ အရင်း ပေးဆပ်ရန် ထပ်မံလိုငွေများ၊ နိုင်ငံတော်သို့ ပေးဆောင်ရမည့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ၊ လျှပ်စစ် ဓာတ်အားခ တိုးမြှင့်ခြင်းကြောင့် ထပ်မံလိုငွေ၊ ထပ်မံရရှိမည့် ပြည်ပ အကူအညီရငွေ၊ ပြည်ပချေးယူရငွေ တို့နှင့် ဆောင်ရွက်မည့် အသုံးစရိတ် များ၊ ဆောင်ရွက်ဆဲတည်ဆောက်ရေးလုပ်ငန်းများ၊ မြေယာလျော်ကြေးများ အတွက် တောင်းခံထားသည်ကို တွေ့ရှိရပါကြောင်း။

စိစစ်ထားပြီးဖြစ်

ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့ အစည်းများက တင်ပြလာသည့် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနက ဦးစွာစိစစ်ခဲ့ပြီး ဒုတိယသမ္မတ (၁) က ထပ်ဆင့်စိစစ်ထားပြီးဖြစ်ပါ ကြောင်း၊ အလားတူ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုကိုလည်း စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ဒုတိယ သမ္မတ(၂)တို့က စိစစ်ထားပြီးဖြစ်ပါ ကြောင်း။
ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့ အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ထပ်မံခွင့်ပြုပေးမည့် အသုံးစရိတ်များ ကို ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ စနစ် တကျစိစစ်သုံးစွဲရန် တာဝန်ရှိပါ ကြောင်း၊ ထို့ပြင် နိုင်ငံခြားသုံးငွေနှင့်သုံးစွဲမှုများကိုလည်း ထိန်းထိန်းသိမ်း သိမ်းဆောင်ရွက်ကြရန် တတ်နိုင်သမျှ နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲမည့်အစား ပြည်တွင်းကျပ်ငွေဖြင့်သာ သုံးစွဲကြရန် အထူးမှာကြားလိုပါကြောင်း။

ကြိုတင်သုံးသပ်တွက်ချက်

လက်ရှိအခြေအနေတွင် COVID-19 ကြောင့်ဖြစ်ပွားသည့် အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါသည် ကမ္ဘာ့ကပ် ရောဂါဆိုးတစ်ခုအနေဖြင့် ဖြစ်ပေါ်နေ ခြင်းကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စီးပွားရေးအပေါ် သက်ရောက်မှုများ ရှိလာပါကြောင်း၊ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုသည် မိမိတို့နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းအပေါ် သက်ရောက်မှုရှိမည် ဖြစ်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ကျဆင်းမှုရှိနိုင်သဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းအပေါ် ထိခိုက်နိုင်မှုကို လည်း ကြိုတင်သုံးသပ် တွက်ချက် ထားရမည်ဖြစ်ပါကြောင်း။
အခွန်အကောက်ရငွေ လျာထား ချက်အပေါ်တွင်လည်း သက်ရောက်မှု ရှိနိုင်သဖြင့် အသုံးစရိတ်များကို ပိုမိုပြီး စိစစ်သုံးစွဲကြစေလိုပါကြောင်း၊ ရငွေ ပေါ်မူတည်ပြီး အသုံးစရိတ်ကို ခွဲဝေ ပေးရသည့်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို စိစစ်ရာတွင် လိုငွေ ပမာဏမများစေရန်နှင့် ဘဏ္ဍာရေးနှစ် အတွင်း အချိန်မီပြီးစီးနိုင်ပြီး နိုင်ငံနှင့် ပြည်သူအကျိုးကို တိုက်ရိုက်အကျိုးပြု နိုင်မည့် အသုံးစရိတ်များကိုသာ စိစစ် ခွင့်ပြုပေးခြင်းဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း ထပ်မံရရှိ သည့် ဖြည့်စွက်ခွင့်ပြုငွေများကို ဒေသခံပြည်သူများ၏ လိုအပ်ချက်နှင့် တစ်ထပ်တည်းဖြစ်စေမည့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများတွင် အသုံးပြုကြရန်၊ ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်း များကို သတ်မှတ်ထားသည့် ကာလ အတွင်း အချိန်မီပြီးစီးစေရန်နှင့် အရည်အသွေး ပြည့်မီစေရန်အတွက် စစ်ဆေးကြပ်မတ် စီမံဆောင်ရွက်သွား ကြရန်ကိုလည်း အထူးမှာကြားလိုပါ ကြောင်း။

ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့ အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ရငွေကိုတတ်နိုင်သမျှ လျာထားချက်ပြည့်မီအောင် ရှာဖွေ ကြရမည်ဖြစ်ပြီး အသုံးစရိတ်များကို သုံးစွဲရာတွင်လည်း ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း ထိရောက်စွာ အလေအလွင့် မရှိအောင် စိစစ်သုံးစွဲကြရန် လိုအပ်ပါကြောင်း။


အထူးသတိပေးမှာကြားလို

ထို့ပြင် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ အားလုံးကို အထူးသတိပေး မှာကြား လိုသည်မှာ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့်မညီသော တင်ဒါ ခေါ်ယူမှုများ၊ တင်ဒါစည်းမျဉ်းများ အတွင်း လက်တစ်လုံးခြား လုပ်ကိုင် ဆောင်ရွက်မှုများကို ဆောင်ရွက်ခြင်း မပြုဘဲ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/ ၂၀၁၇ နှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ဘဏ္ဍာရေး ကော်မရှင်အတွင်းရေးမှူး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း တင်ပြမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု၊ ယင်းသို့တောင်းခံမှုအပါ အဝင် ရငွေ၊ သုံးငွေပြောင်းလဲမှုများအရ ပြန်လည်ရေးဆွဲထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြုပြင် ပြီးရသုံးမှန်းခြေစာရင်း၊ ပြည်ထောင်စု မှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ထပ်မံထောက်ပံ့ရမည့် ထောက်ပံ့ ငွေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့အပေါ် ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြ ရန် ပြောကြားသည်။

ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့ အစည်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံထားမှုမှာ သာမန်အသုံး စရိတ်တွင် ငွေကျပ် ၂၁၀၀ ဒသမ ၄၇၆ ဘီလီယံ၊ ငွေလုံးငွေရင်းအသုံးစရိတ် တွင် ငွေကျပ် ၄၂၁ ဒသမ ၄၇၈ ဘီလီယံ၊ ကြွေးမြီအသုံးစရိတ်တွင် ငွေကျပ် ၈၈ ဒသမ ၈၅၈ ဘီလီယံ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီ အစဉ်ပြင်ပမှ ဆောင်ရွက်သောဌာန၊ အဖွဲ့အစည်းများ၏ ထပ်မံတိုးမြှင့် သုံးစွဲငွေမှာ ငွေကျပ် ၅၀ ဒသမ ၁၇၅ ဘီလီယံဖြစ်ပြီး စုစုပေါင်းဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုမှာ ငွေကျပ် ၂၆၆၀ ဒသမ ၉၈၇ ဘီလီယံဖြစ်ပါကြောင်း။

လိုငွေနှင့် ဂျီဒီပီ အချိုး

ဌာနအဖွဲ့အစည်းများက တင်ပြလာ သည့် ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနက ဦးစွာစိစစ်ခဲ့ပြီး မိမိအနေဖြင့် လည်း ထပ်မံစိစစ်ပြီးချိန်တွင် လိုငွေ နှင့် ဂျီဒီပီ အချိုးသည် ၅ ဒသမ ၅၃ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေအတွက်ထောက်ပံ့ငွေကို ခွင့်ပြုခဲ့ ရာတွင်လည်း ပြည်သူကို တိုက်ရိုက် အကျိုးရှိစေမည့် လုပ်ငန်းများနှင့် လူမှု ဘဝဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်း များကို ပိုမိုဆောင်ရွက်နိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဖြည့်စွက် ခွင့်ပြုငွေစာရင်းတွင် ထောက်ပံ့ ငွေကျပ် ၅၉ ဒသမ ၅၁၈ ဘီလီယံကို ထပ်မံခွင့်ပြုပေးခဲ့ပါကြောင်း။

ဖြည့်စွက်ခွင့်ပြုငွေမှ ပိုလျှံငွေအပ် နှံမှု များစွာမရှိစေရန်၊ ဘတ်ဂျက် ခန့်မှန်းမှု အားကောင်းလာစေရန်တို့ အတွက် ဌာန၊ အဖွဲ့အစည်းများက တောင်းခံလာသည့် ဖြည့်စွက်ခွင့်ပြု ငွေကျပ် ၂၉၉၇ ဒသမ ၆၅၆ ဘီလီယံ အနက် ငွေကျပ် ၂၆၆၀ ဒသမ ၉၈၇ ဘီလီယံကိုသာ စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း။

ရငွေအခြေအနေ

ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့ အစည်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်ရငွေပိုင်းတွင် မူလခန့်မှန်းခြေ စာရင်းတွင် ငွေကျပ် ၂၅၁၉၉ ဒသမ ၇၆၀ ဘီလီယံဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေတွင် ငွေကျပ် ၂၇၂၂၇ ဒသမ ၉၈၀ ဘီလီယံဖြစ်သည့်အတွက် ရငွေ အခြေအနေသည် မူလခန့်မှန်းခြေ စာရင်းထက် ငွေကျပ် ၂၀၂၈ ဒသမ ၂၂၀ ဘီလီယံ တိုးလာပါကြောင်း။
အသုံးစရိတ်ပိုင်းအနေဖြင့် မူလ ခန့်မှန်းခြေစာရင်းတွင် ငွေကျပ် ၃၁၉၁၈ ဒသမ ၈၉၁ ဘီလီယံဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များကို လိုငွေအတွက် ထပ်မံထောက်ပံ့ ငွေကျပ် ၅၉ ဒသမ ၅၁၈ ဘီလီယံ အပါအဝင်ခွင့်ပြုမည့် ဖြည့်စွက်ခွင့်ပြု ငွေမှာ ငွေကျပ် ၂၆၆၀ ဒသမ ၉၈၇ ဘီလီယံဖြစ်သည့်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေအသုံးစရိတ်သည် ငွေကျပ် ၃၃၈၀၅ ဒသမ ၈၃၅ ဘီလီယံဖြစ်ပါ ကြောင်း။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ် ပြုပြင်ပြီး ခန့်မှန်းခြေရေးဆွဲချိန် တွင် ဂျီဒီပီတန်ဖိုးမှာ ငွေကျပ် ၁၁၈၉၃၅ ဒသမ ၁၀၆ ဘီလီယံ၊
အသားတင်လိုငွေမှာ ငွေကျပ် ၆၅၇၇ ဒသမ ၈၅၅ ဘီလီယံဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီအချိုးသည် ၅ ဒသမ ၅၃ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စု အဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက် ခွင့်ပြုငွေစာရင်းအပါအဝင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေး ကော်မရှင်က သုံးသပ်ပြီး ထောက်ခံ အတည်ပြုပေးနိုင်ရန် တင်ပြအပ်ပါ ကြောင်း ပြောကြားသည်။

ထောက်ပံ့ငွေအဖြစ် ခွင့်ပြု

ယင်းနောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေ ငွေစာရင်းတွင် တိုင်းဒေသကြီး/ပြည်နယ်များ အရ အသုံး လျာထားမှုအခြေအနေမှာ စုစုပေါင်းရငွေကျပ် ၁၂၁၀ ဒသမ ၇၀၄ ဘီလီယံ၊ စုစုပေါင်းအသုံးစရိတ် ငွေကျပ် ၃၃၂၅ ဒသမ ၀၉၀ ဘီလီယံ၊ အသားတင်လိုငွေ ငွေကျပ် ၂၁၁၄ ဒသမ ၃၈၆ ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေ ငွေစာရင်းတွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေကျပ် ၂၁၁၄ ဒသမ ၃၈၆ ဘီလီယံကို ပြည်ထောင်စုမှ ထောက်ပံ့ငွေအဖြစ် ခွင့်ပြုပေးခဲ့ပါ ကြောင်း၊ ထို့ပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုး ရေးရန်ပုံငွေဖြင့် အခွန်ဝေစုများကို ခွဲဝေပေးလျက်ရှိပါကြောင်း။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး/ပြည်နယ်များက တင်ပြလာသည့် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို စိစစ်ရာတွင် ၎င်းတို့၏ ရငွေရရှိမှု၊ အခွန်ဝေစုရရှိမှု၊ မူလခန့်မှန်းခြေ လျာထားချက်စသည် တို့အပေါ်အခြေခံပြီး မူလခန့်မှန်းခြေ ငွေစာရင်းအရ ထောက်ပံ့ပေးခဲ့သည့် ပမာဏအပေါ် ၃ ရာခိုင်နှုန်း အမြင့်ဆုံး ညွှန်းကိန်းထားပြီး စိစစ်လျှော့ချခဲ့ပါ ကြောင်း။

စိစစ်မှုများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု၊ စိစစ်လျှော့ချမှုနှင့် ခွင့်ပြုနိုင်မှု အခြေအနေများမှာ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု ငွေကျပ် ၃၉၉ ဒသမ ၆၅၈ ဘီလီယံ၊ စိစစ် လျှော့ချမှု ငွေကျပ် ၉၅ ဒသမ ၅၅၄ ဘီလီယံ၊ ဖြည့်စွက်ခွင့်ပြုငွေခွင့်ပြုမှု ငွေကျပ် ၃၀၄ ဒသမ ၁၀၄ ဘီလီယံ ဖြစ်ပါကြောင်း။

အရည်အသွေးပြည့်မီ

တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များအနေဖြင့် မိမိတို့ဒေသအတွင်း တွင် ရရှိမည့် ဘဏ္ဍာငွေအရင်းအမြစ်နှင့် ပြည်ထောင်စုမှ ခွဲဝေပေးထားသည့် ဘဏ္ဍာငွေများကို မိမိဒေသအတွက် အကျိုးရှိထိရောက်စွာ အသုံးပြုသွား ကြရန်ဖြစ်ပါကြောင်း၊ ထို့ပြင် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး စေရန်နှင့် အရည်အသွေးပြည့်မီစေရန် စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားကြ ရန် လိုအပ်သည့်အပြင် ထုတ်ပြန်ထား သည့် ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း၊ တင်ဒါစည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများအပေါ် စိစစ်ခွင့်ပြုထား သော ဖြည့်စွက်ခွင့်ပြုငွေကျပ် ၃၀၄ ဒသမ ၁၀၄ ဘီလီယံနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအရ ပြည်ထောင်စု က ထပ်မံထောက်ပံ့ပေးရမည့် ငွေကျပ် ၅၉ ဒသမ ၅၁၈ ဘီလီယံတို့ကို ဘဏ္ဍာရေးကော်မရှင်က သုံးသပ်ပြီး အတည်ပြုပေးနိုင်ရန် တင်ပြအပ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြု ငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေ စာရင်းနှင့် ပြည်ထောင်စု၏နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

ထို့နောက် ဘဏ္ဍာရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု ၏နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ထောက်ခံဆွေးနွေး ကြသည်။
ယင်းနောက် ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက ဘဏ္ဍာရေး ကော်မရှင် အတွင်းရေးမှူး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြ ခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဝန်ကြီး ဌာနများ၊ အဖွဲ့ အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုစာရင်း၊ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ထောက်ပံ့ရမည့် ထောက်ပံ့ငွေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့အပေါ် ဆွေးနွေးကြပြီး ဖြစ်သည့်အတွက် ဘဏ္ဍာရေးကော်မရှင် ၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော် သို့ပေးပို့ရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

စစ်ဆေးကြပ်မတ်

ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ များအနေဖြင့် လျာထားသည့် အသုံး စရိတ်နှင့် အမှန်တကယ်သုံးစွဲသည့် အသုံးစရိတ်များသည့် နီးစပ်မှုရှိသင့် သည့်အပြင် သုံးစွဲသည့်အသုံးစရိတ် များသည် ပြည်သူကို ချက်ချင်း လက်ငင်း အကျိုးပြုနိုင်သည့် လုပ်ငန်း များဖြစ်ရန်၊ မိမိဒေသအတွက်နှင့် ဒေသခံပြည်သူများအတွက် ထိထိ ရောက်ရောက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများတွင်သုံးစွဲရန်၊ ပြည်ထောင်စု အနေဖြင့် ခွဲဝေပေးသည့် အသုံးစရိတ် များကို ရုံးချုပ်က ချုပ်ကိုင်ထားခြင်းမျိုး မဖြစ်စေဘဲ လုပ်ငန်းများ အချိန်မီ ပြီးစီးရေးအတွက် အသုံးစရိတ်ကို စနစ်တကျ စီမံခန့်ခွဲပြီး လုပ်ပိုင်ခွင့် များ ခွဲဝေပေးရန်၊ ထပ်မံခွဲဝေရရှိသည့် ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲကြ သည့်အခါ ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်၊ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို သတ်မှတ် ထားသည့်ကာလအတွင်း အချိန်မီပြီးစီး စေရန်နှင့် အရည်အသွေးပြည့်မီစေရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များက စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် လိုငွေနှင့် GDP အချိုးကို ငါးရာခိုင်နှုန်းထက် ကျော်လွန် ခွင့်ပြုခဲ့ပြီး ပြည်သူများ၏ လူမှုစီးပွား ဘဝ တိုးတက်မြင့်မားစေမည့် လျှပ်စစ် မီးရရှိရေး၊ လမ်း၊ တံတားလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ အသုံးစရိတ်ကို ပိုမို တိုးမြှင့်သုံးစွဲထားပြီး တစ်ဖက်တွင် လည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများတွင် ယခင်နှစ် များကထက် အသုံးစရိတ် ပိုမိုသုံးစွဲခဲ့ ပါကြောင်း။

ဌာနအဖွဲ့အစည်းများအနေဖြင့် မူလ ခန့်မှန်းခြေငွေစာရင်းတွင် တစ်နှစ်စာ ခွဲဝေချထားပေးပြီးဖြစ်သည့်အတွက် မိမိတို့ရရှိသည့် အသုံးစရိတ် ခွင့်ပြုငွေ အတွင်းတွင် စိစစ်သုံးစွဲနိုင်ရန် အားထုတ်ကြိုးပမ်းသင့်ပါကြောင်း၊ ဖြည့်စွက်ခွင့်ပြုငွေဆိုသည်မှာ တောင်းခံ ရန်မလိုအပ်လေ ကောင်းလေဖြစ်သည့် အတွက် တောင်းခံလာသည့် ဖြည့်စွက် ခွင့်ပြုငွေတိုင်းကိုလည်း ခွင့်ပြုပေးမည် မဟုတ်ကြောင်း၊ ရငွေအမှန်တကယ် ပိုမိုရရှိနိုင်ခြင်းမရှိဘဲ ဖြည့်စွက်ခွင့်ပြု ငွေ ထပ်မံတောင်းခံလိုသည့်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းတွင် ရငွေကို တိုးမြှင့်လျာထားခြင်းမျိုးများ မဖြစ်သင့်ပါကြောင်း၊ မူလခွင့်ပြုချက် ရရှိထားပြီး မဖြစ်မနေသုံးစွဲရန် ထပ်မံ လိုအပ်သည့် အသုံးစရိတ်၊ နိုင်ငံတော် နှင့် ပြည်သူအတွက် ဦးစားပေးသုံးစွဲရ မည့် အသုံးစရိတ်၊ အချိန်မီလည်း ပြီးစီး နိုင်မည့် အသုံးစရိတ်များကိုသာ ခွင့်ပြု ပေးနိုင်မည် ဖြစ်ပါကြောင်း။
နိုင်ငံတော်၏မူဝါဒ၊ ဦးတည်ချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များအပေါ် အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက လျာထားချက်ပါ အသုံးစရိတ်များကို ထိရောက်စွာသုံးစွဲ အကောင်အထည်ဖော်ရန် လိုအပ်ပါ ကြောင်း။

ဘဏ္ဍာရေးစည်းမျဉ်းတွင် ပြဆို

ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံသည့် အသုံးစရိတ်များအတွက် ခွင့်ပြုချက် ရရှိပြီးပါက သုံးစွဲနိုင်မည့်ကာလသည် လေးလခန့်သာရှိသည့်အတွက် လုပ်ငန်း ပြီးပြတ်အောင် မဆောင်ရွက်နိုင်ပါက ပိုလျှံငွေပြန်အပ်ရသည့်အခါ ဘတ်ဂျက် လျာထားမှုစွမ်းရည် အားနည်းမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမှန် တကယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်း များအတွက်သာ တောင်းခံသင့်ပါ ကြောင်း၊ ရရှိထားသည့် ခွင့်ပြုငွေကို မသုံးစွဲနိုင်ပါက နိုင်ငံတော်နှင့် ပြည်သူ အတွက် အကျိုးမရှိသလို လာမည့် ဘဏ္ဍာနှစ်အတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ထည့်သွင်းရန်လည်း အချိန်မီဆောင်ရွက်နိုင်ခြင်းရှိမည် မဟုတ်သည်ကို သတိပြုကြစေလိုပါ ကြောင်း၊ ဖြည့်စွက်ခွင့်ပြုငွေကို အခြား ခေါင်းစဉ်တစ်ခုသို့ ရန်ပုံငွေလွှဲပြောင်း သုံးစွဲခွင့်မရှိသလို ပြန်လည်အပ်နှံပါက လည်း ကြီးလေးသည့် ချို့ယွင်းချက် ဖြစ်ကြောင်း ဘဏ္ဍာရေးစည်းမျဉ်းတွင် ပြဆိုထားပါကြောင်း။

အလေအလွင့်မရှိအောင်

ပြည်ပအကူအညီရငွေ၊ ပြည်ပ ချေးယူရငွေများရှိသည့် ဌာနများအနေ ဖြင့်လည်း အမှန်တကယ်ရရှိနိုင်မည့် ပမာဏကိုသာ ခန့်မှန်းလျာထားရန်နှင့် ပြည်ပအကူအညီများကို အချိန်ဇယား နှင့်အညီ ထုတ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ပြည်ပချေးငွေများသည် ပြန်လည် ပေးဆပ်ရမည့်ငွေများဖြစ်သည့်အတွက် ဂရုစိုက်ပြီး အလေအလွင့်မရှိအောင် သုံးစွဲကြရန်လည်း လိုအပ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စု အဆင့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ဘဏ္ဍာရေးကော်မရှင်က ထောက်ခံတင်ပြထားသည့်အတိုင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေ များကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိအောင် ထိရောက်စွာ သုံးစွဲကြ ရန် အလေးအနက်ပြောကြားလိုပါ ကြောင်း ပြောကြားသည်။

သတင်းစဉ်

No comments:

Post a Comment