Friday, April 10, 2020

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (၂၅)ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေးသို့ ပါဝင်တက်ရောက်





နေပြည်တော် ဧပြီ ၉

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၈ နာရီခွဲတွင် အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၂၅)ကြိမ် မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (ASEAN Coordinating Council) အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ ပြီး ယင်းအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အသီးသီးက ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေးအတွက် မိမိတို့နိုင်ငံအလိုက် ဆောင်ရွက်နေ သည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ သတင်းအချက်အလက်၊ အတွေ့ အကြုံနှင့် မူဝါဒအပြောင်းအလဲများ ပုံမှန်ဖလှယ်ရေး၊ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့် ရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါတုံ့ပြန်ရေးဆိုင်ရာ အာဆီယံရန်ပုံငွေတစ်ရပ်ထူထောင်ရေး၊ အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံ (သို့မဟုတ်) တတိယနိုင်ငံတစ်ခုရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းခံနေရသော အာဆီယံနိုင်ငံသားများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက အကူအညီပေးရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာမည့် လူမှု-စီးပွား ထိခိုက်နစ်နာမှုများကို ပူးပေါင်းဖြေရှင်းရေးစသည့် ကိစ္စရပ် များအပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အာဆီယံအထူး ထိပ်သီးအစည်းအဝေးနှင့် အာဆီယံအပေါင်းသုံး အထူး ထိပ်သီးအစည်းအဝေးတို့ကို Video Conferencing စနစ်ဖြင့် ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြကာ အာဆီယံပေါင်းစပ် ညှိနှိုင်းရေးကောင်စီလုပ်ငန်းအဖွဲ့၏ ထောက်ခံတင်ပြချက် များကို အတည်ပြုခဲ့ကြသည်။

ရှင်းလင်းပြောကြား

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ် ရေးနှင့် ကုသရေးတို့တွင် မြန်မာအစိုးရက ဆောင်ရွက်နေ သည့် အစီအမံများ၊ ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာ မည့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ထိခိုက် နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရအဖွဲ့ တစ်ရပ်လုံး ပူးပေါင်းပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သည့် အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြည်သူအင်အားကို စုစည်းရယူ၍ ပြည်သူများအား ယင်းကူးစက်ရောဂါ အကြောင်း အသိပညာပေးပြီး ပြည်သူများ၏ ပူးပေါင်း ပါဝင်မှု ရယူခြင်းနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေ သည့် အခြေအနေများနှင့် ယင်းသို့သော တုံ့ပြန်ရေးအစီ အမံများကို ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မျှ မကျန်စေဘဲ နေရပ်စွန့်ခွာသူများ၏စခန်းများ၊ ပြည်ပမှ ပြန်ရောက်လာသည့် အလုပ်သမားများအပါအဝင် အသိုင်း အဝိုင်းအားလုံးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ၏ စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရာတွင် အာဆီယံ ရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံစွာနေရပ်ပြန်လာရေး ကိစ္စအပါအဝင် နယ်စပ် ဖြတ်ကျော်သွားလာမှုကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုရေး၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ပြန်လာသည့် အလုပ်သမားများ အား သက်ဆိုင်ရာ နှစ်နိုင်ငံညှိနှိုင်း၍ စနစ်တကျနှင့် လုံခြုံစွာ လွှဲပြောင်းရေး၊ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအမှားများနှင့် သတင်းတုများ ပူးပေါင်းတိုက်ဖျက်ရေး၊ ပြည်သူလူထု အကြား ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာ၊ ဗဟုသုတနှင့် သတင်းအချက်အလက်များ ဖြန့်ဝေရေး၊ ရောဂါဖြစ်ပွားနေ သည့် အကျပ်အတည်းကာလတွင် အရေးကြီးသည့် ကုန်ပစ္စည်းများ၊ အထူးသဖြင့် အရေးပေါ်ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် အချင်းချင်းကူညီပံ့ပိုးရေး၊ ကိုဗစ်-၁၉ ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေချိန်တွင် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းစဉ် ကို အရှိန်အဟုန်ရပ်တန့်မသွားစေဘဲ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ရေး စသည့်ကဏ္ဍများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လိုအပ်ကြောင်း ဆွေးနွေးသည်။

အဆိုပါ Video Conferencing အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment