Thursday, April 9, 2020

မြန်မာနှစ်သစ်တွင် ပြည်သူအားလုံးကျန်းမာကြပါစေ



မောင်သောင်းဝင်း(တမန်ဟောင်း)

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ဦးတန်ခူးလဆုတ် ၁၀ ရက်(ဧပြီလ ၁၇ ရက်)သောကြာနေ့သည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ဖြစ်သည်။ ထိုနေ့တွင် မြန်မာနှစ်ဟောင်း ၁၃၈၁ ခုနှစ်မှ ၁၃၈၂ ခုနှစ်ဆိုသော နှစ်သစ်သို့ ကူးပြောင်း မည်ဖြစ်သည်။ ထိုနေ့သည် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးအတွက် စစ်မှန်သော နှစ်သစ်ကူးနေ့ပင်ဖြစ် သည်။ ထိုနေ့တွင် မင်္ဂလာရှိသောလုပ်ဆောင်မှုများဖြင့်သာ ဖြတ်သန်းသွားမည်ဆိုလျှင် တစ်နှစ်လုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံနေမည်ဖြစ်သည်။
အမှန်တော့ အချိန်ကုန်ဆုံးမှုသည် မြန်ဆန်လွန်း လှသည်။ တစ်နှစ်ဆိုသောအချိန်သည် မည်သို့မျှမကြာ လိုက်ပဲ ကုန်ဆုံးသွားပြီဖြစ်သည်။ နှစ်ဟောင်းတွင် အောင်မြင်မှုများကို ထုဆစ်ပုံဖော်နိုင်ကြသူများရှိသလို ကျရှုံးမှုများနှင့် မလွှဲသာမရှောင်သာကြုံတွေ့ခဲ့ရသူများလည်း ရှိနေမည်မှာ အသေအချာပင်ဖြစ်သည်။ အထူးသဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘဝအတွက်အရေးပါသောဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်သွားသင့်သည်။ အရေးကြီးဆုံးအချက်မှာ နှစ်သစ်အတွက်ဆုံးဖြတ်ချက် မချမှတ်သေးမီ နှစ်ဟောင်းကာလတွင် ဆောင်ရွက်နိုင်ခဲ့ မှုများကိုလည်း ပြန်လည်သုံးသပ်သွားသင့်ပေသည်။

ထူးခြားသောမဟာသင်္ကြန်

ဆိုရလျှင် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နေပြီး သေဆုံးမှုနှုန်းမြင့်မားလျက်ရှိသော ကြောင့် ယခုနှစ် မဟာသင်္ကြန်သည် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် တစ်မူထူးခြား လေးနက်နေ မည်ဖြစ်သည်။ အမှန်တော့ သင်္ကြန်ဒိုးသံကြားသည်နှင့် ရေမကစားရမနေနိုင်သည့် လူငယ်အားလုံးသည် ယခုနှစ် တွင် ကျန်းမာရေးရှုထောင့်အရ လမ်းမများပေါ်သို့ ထွက်၍ရေမကစားကြတော့ဘဲ အိမ်ထဲ၌သာနေထိုင်ရင်း သင်္ကြန်ကာလကို အဓိပ္ပာယ်ရှိစွာဖြတ်သန်းကြမည် ဖြစ်သည်။ မဟာသင်္ကြန်ကာလတွင် ပြည်သူတစ်ဦး တစ်ယောက်ချင်းစီအနေဖြင့် ကျန်းမာရေးအသိ ကျန်းမာရေးသတိရှိစွာဖြင့် မိမိအိမ်ထဲ၌သာနေထိုင်ခြင်း သည် မိမိကျန်းမာရေးကိုဂရုစိုက်ခြင်းဖြစ်သလို မိမိ၏ မိသားစုနှင့်ပတ်ဝန်းကျင်၏ကျန်းမာရေးကို အလေးထားရာ လည်း ရောက်ပေသည်။

အကျိုးရှိစွာဖြတ်သန်းနိုင်

မည်သို့ပင်ဆိုစေ လူငယ်များလမ်းပေါ်ထွက်၍ ရေကစားခွင့်မရသော်လည်း ယခုနှစ်မဟာသင်္ကြန်ကာလ သည် နိုင်ငံသူ နိုင်ငံသားအားလုံးအတွက် အမြတ်ထွက် သည်ဟု ဆိုချင်ပါသည်။ သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်လုံး ကို ဒါန၊ သီလ၊ ဘာဝနာ စသည့်မင်္ဂလာရှိသောကောင်းမှု ကုသိုလ်များပြုလုပ်ခြင်း၊ သုတရသ စာပေများဖတ်ရှုခြင်း၊ အပန်းဖြေဇာတ်လမ်းတွဲများကြည့်ရှုခြင်းဖြင့် အကျိုးရှိစွာ ဖြတ်သန်းနိုင်ကြမည် ဖြစ်သည်။ အထူးသဖြင့် မိသားစု များနှင့် သိုက်သိုက်ဝန်းဝန်းနေထိုင်နိုင်သည့်အခွင့်အရေးကြီးရရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာနှစ်သစ်တွင် တိုင်းပြည်တိုးတက်ရေး အထောက်အကူပြုကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အင်ပြည့်အားပြည့် ပါဝင်လုပ်ဆောင် နိုင်ရန် စိတ်သစ်ခွန်အားသစ်များ ပြည့်နေမည်ဖြစ်သည်။

တချို့သောမြန်မာများက သင်္ကြန်ကာလတွင် နှစ်ဟောင်းမှ

အညစ်အကြေးများ၊ မကောင်းမှုများ ပပျောက် ကင်းစင်စေရန် ရေပက်ဖျန်းကြသည်ဟုဆိုသည်။ အမှန် တော့ ရေပက်ဖျန်းရုံမျှဖြင့် အညစ်အကြေးကိုဆေးကြောနိုင် မည် မဟုတ်ချေ။ လောဘ၊ ဒေါသ၊ မောဟတို့ကို မည်သည့် ရေပိုက်နှင့်မျှ ထိုး၍မရချေ။ ကိုယ်တိုင်သတိထားဆင်ခြင် တွေးတော၊ ပြောဆို၊ ပြုမူလုပ်ကိုင်မှသာလျှင် လောဘ၊ ဒေါသ၊ မောဟတို့ကို တဖြည်းဖြည်း လျှော့ချသွားနိုင်မည် ဖြစ်သည်။ နှစ်ဟောင်းတွင်အမှောင်ဖုံး၍လွဲမှားစွာပြုမူခဲ့ သည်များ ရှိကောင်းရှိနေနိုင်ပေသည်။ ထို့ကြောင့်နှစ်သစ်တွင် သီလ၊ သမာဓိ၊ ပညာတို့ဖြင့် မကောင်းမှုများကိုဆေးကြော သွားသင့်သည်။ တတ်နိုင်ပါက ကိလေသာမှန်သမျှကို သီလ၊ သမာဓိ၊ ပညာအခြေခံသည့် မဂ္ဂင်ရှစ်ပါးဖြင့်ဆေးကြော သန့်စင်သွားနိုင်ပါသည်။ လက်တွေ့ကြိုးစားလုပ်ဆောင် မည်ဆိုလျှင် ထူးခြားမှုရှိပါသည်။ ပီတိသုခကို လက်တွေ့ ခံစားရမည်ဖြစ်သည်။

မေတ္တာအရင်းခံဖြင့်သာ

အမှန်တော့ မေတ္တာတရားသည် အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိပါသည်။ ထို့ကြောင့်နှစ်သစ်တွင် လူတစ်ဦး နှင့် တစ်ဦး၊ ဘာသာတစ်ခုနှင့် တစ်ခု၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား မေတ္တာထားသွားကြရန် လိုအပ်မည် ဖြစ်သည်။ သို့မှသာလျှင် အချင်းချင်းအမြင်လွဲမှားနေမှုများ၊ ပဋိပက္ခများ၊ စစ်ပွဲများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ လူအချင်းချင်း ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမဲ့၊ ရာထူး ကြီး၊ ငယ်၊ ဇာတ်နိမ့်၊ ဇာတ်မြင့် မခွဲခြားဘဲ မေတ္တာအရင်းခံ ဖြင့်သာ ဆက်ဆံသွားမည်ဆိုလျှင် အေးချမ်းသော လူ့အသိုက် အဝန်းကြီးကို ဧကန်မုချ တည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ကမ္ဘာကြီးသည် ထာဝစဉ်အေးချမ်း သာယာနေမည် ဖြစ်သည်။

ဗြဟ္မစိုရ်တရားကိုလက်ကိုင်ထား

မည်သို့ပင်ဆိုစေ နှစ်ဟောင်းတွင် အကောင်းနှင့် အဆိုး ဒွန်တွဲ၍ကြုံတွေ့ခဲ့ကြရသည်။ ထိုအတွေ့အကြုံ များမှ သင်ခန်းစာဖော်ထုတ်ပြီး နှစ်သစ်အတွက် ဆောင်ရွက်ဖွယ်ရာများကို အကောင်းဆုံးကြိုတင်ပြင်ဆင် သွားရန် လိုအပ်မည်ဖြစ်သည်။ အခြေခံအားဖြင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်များကို ပြင်ဆင်သွားကြရမည် ဖြစ်သည်။ အထူးသဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် လုပ်ကိုင်ရှာဖွေ စုဆောင်းကြရာတွင် စိတ်ကောင်းရှိဖို့လိုပါ သည်။ အရာရာတွင် ကိုယ်ချင်းစာတရားလက်ကိုင်ထားကြမည်ဆိုလျှင် အေးချမ်းသောလူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် မြန်မာနှစ်သစ် တွင် ကျွန်ုပ်တို့၏ကိုယ်စီဘဝများ တိုးတက်အောင်မြင်ရေး အပြင် မိသားစု၊ လူမှုအဖွဲ့အစည်းနှင့် တိုင်းပြည်အကျိုးကိုပါ သယ်ပိုးနိုင်ရေးအတွက် ဗြဟ္မစိုရ်တရားကိုလက်ကိုင်ထားလျက် ပြုမူကျင့်ကြံနေထိုင်သွားရန် အထူးလိုအပ်ပေသည်။

စိတ်ကူးအိပ်မက်ရှိဖို့လို

နှစ်သစ်တွင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်ပေါင်းစုံတွင် အောင်မြင်မှုများပိုင်ဆိုင်နိုင်ရေး အတွက် ကိုယ်စီစိတ်ကူးအိပ်မက်များရှိနေရန် လိုအပ်ပါသည်။ ထိုစိတ်ကူးအိပ်မက်များ အမှန်တကယ် ရုပ်လုံးပေါ်လာစေ ရန်အတွက် လက်တွေ့ကျကျ ကြိုးပမ်းအကောင်အထည်ဖော် သွားရန်လည်း လိုအပ်မည်ဖြစ်သည်။

ဆိုရလျှင် လူတစ်ဦးသည် လွန်ခဲ့သည့် တစ်နှစ်လုံးတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေးစသည့် နယ်ပယ်တစ်ခုခုတွင် အောင်မြင်မှုတစ်စုံတစ်ရာမျှမရရှိခဲ့ဘူးဆိုလျှင် ထိုသူသည် တစ်နှစ်ဆိုသော အချိန်ကာလကိုအကျိုးမဲ့ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ အမှန်တော့ မနားမနေ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှသာလျှင် အောင် မြင်မှုဆိုသောအရာကို ဆုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ စင်စစ်အားဖြင့် မျက်မှောက်ခေတ်ကြီးတွင် ပျင်းရိလေးလံ တွေဝေထိုင်းမှိုင်းနေသောသူများအတွက် နေရာမရှိတော့ ပေ။ အထူးသဖြင့် တန်ဖိုးရှိသောအချိန်ကို စနစ်တကျစီမံ ခန့်ခွဲနိုင်စွမ်းမရှိသူများသည် အဘက်ဘက်မှ နောက်ကျ ကျန်ရစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။

ထို့ကြောင့် မြန်မာနှစ်သစ်တွင် အချိန်မဖြုန်းတော့ဘဲ ကိုယ်စီအလုပ်လုပ်ကြရတော့မည်ဖြစ်သည်။ နှစ်ဟောင်း တွင် အောင်မြင်မှုမရရှိခဲ့သည့်တိုင်အောင် နှစ်သစ်အတွက် ခွန်အားများမွေးမြူသွားကြရမည်ဖြစ်သည်။ လူတစ်ဦး ချင်း၊ မိသားစုတစ်စုချင်း၊ လူ့အသိုက်အဝန်းတစ်ခုချင်း မှသည် တိုင်းပြည်တိုးတက်ရေးကို ရည်မှန်းလျက် ကြိုးပမ်းသွားရန် လိုအပ်မည်ဖြစ်သည်။ လူတိုင်းတွင် လုပ်ဆောင်နိုင်သည့်စွမ်းအားများ ကိုယ်စီရှိနေပါသည်။ လုပ်မည်ဆိုလျှင် အောင်မြင်မှုသည် လက်တစ်ကမ်းတွင် ရှိနေသည်။ ထို့ကြောင့် နှစ်သစ်တွင် အောင်မြင်မှုတစ်ခုခုကိုရရှိအောင်ကြိုးပမ်းသွားမည်ဆိုသော စိတ်ကူး အိပ်မက်များကို ကိုယ်စီမက်ထားဖို့လိုပါသည်။

မြန်မာနှစ်သစ်တွင် ပြည်သူအားလုံးကျန်းမာကြပါစေ

မည်သို့ပင်ဆိုစေ မြန်မာနှစ်ဟောင်းကုန်၍ နှစ်သစ် သို့ရောက်ရှိလာတော့မည်ဖြစ်သည်။ နှစ်ဟောင်းတွင် အကောင်းနှင့်အဆိုးဒွန်တွဲ၍ ကြုံတွေ့ခဲ့ကြရမည်ဖြစ် သည်။ ထိုအတွေ့အကြုံများမှ သင်ခန်းစာယူပြီး နှစ်သစ်အတွက် ဆောင်ရွက်ဖွယ်ရာများကိုအကောင်းဆုံး ကြိုတင်ပြင်ဆင်သွားရန် လိုအပ်မည်ဖြစ်သည်။ နှစ်သစ် တွင် ကျန်းမာရေး၊စီးပွားရေး၊လူမှုရေးနယ်ပယ်ပေါင်းစုံတွင် အောင်မြင်မှုများပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စီ စိတ်ကူးအိပ်မက်များရှိနေရန် လိုအပ်ပါသည်။ ထိုစိတ်ကူး အိပ်မက်များ အမှန်တကယ်ရုပ်လုံးပေါ်လာစေရန်အတွက် လက်တွေ့ကျကျ ကြိုးပမ်းအကောင်အထည်ဖော်သွား ရန်လည်း လိုအပ်မည်ဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းသည် နှစ်သစ်တွင် လူမှုစီးပွားဘဝများတိုးတက်စေရန်အတွက် အချိန်ကုန်အကျိုးရှိစွာ အသုံးချသွားဖို့လိုပါသည်။ အချိန် တိုင်း စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်နေသူ တစ်ဦး သည် တိုးတက်အောင်မြင်မှုများကို လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်နိုင်လေ့ရှိသည်။ ထိုသို့အချိန်ကို တန်ဖိုးထားတတ် သည့်ပြည်သူများ မှီတင်းနေထိုင်လျက်ရှိသော ပြည်ထောင်စု ကြီးတွင် ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ကမ္ဘာ တည်သရွေ့ ထာဝစဉ်ထိန်းသိမ်းထားနိုင်မည်မှာ အသေ အချာပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာနှစ်သစ် တွင် နိုင်ငံသူ နိုင်ငံသားအားလုံ ကိုဗစ်-၁၉ ကပ်ရောဂါဆိုး ကြီး အန္တရာယ်မှလွတ်ကင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာသည့် ပျော်ရွှင်ချမ်းမြေ့သောဘဝများကို တည်ဆောက်သွားနိုင်ကြပါစေ။ ။

No comments:

Post a Comment