Friday, April 10, 2020

မြန်မာ့ရုပ်ရှင်ကိုဂုဏ်ပြု ပိတ်ရက်တွင်အပန်းဖြေ



အယ်ဒီတာ့အာဘော်
===============


မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်မှ ၁၃၈၂ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူး ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ယနေ့ ဧပြီလ ၁၀ ရက်နေ့မှ ဧပြီလ ၁၉ ရက်နေ့သည် မြန်မာနှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက်များကို ဖြတ်သန်းနေ ပြီ ဖြစ်သည်။ ယခုနှစ် သင်္ကြန်ရုံးပိတ်ရက်ကာလသည် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော ကိုဗစ် - ၁၉ ရောဂါဆိုးကြောင့် ယခင်နှစ်များကကဲ့သို့ လွတ်လပ်စွာဖြတ်သန်းရမည့်ကာလတော့ မဟုတ်ပေ။ ရုံးပိတ်ရက်ကာလများ အတွင်း ရောဂါကူးစက်မှုဘေးမှ ကင်းဝေးရေးအတွက် မိမိတို့တည်ရှိရာ အိမ်ဂေဟာအတွင်း ငြိမ်းချမ်းပျော်ရွှင်စွာနေထိုင်ကြရန် အသိပေးထားသည်။

ယခုနှစ် သင်္ကြန်ရုံးပိတ်ရက်ကာလသည် မြန်မာနိုင်ငံသူ နိုင်ငံသားများ အဖို့ တစ်မူထူးခြားလေးနက်မှုရှိသောကာလဟု ဆိုရမည်ဖြစ်သည်။ ယခင်နှစ် များက အပျော်လွန်ကဲခဲ့ရသလောက် ယခုနှစ်တွင် အေးချမ်းတည်ငြိမ်စွာဖြင့် ပြင်ပသို့မထွက်ဘဲ ပြုသင့်ပြုထိုက်သည်တို့ကို ပြုလုပ်ရမည့်ကာလဖြစ်သည်။ သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်ကာလတွင် ကုသိုလ်ကောင်းမှုပြုလိုသူများက ဒါန၊ သီလ၊ ဘာဝနာ စသည့် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊ ဗဟုသုတ၊ အသိအမြင်တိုးလိုသူများက စာပေဖတ်ရှုခြင်း၊ အွန်လိုင်းသတင်းအချက် အလက်များလေ့လာခြင်း၊ စိတ်အပန်းဖြေပျော်ရွှင်မှုကို ခံစားလိုသူများက နှစ်သက်ရာ ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းတွဲများကို ကြည့်ရှုခြင်းဖြင့် အကျိုးရှိစွာ ဖြတ်သန်းကြမည် ဖြစ်သည်။

လူတို့အနေဖြင့် ပျော်ရွှင်ချမ်းမြေ့မှုကို လိုလားကြသည်ဖြစ်ရာ မိမိတို့ နေအိမ်တွင်နေထိုင်ရသည့် ရက်သတ္တပတ်ကာလအတွင်း စိတ်လက်အပန်းဖြေ ပျော်ရွှင်မှုကိုလည်းဖြစ်စေ၊ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ကို ဂုဏ်ပြုရာလည်း ရောက်သည့် မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲများကို ကြည့်ရှုအားပေးနိုင်ကြစေရန် ဆန္ဒပြုပါသည်။ ပြည်သူများ အပန်းဖြေကြည့်ရှုနိုင်ရန်အတွက် ဖျော်ဖြေရေး အစီအစဉ်များကို ကြိုတင်အသိပေးထားပြီးဖြစ်ရာ မိမိတို့နှစ်သက်ရာ ဇာတ်လမ်းများကို ရွေးချယ်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ရုပ်ရှင်သည် ပြည်သူ အတွက်ဖြစ်သည်ဆိုသည်နှင့်အညီ ယခုကဲ့သို့ နေအိမ်တွင်သာ နေထိုင်ရသော အချိန်တွင် ပြည်သူတို့အား တစ်ထောင့်တစ်နေရာမှ အကျိုးပြုနိုင်မည် ဖြစ်သည်။

ရုပ်ရှင်သည် ဖန်တီးမှုအနုပညာတစ်ရပ်ဖြစ်သည်။ အမှန်တကယ်ဟု ထင်ရသော်လည်း ဖန်တီးထားခြင်းဖြစ်နိုင်သလို၊ ဖန်တီးထားခြင်းသည်လည်း အမှန်တကယ်ထင်ရသည့် အနုပညာမှော်အတတ်ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကား များသည် မူရင်းဝတ္ထု၊ ဇာတ်လမ်း၏အနှစ်သာရကို အသက်ဝင်အောင် ဖော်ဆောင်ခြင်းဖြစ်ရာ စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာများ၏ ဝတ္ထု ကောင်း၊ ဇာတ်လမ်းကောင်းများသည် ရုပ်ရှင်ဇာတ်ကားကောင်းများ ဖြစ်လာ သည်။ ထို့အတူ သရုပ်ဆောင်ကောင်းများ၊ အနုပညာရှင်စစ်စစ်များ ပေါ်ထွက် လာရာ တစ်ခေတ်တစ်ခါက ပြောင်မြောက်သောသရုပ်ဆောင်မှုများအား ပြန်လည်မျှဝေပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာ့ရုပ်ရှင် ငွေရတုကာလ (၁၉၂၀-၁၉၄၅) ခုနှစ်၊ ရွှေရတုကာလ (၁၉၄၆-၁၉၇၀) ခုနှစ်၊ စိန်ရတုကာလ (၁၉၇၁-၁၉၉၅) ခုနှစ်နှင့် နှစ် (၁၀၀) ပြည့်ကာလ (၁၉၉၆-၂၀၂၀) ခုနှစ် ထိုခေတ်ကာလ လေးခုအတွင်း တွေ့မြင် သမျှ၊ ကြုံဆုံခဲ့သမျှ၊ မှတ်တမ်းတင်နိုင်ခဲ့သမျှ ဂန္ထဝင်မြောက်သည့် ရုပ်ရှင် ဇာတ်ကားကောင်းများနှင့် ရုပ်ရှင်သရုပ်ဆောင် မင်းသား၊ မင်းသမီးများ၏ ဇာတ်ကြောင်းများ၊ သရုပ်ဆောင်မှုများကို မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် ကာလနှင့် ရောဂါဘေးကြောင့် ပြင်ပသို့မထွက်သင့်သည့်ကာလတွင် လွယ်လင့်တကူ ရွေးချယ်ကြည့်ရှုခံစားနိုင်သည်မှာ အဆိုးထဲမှအကောင်း အခြေအနေတစ်ရပ်ကို ထူးထူးကဲကဲ ရရှိလိုက်ခြင်း ဖြစ်ပါသည်။

သို့ဖြစ်ရာ ကိုဗစ် - ၁၉ ရောဂါဘေးမှ လျော့ပါးသက်သာရှောင်ရှားနိုင်ရေး အတွက် ယခုကဲ့သို့ အများပြည်သူရုံးပိတ်ရက်ရှည်ကာလ၌ မိမိတို့ နေအိမ်တွင် နေထိုင်ကြခြင်းသာ အကောင်းဆုံးဖြစ်ရာ ယင်းကိုလိုက်နာ ဆောင်ရွက်ကြခြင်းဖြင့် ပြည်သူအားလုံးအတွက် အကျိုးပြုရာလည်းရောက်၊ မိမိနေအိမ်တွင်နေထိုင်ရင်း တင်ဆက်ပြသသည့်ဇာတ်ကား၊ ဇာတ်လမ်းတွဲ များကို ကြည့်ရှုခြင်းဖြင့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ကို ဂုဏ်ပြုရာလည်း ရောက်မည်ဖြစ်ပါကြောင်း။ ။


No comments:

Post a Comment