Sunday, April 5, 2020

ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုများဆောင်ရွက်လျက်ရှိသောနေရာများနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်





ရန်ကုန် ဧပြီ ၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်လျက်ရှိသော နေရာ များသို့ ကွင်းဆင်းသွားရောက် ကြည့်ရှုသည်။

လျှောက်ထား

ရှေးဦးစွာ အသွားအလာကန့်သတ် စောင့်ကြပ် ကြည့်ရှုမှုခံရသူ ၂၁၈ ဦးအား ထားရှိသည့် လှည်းကူးမြို့နယ် ရှိ ဓမ္မရံသီကျောင်းတိုက်သို့သွားရောက်၍ ကျောင်းတိုက် ဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သုနန္ဒအား ဖူးမြော်၍ ယခုကဲ့သို့ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ထိန်းချုပ်ရေးလုပ်ငန်းတွင် အလွန်အရေးကြီးသည့် အသွား အလာကန့်သတ်ရန်နေရာများ ပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း လျှောက်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ နှင့်အတူ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရာ နေရာတွင် ပရဟိတစေတနာ့ဝန်ထမ်းများအဖြစ် တာဝန် ထမ်းဆောင်နေသူများအားတွေ့ဆုံ၍ ကျေးဇူးတင်စကားနှင့် အားပေးစကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ သွားရောက်၍ တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် မိမိစိတ်ဆန္ဒ အလျောက် အဆိုပြုတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း များအားတွေ့ဆုံ၍ ကျေးဇူးတင် အားပေးစကားပြောကြား သည်။ ထို့နောက် ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှု ခဲ့ပြီး CT Scan ဓာတ်မှန်စက်ကြီးနှင့် Oxygen Plant တပ်ဆင်ထားရှိမည့်နေရာများကို ကြည့်ရှုကာ လူနာများ ထားရှိ ကုသမှုပေးရန် ထပ်မံလိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ ရောဂါ လူနာနှင့် ထိတွေ့ခဲ့သည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေး ဝန်ထမ်း ၁၆ ဦးအား အသွားအလာကန့်သတ် စောင့်ကြပ် ကြည့်ရှုမှုခံယူရာ ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်ရှိ ဝန်ထမ်း အိမ်ရာ လေးထပ်ဆောင်သစ်သို့ သွားရောက်ပြီး တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ဖြည့်ဆည်းဆောင်ရွက်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးရှိ လေးထပ်ဆောင်သစ်သို့ သွားရောက်ရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ရောဂါပြင်းထန်သော လူနာများအား အထူးကြပ်မတ် ကုသမှုပေးရန်လိုအပ်သော စက်ပစ္စည်း ကိရိယာများ တပ်ဆင်ထားရှိမှုနှင့် လိုအပ်သည်များကို တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို စီစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ ဆေးရုံများသို့ သွားရောက်စဉ် ပြည်ထောင်စု ဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ယခင်ကတည်းက တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများတွင် အထူးကြပ်မတ် ကုသဆောင်များကို အဆင့်မြှင့်တင်မှုများပြုလုပ်ပြီး ဆရာဝန်များ၊ သူနာပြုများနှင့် ကုသမှုအထောက်အကူပြု ပညာရှင်များကို အထူးကြပ်မတ်ကုသမှုဆိုင်ရာ မွမ်းမံ သင်တန်းများပြုလုပ်ရန် စီစဉ်ထားရှိခဲ့ရာ ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုတွင် အဆိုပါသင်တန်းများ နှင့် အဆင့်မြှင့်တင်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ယခု ဖြစ်စဉ်အတွက်သာမက ရေရှည်အတွက်ပါ အကျိုးရှိစေ မည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုမို တိုးတက်ကောင်းမွန်စေမည် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါလူနာများအား သီးသန့် ထားရှိ ကုသမှုပေးနိုင်ရန်အတွက် ဆေးရုံများ ကြိုတင်ပြင်ဆင် ထားရှိသကဲ့သို့ မန္တလေးတိုင်းဒေသကြီးတွင်လည်း ခုတင် (၃၀၀)ဆံ့ သင်ကြားရေးဆေးရုံကြီးကို Designated Hospital အဖြစ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်လည်း ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် Clinical Management Team များ ဖွဲ့စည်း ထားရှိကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ၊ စက်ကိရိယာများနှင့် ဓာတ်ခွဲပစ္စည်းများကို ဝန်ကြီးဌာနက အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ထပ်မံ လိုအပ်ပါက အမျိုးသားအဆင့်ဗဟိုကော်မတီသို့ တင်ပြသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာဆေးရုံအလိုက် လိုအပ်သည်များကို စာရင်းပြုစု၍ အမြန်ဆုံးတင်ပြကြ စေလိုကြောင်း ပြောကြားသည်။

အားပေးစကားပြောကြား

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံရသူ ၂၅ ဦးထားရှိရာ သုဝဏ္ဏဘောလုံးအကယ်ဒမီနှင့် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံရသူ ၁၄၅ ဦးထားရှိရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့သို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်နေသည်များကို ကြည့်ရှုပြီး ပရဟိတစေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျေးဇူးတင် စကားနှင့် အားပေးစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးသုတေသနဦးစီးဌာန(ရန်ကုန်)သို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများ သိရှိလိုသည် များ မေးမြန်းနိုင်ရန် Call Center တစ်ခုပြုလုပ်သွားရန် စီစဉ်ထားရှိမှုအခြေအနေများ ရှင်းလင်းပွဲသို့ တက်ရောက် သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ သွားရောက်၍ RT-Polymerase Chain Reaction (PCR) နည်းပညာအသုံးပြု၍ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှု များ ပြုလုပ်ရာတွင် ဓာတ်ခွဲနမူနာများရယူခြင်း၊ လက်ခံခြင်း၊ ထုတ်ယူခြင်းနှင့် ပြင်ဆင်ခြင်း၊ ဓာတ်ခွဲနမူနာမှ Ribonucleic Acid (RNA) ထုတ်ယူခြင်း၊ Mastermix Preparation ပြုလုပ်ခြင်း၊ PCR ဖြင့် စစ်ဆေးခြင်း၊ ဓာတ်ခွဲအဖြေထုတ်ခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဌေးဌေးတင်၏ လိုအပ်ချက်များတင်ပြမှုအပေါ် ဆွေးနွေး ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အမြန်ဆုံး ဖြည့်ဆည်းပေးမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment