Tuesday, April 7, 2020

ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ယာကြီး-ကလေးဝလမ်းနှင့် မင်းကင်းမြို့နယ်အတွင်းရှိ ကျေးလက်လမ်းနှစ်လမ်းအား ကြည့်ရှုစစ်ဆေး
Image may contain: one or more people and people standing
နေပြည်တော် ဧပြီ ၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းသည် ဧပြီ ၅ ရက်တွင် အိန္ဒိယနိုင်ငံအကူအညီဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသော ယာကြီး-ကလေးဝ လမ်းစီမံကိန်းအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် မိုင်(၇၉ / ၀ )ရှိ ရှင်းလင်းဆောင်သို့ရောက်ရှိပြီး အိန္ဒိယနိုင်ငံ ကန်ထရိုက် တာကုမ္ပဏီမှ တာဝန်ရှိသူများ၊ အင်ဂျင်နီယာ၊ လုပ်သားများ၊ ကျောက်တန်းကျေးရွာမှ ရွာသူရွာသားများနှင့်တွေ့ဆုံကာ လမ်းစီမံကိန်းကို လာရောက်လုပ်ကိုင်နေကြသော အိန္ဒိယ နိုင်ငံသားများသည် ယခု ကိုဗစ်-၁၉ ရောဂါဖြစ်မှ ရောက်လာ ကြသူများမဟုတ်ကြောင်း၊ ပြီးခဲ့သည့်တစ်နှစ်ခန့်၊ စီမံကိန်း စတင်ကတည်းက လာရောက်အလုပ်လုပ်နေသူများဖြစ် ကြောင်း၊ ထို့ကြောင့် စီမံကိန်းရုံးကို အခြားသို့ပြောင်းရွှေ့ ပေးရန်မဖြစ်နိုင်ကြောင်း၊ လွန်ခဲ့သော နှစ်ပတ်ခန့်က သေဆုံးခဲ့သော အိန္ဒိယနိုင်ငံသားမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဓာတ်ခွဲခန်းစစ်ဆေးချက်နှင့် ဆေးစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါကြောင့်မဟုတ်ဘဲ နှလုံး ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ကောလာဟလ သတင်းများကို မယုံကြည်ကြရန်လိုကြောင်း။
ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကောလာဟလသတင်းများ ပျံ့နှံ့နေ၍ ယခုစီမံကိန်းကြီးကို ရပ်လိုက်ပါက ဆောင်ရွက်ဆဲ Culvert များ၊ တံတားများ၏ ရှောင်ကွင်းလမ်းများသည် မြေသားလမ်းဖြစ်၍ မိုးရွာသည် နှင့် လုံးဝသွား၍မရတော့ဘဲ ဒေသခံများနှင့် ခရီးသွားများ လမ်းပန်းဆက်သွယ်မှုပြတ်တောက်ပြီး ဒုက္ခရောက်ကြ ရမည်ဖြစ်၍ Culvert များ၊ တံတားငယ်များကို အမြန်ဆုံး အပြီး တည်ဆောက်သွားရန်လိုကြောင်းနှင့် လမ်းစီမံကိန်း မှာလည်း ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြီး ရွာသူရွာသားများနှင့် စီမံကိန်းတာဝန်ရှိသူ များ၏ အခက်အခဲတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
ယင်းနောက် ယာကြီး-ကလေးဝလမ်း စီမံကိန်း တာဝန်ခံက လုပ်ငန်းလျာထားချက်နှင့် ပြီးစီးမှုအခြေအနေ များ၊ အင်ဂျင်နီယာနည်းပညာဆိုင်ရာများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက အင်ဂျင်နီယာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ဆုံးဖြတ်ပေးခဲ့ပြီး ယာကြီး- ကလေးဝ လမ်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသော မင်းကင်း - မြို့မလမ်းနှင့် ဆက်နွှယ်သော ချင်းတွင်းမြစ်ရိုး အနောက်ဘက်အထက်ပိုင်းရှိ ကမ်းပြည့်-ချောင်းဝ- ဆပ်စား - အူ - ယုံထောင် - အင်ကုန်းကြီး - ရွာဘ - တရာ ကျေးရွာချင်းဆက်လမ်း မိုင် ၁၁ / ၆ တွင် စက်ယန္တရားများနှင့် မြေသားလမ်းဖောက်လုပ်နေမှုအား ကြည့်ရှုပြီး လမ်း Alignment ကို အတည်ပြုပေးခဲ့သည်။
အဆိုပါလမ်းမှာ၂၁ မိုင် ၁ ဖာလုံရှိရာ ၄ မိုင် ၃ ဖာလုံမှာ ကွန်ကရစ်လမ်းဖြစ်ပြီး ကျန်အပိုင်းများမှာ နွေရာသီ ဆိုင်ကယ်လမ်းဖြစ်ကာ ယခုအခါ မြေသားလမ်းအဖြစ် ဖောက်လုပ်နေခြင်းဖြစ်ပြီး ၁၀ မိုင် ၅ ဖာလုံအထိပြီးစီးပြီး ဖြစ်၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း။ အဆိုပါ လမ်းမြေသားလမ်းဖောက်လုပ်ပြီးပါက ကျေးရွာ ၁၂ ရွာ၊ အိမ်ခြေ ၁၅၂၃ အိမ်၊ လူဦးရေ ၇၂၉၄ ဦးကို အကျိုးပြု မည်ဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မင်းကင်းမြို့ ပြည်သူ့ဆေးရုံတွင် အလှူငွေများပေးအပ်ပြီး (အပေါ်ဝဲပုံ) ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အတွက် လိုအပ်သော တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ ၁၂၀၊ နှာခေါင်းစည်း အခု ၃၀၀၊ လက်အိတ်အစုံ ၃၀၀၊ သာမိုမီတာ ခြောက်ချောင်း၊ အရေးပေါ်အသက်ရှူစက် တစ်စုံ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment