Thursday, April 9, 2020

စေတနာသွေးလှူရှင်များသို့




ဒေါက်တာထိန်ဝင်း

ယခုလို မမြင်ရတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ လူနာတွေအတွက် စိုးရိမ်ပူပန်မှုကြောင့် လာရောက်ထောက်ပံ့ပေးကြတဲ့ စေတနာသွေးလှူရှင်တွေကို အမျိုးသားသွေးဌာနရဲ့ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ရရှိခဲ့တဲ့ သွေးလှူဒါန်းမှုအခြေအနေကို ပြန်လည်မျှဝေလိုပါတယ်-

ဇန်နဝါရီလမှ မတ်လကုန်အထိ ထောက်ပံ့ခဲ့တဲ့ သွေးလှူရှင် အရေအတွက်မှာ ၂၀၁၉ ခုနှစ်က ၂၈၂၇၀၊ ယခု ၂၀၂၀ ပြည့်နှစ်မှာ ၂၃၂၅၃ ဦးရှိတဲ့အတွက် ယခင်နှစ် သုံးလနှင့် နှိုင်းယှဉ်ရင် ယခုနှစ်မှာ သွေးလှူရှင် ၅၀၀၀ (၁၇ ဒသမ ၅ ရာခိုင်နှုန်း) ကျဆင်းခဲ့ပါတယ်။

မတ်လ တစ်လတည်းအနေနဲ့ဆိုရင်တော့ ၂၀၁၉ ခုနှစ်က ၈၈၈၅ ဦး၊ ယခု ၂၀၂၀ ပြည့်နှစ်မှာ ၅၇၅၄ ဦးရှိတဲ့အတွက် ဒီတစ်လတည်းမှာတော့ သွေးလှူရှင် ၃၀၀၀ (၃၅ ရာခိုင်နှုန်း) ကျဆင်းခဲ့ပါတယ်။

ဒါကြောင့် ဆေးရုံတွေအတွက် အဆင်မပြေဖြစ်ကြ ရပါတယ်။ သူတို့ဆေးရုံမှာ ခွဲစိတ်မှုတွေကို ရွှေ့ဆိုင်းလို့ရ တာတွေ ရွှေ့ဆိုင်းခဲ့ရတယ်။ လူနာအနေနဲ့ အဆင်ပြေနေရင် သွေးသွင်းမှုကို ခေတ္တဆိုင်းငံ့ကြရတယ်။ သူတို့အနေနဲ့ လိုအပ်သလောက် ကုသမှုအတွက် သုံးစွဲနေရာကနေ ထောက်ပံ့မှုလျော့နည်းလာမှုအတွက် ပြန်လည်စိစစ်မှု တွေကို တော်တော်များများ ကျင့်သုံးနေကြရပါတယ်။

ဒီလိုကျဆင်းလာတဲ့ သွေးလှူဒါန်းမှု၊ ထောက်ပံ့မှုတွေ ဟာ အုပ်စုလိုက်လှူဒါန်းမှုတွေကို ဖျက်သိမ်းလိုက်ရလို့ ဖြစ်ပါတယ်။

ဒါပေမယ့် စိတ်ချမ်းမြေ့ဖွယ် သတင်းကောင်းတွေကို မျှဝေလိုပါတယ်။
အခုလို အုပ်စုလိုက်လှူဒါန်းမှုကျဆင်း နေချိန်မှာ အမျိုးသားသွေးဌာနမှ အသိပေးခေါ်ယူခဲ့မှု ကြောင့် ပြန်လည်လှူဒါန်းပေးခဲ့တဲ့ စေတနာရှင်ပေါင်းဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ထက် ၇၂ ရာခိုင်နှုန်း တိုးတက် များပြားလာပါတယ်။ ဒါဟာ အလွန်အံ့သြဖွယ် ကောင်း လှပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၁၈၁၀ နဲ့ ၂၀၂၀ ပြည့်နှစ်မှာ ၃၁၀၄ ဦး ပြန်လည်လာရောက် ထောက်ပံ့ပေးသွားပါ တယ်။

အမျိုးသားသွေးဌာနကို ဆက်သွယ်ကြပါတယ်။ “အုပ်စုလိုက်လှူဒါန်းမှုတွေမရှိတော့လို့ လာရောက်ခွင့်မရ ပေမယ့် လူနာတွေလိုအပ်မယ်ဆိုတာ ခံစားမိလို့ သူငယ်ချင်း အချို့နဲ့ လာရောက်လှူဒါန်းလို့ရပါသလား”လို့ မကြာခဏ ဆက်သွယ်မေးမြန်းမှုတွေကို လက်ခံရရှိပါတယ်။ တကယ့် ကို ဂုဏ်ယူစရာကောင်းတဲ့ စိတ်ဓာတ်၊ ခံယူမှုတွေပါပဲ။

ဒီလိုဆက်သွယ်မှုတွေကို ကြားလိုက်ရတဲ့အချိန်မှာ ပြည်သူ့ရဲ့ဝန်ကိုထမ်းရမယ့် တာဝန်ရှိတဲ့သူတွေအနေနဲ့ များစွာအားတက်ရပါတယ်။ ပိုမိုကြိုးစားဖို့ အားတွေရရှိလာ ပါတယ်။

အဓိက သတိပြုမိတာကတော့ ယခုလအတွင်း သွေး လှူဒါန်းမှု ထောက်ပံ့မှုတွေမှာ အသက် ၃၅ နှစ်အောက် လူငယ်တွေရဲ့ ထောက်ပံ့မှုဟာ အဓိကအများဆုံး ဖြစ်နေ တာပါပဲ။ ဒါကြောင့် မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ် လူငယ် တွေအတွက် လွန်စွာဂုဏ်ယူမိပါတယ်။ တိုးတက်ပြီး တိုင်းပြည်တော်တော်များများမှာ သွေးသွင်းကုသမှုကို ထောက်ပံ့နေရတဲ့ သွေးဘဏ်တွေ ရင်ဆိုင်နေရတာကတော့ လူငယ်မျိုးဆက်သစ်တွေရဲ့ ထောက်ပံ့မှု သိသိသာသာ ကျဆင်းနေခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ မြန်မာနိုင်ငံ မှာရှိတဲ့ လူငယ်တွေအတွက် အားရမိပါတယ်။

သွေးလှူဒါန်းမှုတွေအနက် မိမိတို့မွေးနေ့ အထိမ်းအမှတ် အနေနဲ့ ကုသိုလ်ပြု လှူဒါန်းမှုတွေဟာ ယခုလိုအချိန်မှာ ၃၅ ရာခိုင်နှုန်းအထိ တိုးတက်များပြားလာတာတွေ့ရ ပါတယ်။ ဒါဟာလည်း မိမိတို့ တိုင်းပြည်ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုအလေ့အထကို ဖော်ပြနိုင်တဲ့ သတင်းကောင်းပဲ ဖြစ်ပါတယ်။ မိမိတို့ ပြည်သူတွေ မမြင်ရတဲ့ရောဂါကို ထိတ်လန့်ကြောက်ရွံ့နေချိန်မှာ လက်ရှိဒုက္ခခံစားနေသူတွေ အတွက် စွန့်လွှတ်လှူဒါန်းပေးခြင်းဟာ အလွန်ဂုဏ်ယူစရာ ကောင်းတဲ့ အလေ့အကျင့်ဖြစ်နေပါတယ်။ အမှန်တကယ် လည်း ဂုဏ်ယူမိပါတယ်။

အုပ်စုလိုက် လှူဒါန်းခြင်းမသင့်တော်တဲ့အတွက် လှူဒါန်းထောက်ပံ့မှုကို မပယ်ဖျက်လိုက်ဘဲ သင့်တော်တဲ့ အစုအဖွဲ့ငယ်တွေခွဲပြီး ထောက်ပံ့ပေးခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးရုံးနဲ့ ခွင့်ပြုပေးတဲ့ အာဏာပိုင်အဖွဲ့ အကြီး အကဲတွေကိုလည်း လေးစားဂုဏ်ယူကြောင်း အသိပေး လိုပါတယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှစ၍ လစဉ် တစ်ကြိမ် လျှင် ၁၀၀ မှ ၃၀၀ အထိ ထောက်ပံ့ခဲ့ရာမှ ယခုအခြေအနေနဲ့ သင့်တော်မယ့် အစုအဖွဲ့ငယ်တွေအဖြစ်ခွဲ၍ ထောက်ပံ့နိုင် အောင် စီစဉ်ပေးခဲ့ကြပါတယ်။ နေ့စဉ် ၅၀ မှ ၁၀၀ အကြား ခွဲ၍ ခုနစ်ရက် ထောက်ပံ့ပေးမှုဟာ လူနာတွေအတွက် အဆင်ပြေတဲ့ ပံ့ပိုးမှုကို ရရှိခဲ့ပါတယ်။

ဒါပေမယ့် ယခုလို အခြေအနေတွေကို စိတ်ချမ်း သာပြီး ပေါ့ပါးနေလို့တော့မရသေးပါ။ မတ်လအတွင်း သွေးလှူဒါန်းမှုကျဆင်းလာတာဟာ မတ်လကုန်ခါနီး နောက်ဆုံးပတ်မှာ ပိုမိုထိခိုက်လာခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဧပြီလမှာလည်း အစုအဖွဲ့လိုက် လှူဒါန်းမှု တော်တော်များများ ထောက်ပံ့နိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အစုအဖွဲ့လိုက် လှူဒါန်းမှု ပယ်ဖျက်လိုက်ရတဲ့ အဖွဲ့မှာ ပါဝင်လှူဒါန်းဖူးတဲ့သူတွေအနေနဲ့ မိမိတို့ တစ်ယောက်ချင်းလာရောက်ပြီး ထောက်ပံ့မှုဟာလည်း လူနာတွေအတွက် အကျိုးရှိပါကြောင်း အသိပေးလိုပါတယ်။

ကျန်းမာတဲ့ လူငယ်များရဲ့သွေးလှူဒါန်းမှုဟာ သွေး လိုအပ်တဲ့ လူနာတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ကူညီမှု ဖြစ်ပါတယ်။ ဒါကြောင့် သွားလာရေးခက်ခဲခဲ့ရင် အမျိုး သားသွေးဌာနအနေနဲ့ ကူညီဖြေရှင်းပေးဖို့ စီစဉ်ထားပါ တယ်။ အနည်းဆုံးသွေးလှူလိုသူ ရှစ်ဦးခန့် စုဆောင်းမိပြီ ဆိုရင် www.donatebloodmyanmar.org (သို့မဟုတ်) ၀၁-၃၇၂၇၅၃ သို့ ဆက်သွယ်ပြီး အသိပေးစီစဉ်နိုင်ပါတယ်။

အမျိုးသားသွေးဌာနမှ သွေးလှူရှင်တွေရဲ့ လုံခြုံမှု အတွက် ပြင်ဆင်ထားရှိမှုတွေကို အမျိုးသားသွေးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အသိပေးပြီးဖြစ်ပါတယ်။ ပြင်ပ နဲ့ ဆက်ဆံမှုမရှိတဲ့ ဝန်ထမ်းတွေကို အစုလိုက်ခွဲပြီး တာဝန်ယူပေးရတာဖြစ်လို့ စုစုပေါင်းဝန်ထမ်းအင်အားရဲ့ ၁/၄ နဲ့ နေ့စဉ် ၁၂ နာရီ တာဝန်ထမ်းဆောင်နေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် အနည်းငယ်နှောင့်နှေးမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် သွေးလှူရှင်တွေရဲ့ လုံခြုံမှု အတွက် ပြင်ဆင်ထားရှိမှုတွေကိုတော့ လုံးဝလျော့ဆင်း သွားမှုမရှိအောင် ဝန်ဆောင်မှုပေးနေကြပါတယ်။ နားလည်စွာဖြင့် ပူးပေါင်းကူညီစေလိုပါတယ်။

ယခုအချိန်မှာလေးလပြည့်ပြီး သွေးလှူရှင်တွေအနေနဲ့ ပြန်လည်လှူဒါန်းမှုအတွက် နှိုးဆော်ပေးတဲ့ ဖုန်းခေါ်မှု တွေကို လက်ခံရရှိမယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်မှာ ရာသီတုပ်ကွေး လက္ခဏာရှိရင်တော့ လှူဒါန်းမှု မသင့် တော်တဲ့အတွက် မိမိကိုယ်တိုင် ကျန်းမာအောင် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို သတိထား လိုက်နာပေးစေလိုပါ တယ်။ မိမိကိုယ်တိုင် ကျန်းမာမှသာ လူနာတွေအတွက် ကူညီနိုင်မှာ ဖြစ်ပါတယ်။ သွေးလှူရှင်တွေအားလုံးရဲ့ စဉ်ဆက်မပြတ်ထောက်ပံ့ပေးမှုအတွက် ကျေးဇူးအထူး တင်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။ ။

“Let’s Keep Saving Lives Together”

No comments:

Post a Comment