Friday, April 10, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ခံအားအကြောင်းနှင့် စားနပ်ရိက္ခာကူညီဖြန့်ဖြူးမှုအစီအစဉ်နှင့် စပ်လျဉ်း၍ သတင်းစကားပါး ရေးသား



နေပြည်တော် ဧပြီ ၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ခံအားအကြောင်းနှင့် စားနပ်ရိက္ခာကူညီဖြန့်ဖြူးမှု အစီအစဉ်နှင့်စပ်လျဉ်း၍ ယနေ့တွင် ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာ၌ အောက်ပါအတိုင်း သတင်းစကားပါး ရေးသား ထားသည် -

“ကိုယ်ခံအား” ဆိုတဲ့ စာသားလေး ခုတလော ခဏခဏ ခေါင်းထဲရောက်လာပါတယ်။ COVID-19 ကြောင့် ကျွန်မ တို့ ပြည်သူ (၃)ဦး ဆုံးပါးသွားရရှာပါပြီ။ ကွယ်လွန်သွားသူ (၃)ဦးလုံး ရောဂါအခံတွေရှိကြပါတယ်။ ဒါ့ကြောင့် COVID ကို တွန်းလှန်ဖို့ အားနည်းသွားပါတယ်။ ကိုယ်ခံအား နည်းတယ်ဆိုတဲ့သဘောပါ။ ရောဂါအခံရှိသူတွေ၊ သက်ကြီးရွယ်အိုတွေ ကိုယ်ခံအားနည်းတယ်လို့ သိနေ ကြမယ်လို့ ထင်ပါတယ်။

အနေအထိုင်၊ အစားအသောက် မဆင်ခြင်ရင်လည်း ကိုယ်ခံအား ကျနိုင်တယ်ဆိုတာ မမေ့ကြပါနဲ့။ ကိုယ့်ကို ကိုယ် ဂရုစိုက်ပါ။ ပြည်သူတစ်ဦးချင်းဟာ နိုင်ငံအတွက် တန်ဖိုးရှိပါတယ်။ ပြည်သူတွေရဲ့ စုပေါင်းအင်အားက နိုင်ငံ ရဲ့ ကိုယ်ခံစွမ်းအားပါဘဲ။

မနက်ဖြန် ကျွန်မတို့နိုင်ငံ တဝှန်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား ပြည်သူတွေအတွက် စားနပ်ရိက္ခာ ကူညီဖြန့်ဖြူးတဲ့ အစီစဉ် စပါမယ်။ တစ်ခါမျှမလုပ်ဖူးတဲ့ စီမံကိန်းကြီးမျိုးပါ။ သံမဏိချိန်းကြိုး တစ်ကြိုးရဲ့ အင်အား ဟာ ကြိုးရဲ့ အပျော့ဆုံးကွင်းရဲ့ အားလောက်သာရှိတယ် လို့ဆိုပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ခံစွမ်းအားရဲ့ အတိုင်းအတာကို၊ အားအနည်းဆုံးပြည်သူတွေကို စောင့်ရှောက်နိုင်တဲ့ အတိုင်းအတာက ပြပါတယ်။

ရိက္ခာဖြန့်ဖြူးရေး အစီအစဉ် အောင်မြင်ဖို့ ဝိုင်းဝန်းကူညီပေးကြ ပါ။ စေတနာဟာ ဝေဒနာမဖြစ်ရ အောင်၊ စည်းစနစ်နဲ့ လောဘ ဒေါသ တွေကို ဟန့်တားပေးကြပါ။ လိုအပ် နေသူ မည်သူကိုမျှ မချန်ထားပါဘူး။ စောင့်ရတာလေးတွေရှိရင် သည်းခံ စိတ်ရှည်ပေးကြပါ။
ကျွန်မတို့ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှု တွေကို အားလုံးအတူ နိုင်ငံရဲ့ကိုယ်ခံ အားမွေးပြီး ကျော်လွှားကြရအောင်။

ဒီ message ကို အကြွားလေးနဲ့ အဆုံးသတ်ပါရစေ။ ကျွန်မ mask ချုပ်လို့ပြီးပါပြီ။ အောက်မှာ ကြည့်ပါ။


No comments:

Post a Comment