Friday, April 10, 2020

ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး) ပြင်ဆင်ထားရှိမှုများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကွင်းဆင်းကြည့်ရှု




ရန်ကုန် ဧပြီ ၉

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ကိုဗစ်-၁၉ လူနာများထားရှိ ကုသနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ မြန်မာနိုင်ငံ ဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ ပုဂ္ဂလိက ဆေးရုံများအသင်းစသည်တို့နှင့်ပူးပေါင်း၍ ပြင်ဆင်ဆောင် ရွက်ထားရှိမှုများအား စံချိန်စံညွှန်းကိုက်ညီမှု ရှိ၊ မရှိ အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ ကွင်းဆင်း၍ လှည့်လည်ကြည့်ရှု သည်။

များစွာအထောက်အကူပြုနိုင်မည်

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး) ပြင်ဆင်ဆောင်ရွက်ရာတွင် တာဝန်ယူဆောင်ရွက်နေသူများနှင့်တွေ့ဆုံရာ၌ ယခုကဲ့သို့ ပြည်သူများ အကျိုးအတွက် ခံယူချက်စိတ်ထားပြည့်ဝစွာဖြင့် ကိုယ်ပိုင်အရေးကိစ္စသဖွယ် သဘောထားကာ အချိန်တို အတွင်း ကိုဗစ်-၁၉ ကုသရေးဌာနဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ကြသူများအားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်း၊ မိမိတို့နိုင်ငံတွင် လက်ရှိ၌ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ ၂၂ ဦးသာ တွေ့ရှိရသေးသော်လည်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၌ ဝေဘာဂီအထူးကုဆေးရုံကြီးအပြင် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးရှိ လေးထပ်ဆောင်သစ်နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တို့တွင် ကိုဗစ်-၁၉ ကုသရေးဌာနများ ပြင်ဆင်ထားရှိခြင်းဖြစ်ပါ ကြောင်း၊ လူနာများကုသရန်လိုအပ်ပါက ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)၌ မွမ်းမံပြင်ဆင်လျက်ရှိ သော ကိုဗစ်-၁၉ ကုသရေးဌာနကို အသုံးပြုမည်ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုး သားအဆင့် ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုရေးအဖွဲ့ အစည်းများအားလုံး ပူးပေါင်း၍ ဤရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးအတွက် အစွမ်းကုန်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ရာတွင် ဤရောဂါသည် အသစ်အဆန်း ဖြစ်သော ရောဂါတစ်ခုဖြစ်သည့်အပြင် အခြားကမ္ဘာ့နိုင်ငံ များ၌ လျင်မြန်စွာကူးစက်ပြီး သေဆုံးမှုများနေမှုများ ဖြစ်ပွားနေသည်ဆိုသည့်အချက်ကို နောက်ခံထား၍ အဆိုး ဆုံးသော အခြေအနေဖြစ်လာပါက လူနာများကို ထိရောက် စွာ ကုသပေးပြီး သေဆုံးမှုလျှော့ချနိုင်ရေးအတွက် ဤကဲ့သို့ ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး)ကို ပြင်ဆင်လျက်ရှိ သည်မှာ များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံကဲ့သို့ ချမ်းသာကြွယ်ဝမှုမရှိသော နိုင်ငံ တစ်ခုတွင် လက်ဝယ်ရှိသော အရင်းအမြစ်များကို ထိရောက် စွာအသုံးချ၍ အကောင်းဆုံးဆောင်ရွက်နေခြင်းဖြစ်ပြီး ဝိုင်းဝန်းပံ့ပိုးပေးသော အလှူရှင်များကိုလည်း ကျေးဇူးတင် ရှိပါကြောင်း၊ ယခုကဲ့သို့ ကုသရေးကဏ္ဍပြင်ဆင်မှုများ ဆောင်ရွက်နေသကဲ့သို့ ရောဂါဖြစ်ပွားမှုနှင့် ကူးစက်ပြန့်ပွား မှုများမရှိစေရေးအတွက် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ကို အထူးအားစိုက်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လက်ကိုင်အသံချဲ့စက် ဖြင့် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများကို ယခုထက် အကြိမ်ရေများစွာ တိုးမြှင့်၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ သာမက အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရာ (quarantine site) နေရာများတွင်လည်း ဆောင်ရွက်စေ လိုပါကြောင်း၊ ဤကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) စီမံခန့်ခွဲရေးအဖွဲ့နှင့် ကုသရေးဆိုင်ရာလုပ်ငန်း ကော်မတီ များဖွဲ့စည်းပြီး ကုသရေးဆိုင်ရာလုပ်ငန်းများအတွက် ဆေးပညာပါမောက္ခများ၊ အရေးပေါ်ဆေးပညာပါမောက္ခ များ၊ မေ့ဆေးပညာပါမောက္ခများ၊ အပူပိုင်းဆိုင်ရာရောဂါ ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများ၊ စီမံခန့်ခွဲ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက တိုင်ပင်ညှိနှိုင်းဆောင်ရွက် နေသည်ကို တွေ့ရှိရသည့်အတွက် အထူးကျေနပ်မှု ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) အတွက် လိုအပ်သည်များကို ဝန်ကြီးဌာနမှ ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မိမိတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူများအကြား ကိုဗစ်-၁၉ ဆက်လက်ပြန့်ပွားမှုမရှိစေရေး အကောင်းဆုံးကို မျှော်လင့် ဆောင်ရွက်နေပြီး အကယ်၍ ကိုဗစ်-၁၉ လူနာများ များပြား ပြီး အဆိုးဆုံးအခြေအနေဖြစ်လာပါကလည်း အဆင်သင့် ထားရှိ ကုသမှုပေးနိုင်ရေးအတွက် ဖြစ်မြောက်စေရန် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေး ဌာန(ဖောင်ကြီး)ကို ဧပြီ ၂၁ ရက်တွင် အသင့်ဖွင့်လှစ်ဆောင် ရွက်နိုင်ရန် ပြင်ဆင်နေပြီး လာရောက်တာဝန်ထမ်းဆောင် မည့် ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြုပညာ ရှင်များ၊ စေတနာ့ဝန်ထမ်းများ နေထိုင်ရေး၊ စားသောက်ရေး တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူနာခန်းသို့ အခန်း ပြင်ပမှ စောင့်ကြပ်ကြည့်ရှုနိုင်ရန် CCTV များနှင့် လူနာခန်း အတွင်းမှ ပြင်ပသို့ ဆက်သွယ်နိုင်ရန်တို့ကိုလည်း နည်းပညာပိုင်းဆိုင်ရာ စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ လုံခြုံရေးအစီအမံများကိုလည်း စီစဉ်ဆောင်ရွက်ထားပြီး လုပ်ငန်းများ စတင်ဆောင်ရွက်သည့်အခါ တက္ကသိုလ် အတွင်းသို့ တာဝန်ရှိသူများမှအပ ဝင်ရောက်သွားလာခြင်း အားလုံးကို တားမြစ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လူနာ နှင့် လူနာမိသားစုများ အင်တာနက်ကွန်ရက်အသုံးပြု ချိတ်ဆက်ကာ Video Call ခေါ်ဆိုနိုင်ရန်အတွက် ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး)တွင် အင်တာနက်ကွန်ရက်များ တပ်ဆင်ထားပြီး မိသားစုများချိတ်ဆက်နိုင်ရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် စီစဉ်ထားရှိပါ ကြောင်း၊ လူနာများ သယ်ယူပို့ဆောင်ရေးအတွက်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့(YRTA)မှ ယာဉ်များကို လူနာထားရှိရာနေရာနှင့် ယာဉ်မောင်းတို့အကြား မှန်ချပ်ကာထားရှိသော ယာဉ်များ စီစဉ်ထားရှိပါကြောင်း၊ ထို့အပြင် စေတနာ့ဝန်ထမ်းများက လည်း လုပ်ငန်းများတွင် ပါဝင်ကူညီသွားမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ကို ပိတ်ဆို့မှုများ ပြုလုပ်သွားရန် အစီအစဉ်မရှိပါကြောင်း၊ ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့်အညီ ကိုက်ညီစေရေး ချိန်ဆကာ အသင့်တော်ဆုံးဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

တင်ပြဆွေးနွေး

ထို့နောက် ဆေးတက္ကသိုလ်(၁) ရန်ကုန် ပါမောက္ခ ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးတက္ကသိုလ် (၁) ဆေးပညာဌာန မှ ပါမောက္ခ/ဌာနမှူး၊ အပူပိုင်းဆေးပညာဌာန ပါမောက္ခ/ ဌာနမှူး၊ မေ့ဆေးပညာဌာန ပါမောက္ခ/ဌာနမှူး၊ အရေးပေါ် ဆေးပညာဌာန ပါမောက္ခ/ဌာနမှူး၊ မင်္ဂလာဒုံအထူးကု ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး)တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ပထမအဆင့်အနေဖြင့် အထူးကြပ်မတ်ကုသဆောင် (ICU) ခုတင် ၂၀၊ High Dependency Unit အဖြစ်အသုံးပြုနိုင်မည့် ခုတင် ၂၄၀၊ လူနာခုတင် ၂၄၀ စုစုပေါင်း ခုတင် ၅၀၀ စီစဉ်ထားရှိမည်ဖြစ် ပြီး ဒုတိယအဆင့်တွင် အထူးကြပ်မတ်ကုသဆောင် (ICU) ခုတင် ၄၀၊ High Dependency Unit အဖြစ် အသုံးပြုနိုင်မည့် ခုတင် ၄၈၀၊ လူနာခုတင် ၄၈၀ စုစုပေါင်း ခုတင် ၁၀၀၀ နှင့် တတိယအဆင့်တွင် ခုတင် ၂၀၀၀ အထိ တိုးချဲ့ဆောင် ရွက်သွားမည့် အစီအစဉ်များ၊ Green ဇုန်၊ Yellow ဇုန်၊ Red ဇုန်များခွဲခြား လုပ်ဆောင်မည့်အစီအစဉ်များ၊ Oxygen Plant နှင့် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်နေမှု၊ ကုသမှုလုပ်ငန်းများအတွက် လိုအပ်သော အဆောက်အဦ များကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့က တာဝန်ယူ ဆောက်လုပ်မွမ်းမံပြင်ဆင်ပေးနေသည့် လူနာခုတင်များ၊ အသက်ရှူစက်များ၊ လူနာအခြေအနေစောင့်ကြပ်ကြည့်ရှုစက်များအပါအဝင် ကုသမှုစက်ပစ္စည်းကိရိယာများကို ဆေးနှင့် ဆေးပစ္စည်လုပ်ငန်းရှင်များအသင်းနှင့် ပုဂ္ဂလိက ဆေးရုံများအသင်းတို့၏ ပံ့ပိုးငှားရမ်းမှုများဖြင့် ရရှိဆောင် ရွက်ထားမှု၊ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများ မီးရှို့ဖျက်ဆီးရန် မီးရှို့စက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ပံ့ပိုးမှုဖြင့် တည်ဆောက်ထားရှိမှုနှင့် လုပ်ငန်း ဆောင်ရွက်ရန် လိုအပ်ချက်များကို တင်ပြဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများ သည် ဆေးနှင့် ဆေးပစ္စည်းသိုလှောင်ရုံအဖြစ် အသုံးပြုမည့် နေရာ၊ လူနာဆောင်များပြင်ဆင်ထားရှိမှု၊ အထူးကြပ်မတ် ကုသဆောင်များ ပြင်ဆင်ထားရှိမှုနှင့် ဆေးရုံသုံးစွန့်ပစ် ပစ္စည်းများ မီးရှို့ဖျက်ဆီးရန် မီးရှို့စက်များ ပြင်ဆင်ထားရှိမှု တို့ကို လှည့်လည်ကြည့်ရှုသည်။

သတင်းစဉ်

No comments:

Post a Comment