Wednesday, April 8, 2020

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့်အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၀)သို့ တက်ရောက်





နေပြည်တော် ဧပြီ ၇

စာရင်းအင်းအချက်အလက် မှန်ကန် ရေးနှင့်အရည်အသွေးပြည့်ဝရေး ဗဟို ကော်မတီအစည်းအဝေး (၁/၂၀၂၀) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ စာရင်းအင်းအချက်အလက် မှန်ကန် ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာ စကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးစိုးဝင်း၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာ သန်းမြင့်၊ ဦးဟန်ဇော်၊ ဒေါက်တာ မြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော် ကျော်မောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်၊ ဒေါက်တာမင်းရဲပိုင်ဟိန်း၊ ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လုပ်ငန်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ ကျင်းပသည့် ဗဟိုကော်မတီ အစည်းအဝေး သည် (၁၀)ကြိမ်မြောက်ကျင်းပသည့် အစည်း အဝေးဖြစ်ပြီး ၂၀၂၀ပြည့်နှစ်၏ ပထမအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း။

ဒီမိုကရေစီလူ့အဖွဲ့အစည်း တည်ဆောက် နိုင်ရေး၊ အစိုးရဝန်ဆောင်မှုကောင်းများ ပေးနိုင် ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အရည်အသွေးပြည့်ဝပြီး တိကျမှန်ကန် သည့်စာရင်းအင်းများသည် မရှိမဖြစ် လိုအပ် သည့် အစိတ်အပိုင်းဖြစ်သည့်အတွက် အခြေခံ စည်းမျဉ်းများနှင့်ကိုက်ညီပြီး ပွင့်လင်းမြင်သာ စွာ ဆုံးဖြတ်ချက်ချမှတ်နိုင်သော အကျိုးရှိစွာ ဆန်းစစ်နိုင်သည့် စာရင်းအင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်မှုအတွက် အချက်အလက်နှင့် မူဝါဒ ချိတ်ဆက်မှုသည် အလွန်အရေးပါသည့်အတွက် စာရင်းအင်းထုတ်ပြန်သူနှင့် အသုံးပြုသူ အကြား အပြန်အလှန် ဆွေးနွေးမှုများကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံတကာကတိ ကဝတ်များနှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ(Sustainable Development Goals-SDGs)ကို အကောင်အထည်ဖော်ဆောင် နေကြသကဲ့သို့ မိမိတို့နိုင်ငံ၏ အခြေအနေနှင့် လျော်ညီသည့် ဖွံ့ဖြိုးမှုလိုအပ်ချက်များကို ထည့်သွင်းထားသည့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း(Myanmar Sustainable Development Plan-MSDP) (၂၀၁၈-၂၀၃၀) ကို အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှုနှင့်ထိရောက်မှုများကို စောင့်ကြည့် အကဲဖြတ်နိုင်စေရေးအတွက် အမျိုးသား ညွှန်ကိန်းမူဘောင် (National Indicator Framework-NIF)တစ်ရပ် ပေါ်ထွက်လာစေ ရေးကို ဗဟိုစာရင်းအင်းအဖွဲ့က ဦးဆောင်၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုကာလတွင် အမျိုးသားညွှန်ကိန်းမူဘောင် လုပ်ငန်းစဉ်သည် ညွှန်ကိန်းများ၏ တူညီသည့် အဓိပ္ပာယ် သတ်မှတ်ချက်၊ သဘောတရားနှင့် တွက်ချက် နည်းများပါဝင်သောအချက်အလက် Metadata များကို ဖော်ထုတ်နိုင်ရန် အဆင့်အထိ ရောက်ရှိ နေပြီ ဖြစ်ကြောင်းနှင့် တတိယအကြိမ်မြောက် Metadata အကောင်အထည် ပေါ်ပေါက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဗဟိုစာရင်းအင်းအဖွဲ့က ဦးဆောင်၍ ဆောင်ရွက်ပြီးဖြစ်သည်ကို သိရှိရ ကြောင်း။

မြန်မာနိုင်ငံ၏ စာရင်းအင်းစနစ်သည် ဗဟို ချုပ်ကိုင်မှုလျှော့ချသည့် စာရင်းအင်းစနစ် (Decentralized Statistical System)ဖြစ် သည့်အတွက် ယခု အမျိုးသားညွှန်ကိန်း မူဘောင်လုပ်ငန်းစဉ်တွင် ဝန်ကြီးဌာနများအနေ ဖြင့် သက်ဆိုင်ရာညွှန်ကိန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ရမည့်အပိုင်းများ အလိုက် တာဝန်ယူဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း။

ထို့ပြင် အမျိုးသားညွှန်ကိန်းမူဘောင်တွင် ပါဝင်သည့် ညွှန်ကိန်းများသည် MSDP တွင် ပါဝင်သည့်စီမံကိန်းများ၏ Outputs Level, Outcomes Level မျှသာမက Strategic Level, Impact Level အထိ တိုင်းတာနိုင်အောင် ရေးဆွဲထားခြင်းဖြစ်သည့်အတွက် အချို့ ညွှန်ကိန်းများကို တွက်ချက်ရာတွင် ဌာနတစ်ခု တည်းက တာဝန်ယူဆောင်ရွက်ခြင်းအပြင် ဌာနသုံးခု၊ လေးခု ပူးပေါင်းဆောင်ရွက်ရခြင်းများလည်း ပါဝင်သည့်အတွက် ဌာနများအကြား Cooperation and Coordination ကို ပိုမို လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ One Country, One Source, One Data ဖြစ်ပေါ်လာမည်ဖြစ်သကဲ့သို့ အစိုးရနှင့် ပြည်သူ အကြား၊ နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား တွင် ခိုင်မာသည့်ယုံကြည်မှုများ တိုးမြင့်လာ မည်ဖြစ်ပြီး ကောင်းမွန်သည့် User-provider Relationship ကို လျင်လျင်မြန်မြန် တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း။

ထို့ပြင် ဌာနဆိုင်ရာများအကြား စာရင်းအင်း လုပ်ငန်းကိစ္စရပ်များ ချိတ်ဆက်ဆောင်ရွက်ရာ တွင် အပြန်အလှန် ယုံကြည်မှုရရှိရေးနှင့် မှန်ကန်သည့် Data များ အချိန်မီ ရရှိစေရေး အတွက် ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် အစိုးရ နှင့် ပုဂ္ဂလိကကဏ္ဍ (၂)ရပ်လုံးအနေဖြင့် စာရင်း အင်းနှင့်သက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်းများ အားလုံး လိုက်နာကျင့်သုံးရမည့် အချက်များ ကိုပြုစုပေးထားသည့် စာရင်းအင်းဆိုင်ရာ ကျင့်ဝတ်(Code of Practice-CoP) တစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း။
စာရင်းအင်းနှင့် သက်ဆိုင်သူအားလုံး စာရင်းအင်းဆိုင်ရာကျင့်ဝတ်ကို လိုက်နာကျင့်သုံး ပြီး လုပ်ငန်းများဆောင်ရွက်မည်ဆိုပါက Data သုံးစွဲသူများအနေဖြင့် နိုင်ငံတော်မှထုတ်ပြန် သည့်စာရင်းအင်းဆိုင်ရာအစီရင်ခံစာများနှင့် Data များကို ရာနှုန်းပြည့် ယုံယုံကြည်ကြည် ပိုမိုအသုံးပြုလာကြမည်ဖြစ်၍ ဌာနဆိုင်ရာများ အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစာရင်းအင်း စနစ် အရည်အသွေးပြည့်ဝနေမှသာ မူဝါဒ ချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် လူမှု-စီးပွား သုတေသန ဆောင်ရွက်သူများစသည်ဖြင့် အားလုံးအတွက် ချမှတ်သည့် ဖွံ့ဖြိုးမှုမူဝါဒများ၊ စီမံကိန်းများနှင့် စီးပွားရေးဝန်းကျင်ကောင်းများကို ဖန်တီးနိုင် မည်ဖြစ်သည့်အပြင် ရှားပါးသည့် သယံဇာတ များကို အကျိုးရှိထိရောက်သည့် ခွဲဝေမှုများကို လည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

အမျိုးသားစာရင်းအင်းစနစ် ဖြစ်ပေါ်လာ ရေးဆောင်ရွက်ရာတွင် အကျိုးရှိထိရောက် သောရင်းနှီးမြှုပ်နှံမှုဖြစ်စေရန် နိုင်ငံတော်က ချမှတ်ထားသည့် အမျိုးသားမူဝါဒနှင့် မဟာ ဗျူဟာအပေါ် အကျိုးသက်ရောက်မှုရှိစေပြီး စာရင်းအင်းအသုံးပြုသူများ၏ တောင်းဆိုချက် များကို ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ ရင်းမြစ်များနှင့် ဆက်စပ်မှုရှိရန် အရေးကြီးပါ ကြောင်း။

ပြည်သူလူထုထံမှ ရရှိလာသည့် အချက် အလက်များမှ လျှို့ဝှက်ထိန်းသိမ်းထားရမည့် အချက်အလက်များကို ထိန်းသိမ်းထားရှိရန်၊ စာရင်းအင်းဆိုင်ရာ လုပ်ငန်းကိစ္စရပ်မှလွဲ၍ အခြားကိစ္စရပ်များတွင် အသုံးမပြုရန်နှင့် လိုအပ်သလိုရရှိလာသည့် အချက်အလက်များ ကို တရားဝင်စာရင်းအင်းအဖြစ် ကောက်ယူ၊ စုစည်း၊ တွက်ချက်၊ ထုတ်ပြန်သည့်အချိန်တွင် လည်း ခေတ်သစ်အမြင်နည်းလမ်းများဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အမျိုးသား စာရင်းအင်းစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်ရာတွင် ဗဟိုစာရင်းအင်းအဖွဲ့တစ်ခု တည်းဆောင်ရွက်၍ မရသည့်အတွက် ဌာန ဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် လေးလေးနက်နက် တိုက်တွန်းအပ်ပါကြောင်း။

ခိုင်မာသည့် အချက်အလက်များက အထောက်အထား အခြေပြုမူဝါဒအဖြစ် ပြောင်းလဲနိုင်ခြင်း “Evidence Based Policy” ဖြစ်သည့်အတွက် စာရင်းအင်းဆိုင်ရာ ရင်းနှီး မြှုပ်နှံမှု၏ ရလဒ်သည် အလွန်ကြီးမားသည့် အတွက် မိမိတို့နိုင်ငံ၏ အရင်းအနှီးလုပ်အား နှင့် အခြေခံအဆောက်အဦ စသည်တို့သည် အကန့်အသတ်ဖြင့် တည်ရှိနေသည့် ရင်းမြစ် များ ဖြစ်သော်လည်း စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် တတ်နိုင်သမျှရင်းနှီးမြှုပ်နှံပြီး အထိ ရောက်ဆုံး အသုံးချနိုင်ရန် အရေးကြီးသည့် အတွက် ကော်မတီဝင်များနှင့် လုပ်ငန်းအဖွဲ့များ အနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးကြ ပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြား သည်။

ထို့နောက် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေး ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စာရင်းအင်းအချက်အလက်များပြည့်စုံမှန်ကန်ရေးနှင့် ထုတ်ပြန်နိုင်ရေး၊ စာရင်း အင်းနည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေး၊ စာရင်းအင်းအချက်အလက်များကို ဌာနဆိုင်ရာ များ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် စာရင်း အင်းဆိုင်ရာအချက်အလက် စစ်တမ်းများ ကောက်ယူရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြ သည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၁၉) ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းအဖွဲ့များအလိုက် စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာအကောင်အထည်ဖော် ဆောင်ရွက် မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဦးဟန်ဇော်၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာ ဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး များက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာရင်းအင်းကောက်ယူခြင်း၊ ပတ်ဝန်းကျင် ဆိုင်ရာ စာရင်းအင်းဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ စွမ်းအင်ဆိုင်ရာ စာရင်းအင်းနှင့်စပ်လျဉ်းသည့် ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၁၉)ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ထားရှိမှုများ၊ ပြည်သူ့အင်အားဆိုင်ရာ စာရင်းအင်းကောက်ယူရေး၊ အလုပ်သမား ဆိုင်ရာ စာရင်းအင်းကောက်ယူရေးနှင့် လုပ်သားအင်အား စစ်တမ်းကောက်ယူရေး ဆိုင်ရာများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ အခြေခံအဆောက်အဦ၊ လမ်း၊ တံတားနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး စာရင်းအင်းဆိုင်ရာများ၊ စာရင်းအင်းအချက် အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးဆိုင်ရာများ၊ သတင်းအချက် အလက်များ မှန်ကန်ရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာများ၊ Social manag-ement information system အကောင် အထည်ဖော်ရေးဆိုင်ရာများ၊ မေခရိုစီးပွား စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ငွေရေးကြေးရေး စာရင်းဆိုင်ရာများ၊ ဗဟိုဘဏ်နှင့် သက်ဆိုင် သည့် ညွှန်ကိန်းဆိုင်ရာများ၊ မွေးဖွားမှုနှင့် သေဆုံးမှု စာရင်းအင်းဆိုင်ရာများ၊ စာရင်း ဇယားများ ကောက်ယူထိန်းသိမ်းရာတွင် ဝန်ကြီးဌာနများအချင်းချင်း ဆက်စပ်ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းအင်းဆိုင်ရာများကို ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တစ်မျိုးသားလုံးဆိုင်ရာ စာရင်းအင်းများ လုပ်ငန်းအဖွဲ့၊ စစ်တမ်းများ နှင့် စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ချက်များ လုပ်ငန်းအဖွဲ့၊ လူမှုရေးဆိုင်ရာ စာရင်းအင်းများ လုပ်ငန်းအဖွဲ့၊ မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ စာရင်းအင်းများ လုပ်ငန်းအဖွဲ့၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဆိုင်ရာ စာရင်းအင်းများ လုပ်ငန်းအဖွဲ့၊ စွမ်းအင်ဆိုင်ရာ စာရင်းအင်း လုပ်ငန်းအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ စာရင်းအင်းလုပ်ငန်းအဖွဲ့၊ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၊ မေခရိုစီးပွားရေး စောင့်ကြပ် ကြည့်ရှုခြင်းနှင့် ငွေရေးကြေးရေးစာရင်းအင်းလုပ်ငန်းအဖွဲ့နှင့် လူဦးရေဆိုင်ရာ စာရင်းအင်း များလုပ်ငန်းအဖွဲ့တို့မှ အဖွဲ့ခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များက ကဏ္ဍအလိုက် စာရင်းအင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက စာရင်းအင်းအချက်အလက်များ ကောက်ယူခြင်း၊ စုစည်းခြင်း၊ ထုတ်ပြန်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ အဆိုပါစာရင်းအင်း အချက်အလက်များသည် မူဝါဒ၊ လမ်းညွှန်ချက်၊ ဆုံးဖြတ်ချက်နှင့် သုံးသပ်ချက်များ ချမှတ်နိုင် ရန်အတွက် အရည်အသွေးရှိရမည် ဖြစ်ပါ ကြောင်း၊ လတ်တလော ကြုံတွေ့နေရသည့် COVID-19 ကိစ္စနှင့်ပတ်သက်၍ သာမန် လက်လုပ်လက်စား မိသားစုများကို အခြေခံ စားသောက်ကုန်ထောက်ပံ့ရေး ဆောင်ရွက်ရာ တွင်လည်း မိသားစုများကျန်လပ်ခြင်း မရှိစေ ရေးနှင့် စာရင်းထပ်မသွားစေရေးအတွက် ရပ်ကွက်ကျေးရွာအလိုက် လက်လုပ်လက်စား မိသားစုဝင်များ၏ စာရင်းအင်းများ ပြည့်ပြည့် စုံစုံရှိနေရန် လိုအပ်ပါကြောင်း၊ လက်ရှိဖြစ်ပွား နေသည့် COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းကဏ္ဍအသီးသီးရှိ ထိခိုက်မှုစာရင်းများ ဖော်ထုတ် ကောက်ယူပြုစုကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ကောက်ယူထားသည့် စာရင်း များ မှန်ကန်မှသာ ကုစားနိုင်မည့် နည်းလမ်း များကို မှန်ကန်စွာ ဖော်ထုတ်နိုင်မည် ဖြစ်ပါ ကြောင်း၊ အရေးပေါ်ကာလဖြစ်စေ၊ သာမန် ကာလဖြစ်စေ စာရင်းအင်း အရည်အသွေး ပြည့်ဝ တိကျမှန်ကန်ခိုင်မာအောင် ဌာနအဖွဲ့ အစည်းများအားလုံး ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

No comments:

Post a Comment