Sunday, April 5, 2020

မြန်မာ့ရုပ်ရှင်ကို ကြည့်ရှုခံစားဂုဏ်ပြုခြင်းဖြင့် .



အယ်ဒီတာ့အာဘော်
=================



အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါသည် လူစုလူဝေးများပြားရာ နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့်ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပခြင်းအပါအဝင်) မပြုလုပ်ကြရန်နှင့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို မတ်လ ၁၃ ရက်နေ့မှစ၍ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်း ထားရေးကိုလည်း သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားထားပြီး လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့်သတ်မှတ်သွားမည်ဟု နိုင်ငံတော်သမ္မတရုံးမှ မတ်လ ၁၃ ရက်နေ့တွင် ပြည်သူသို့ ပန်ကြားချက်ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါသည် လူစုလူဝေးများပြားရာ နေရာများတွင် လျင်မြန်စွာကူးစက်နိုင်သည့်ရောဂါဖြစ်၍ ထိုသတင်းထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံအတွင်း ပြုလုပ်ဆဲ၊ ပြုလုပ်မည့်အခမ်းအနားများ၊ ပွဲလမ်းသဘင် များ ပြုလုပ်ခြင်းကို ရပ်ဆိုင်းခဲ့သည်။ ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သည့် အဆိုပါရောဂါကြောင့် ပွဲလမ်းသဘင်အခမ်းအနားများကို ရပ်ဆိုင်းခဲ့ရသဖြင့် ပြည်သူလူထုအတွက် ထိခိုက်နစ်နာမှုများရှိသည်ဆိုသော်လည်း အများ ပြည်သူရောဂါမဖြစ်ရေး၊ ရောဂါကြောင့် အသက်သေဆုံးမှုမဖြစ်ရေး၊ လျော့နည်းရေးတို့ကို အထောက်အကူပြုသဖြင့် အနစ်နာခံရကျိုးနပ်မည် ဖြစ်သည်။

ပွဲလမ်းသဘင်အခမ်းအနားများ မပြုလုပ်ရဟုဆိုသော်လည်း လူအများ စုဝေးခြင်းမပြုဘဲ လူမှုကွန်ရက် မျက်နှာစာများ၊ မီဒီယာများမှတစ်ဆင့် လူအများအား အသိပေးလှုံ့ဆော်ခြင်းသည် မိမိတို့ရည်ရွယ်ချက်ကို တစ်နည်းတစ်ဖုံ အထောက်အကူဖြစ်စေသည်။ ယခုအခါ ပြည်သူလူထုနှင့် ကိုယ်တိုင်ထိတွေ့ဆက်ဆံမှုမပြုလုပ်ဘဲ အင်တာနက်မျက်နှာစာများ၊ မီဒီယာ များမှတစ်ဆင့် မိမိတို့၏လိုလားချက်များ၊ ပြည်သူလူထု၏ သဘောထားဆန္ဒ များကို အပြန်အလှန်ဝေမျှနိုင်သည်ကိုတွေ့ရသည်။ နည်းပညာတိုးတက်လာ သောခေတ်ဝယ် ပြည်သူလူထုများနှင့်ထိတွေ့နိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ဆက်ဆံနိုင်ခြင်းသည် လူချင်းမနီးသော်လည်း စိတ်ချင်းနီးအောင်ပြုလုပ်နိုင် သည့် အကျိုးရလဒ်များဖြစ်သည်။

ပြည်သူလူထုအနေဖြင့် ယခုအချိန်အခါ၌ လူစုလူဝေးဖြင့်ပြုလုပ်သော ပွဲလမ်းသဘင်များ ရပ်ဆိုင်းထားသည်ဆိုသော်လည်း ဆက်သွယ်ရေး နည်းပညာ၊ လူထုဆက်သွယ်ရေးပညာ အကျိုးကျေးဇူးများကြောင့် အသိ ပညာပေးရေး၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် မိမိတို့သိရှိခံစားလိုသည်များကို ရွေးချယ်ကြည့်ရှုနိုင်ကြပြီဖြစ်သည်။ အထူးသဖြင့် ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်း များ၊ အနုပညာဖျော်ဖြေတင်ဆက်မှုများ၊ ဆွေးနွေးပြောဆိုမှုများကို ခံစားကြည့်ရှုနိုင်ခြင်းသည် လူချင်းမနီးသော်လည်း စိတ်ချင်းနီးစေနိုင်သည့် ဆောင်ရွက်ချက်များဖြစ်သည်။

ယခုအခါ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ကာလကို ဖြတ်သန်းနေပြီဖြစ်ရာ လူအများစုဝေး၍ အခမ်းအနားများ၊ ပွဲလမ်းများ၊ ဖျော်ဖြေမှုများ ပြုလုပ်နိုင် ခြင်းမရှိသေးသော်လည်း မီဒီယာမျက်နှာစာပေါ်မှ ကြည့်ရှုခံစားလေ့လာနိုင် ကြပြီဖြစ်သည်။ ရုပ်ရှင်အနုပညာ ဖျော်ဖြေတင်ဆက်မှုသည် ပြည်သူတို့၏ စိတ်နှလုံးသားကို တက်ကြွလန်းဆန်းမှုကိုဖြစ်စေသဖြင့် ယခုကဲ့သို့ ပြည်သူလူထု၏ စိတ်ခံစားချက်များ၊ လူမှုဘဝနေထိုင်မှုများ မွန်းကျပ် နေချိန်တွင် မီဒီယာများမှတစ်ဆင့် ရုပ်ရှင်ဗီဒီယိုအနုပညာရပ်များ ဖျော်ဖြေ တင်ဆက်ပေးခြင်းမှာ ရုပ်ရှင်နှင့်မီဒီယာသည် ပြည်သူ့အကျိုးပြုတာဝန်ကို လိုအပ်သည့်အချိန်တွင် ထမ်းဆောင်ပေးခြင်းဖြစ်သည်။



၂၀၂၀ ပြည့်နှစ်သည် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ကာလဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ရုပ်ရှင်ရာပြည့် ပွဲလမ်းသဘင်အခမ်းအနားများကို မကျင်းပနိုင်သေးမီကာလအတွင်း မီဒီယာမျက်နှာစာများပေါ်မှ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ကာလအတွင်း ထင်ရှားကျော်ကြား လူကြိုက်များသော ရုပ်ရှင် ဖန်တီးသူများ၊ ရုပ်ရှင်အနုပညာရှင်များ၊ ရုပ်ရှင်ဇာတ်ကားများကို မိမိတို့၏ နေအိမ်တွင်ပင် ကြည့်ရှုခံစားခြင်းသည် ရောဂါဘေးကာကွယ်ရေးကို လိုက်နာဆောင်ရွက်ရာရောက်သည့်အပြင် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ကို ဂုဏ်ပြုရာလည်း ရောက်ပါကြောင်း။ ။

No comments:

Post a Comment