Saturday, April 11, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် ရှမ်းပြည်နယ်မှ ပြည်သူများနှင့် တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန်ဆွေးနွေး




နေပြည်တော် ဧပြီ ၁၀

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် ရှမ်းပြည်နယ်မှ ပြည်သူများ နှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့ အခြေအနေ များအား အပြန်အလှန်ဆွေးနွေးသည်။
ရှေးဦးစွာ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆွေးနွေးတင်ပြ

ထို့နောက် ကျိုင်းတုံမြို့ ဟိုနားအောက်ရပ် အမှတ်(၁)ရပ်ကွက် ရာအိမ်မှူး ဦးအောင်မြင့်သန်း က COVID-19 ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာနေထိုင်ရန် အချက်များကို ပြည်သူများသို့ အသိပညာပေးရာတွင် ဦးဆောင်ဦးရွက်ပြုနေမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ ပြည်တော်ပြန်များဆေးစစ်ရာတွင် လိုက်ပါကူညီ ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ တောင်ကြီးမြို့ သစ်တောရပ်ကွက် ဇောတိကလမ်းနေ Our Lovely World အဖွဲ့နှင့် Program Team တို့တွင် ပါဝင်ဆောင်ရွက်နေသည့် မနှင်းနွေအေးက COVID-19 နှင့်ပတ်သက်၍ ပြည်သူ များ၏ စိုးရိမ်ပူပန်မှု၊ COVID-19 Prevention Volunteer Group Southern Shan အဖွဲ့တွင် Volunteer Leader အဖြစ် ပါဝင်ဆောင်ရွက်နေမှု၊ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ပို့ချပေးသော COVID-19 Basic health education training ကို တက်ရောက်ခဲ့ပြီး ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးနေမှု၊ Quarantine Camp များတွင် စောင့်ကြည့်ခံနေရသူများအား စိတ်ခွန်အား ရရှိစေရန် ဖျော်ဖြေရေးအစီအစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုနှင့် COVID-19 ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ လိုအပ်သည့်နေရာများတွင် ပါဝင်ကူညီဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပင်လုံမြို့ ရပ်ကွက်(၄)မှ ဦးစိုင်းစီဟန်ခေးက ပြည်ပမှ ပြန်လည်ရောက်ရှိလာသည့် ပြည်သူများ၏ COVID-19 နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု၊ မိမိနှင့်မိသားစုဝင်များအားလုံး လွိုင်လင်မြို့နယ်မှ စီစဉ်ထားသော ကွန်ပျူတာတက္ကသိုလ် Facility Quarantine တွင် နေထိုင်နေမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာကြရန်၊ COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန်နှင့် နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

စည်းကမ်းများကို တိတိကျကျ လိုက်နာရန်လိုအပ်

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အနေဖြင့် ပြောကြား ရာတွင် ယမန်နေ့ညမှ ယခုနံနက်အတွင်း ရောဂါပိုးရှိသူ ငါးဦးထပ်မံတွေ့ရှိရပါ ကြောင်း၊ လာမည့်ရက်သတ္တနှစ်ပတ်၊ သုံးပတ်အတွင်းတွင်လည်း ရောဂါပိုးရှိသူများ ထပ်မံတွေ့ရှိလာနိုင်ပါကြောင်း၊ ရောဂါပိုးရှိသူများ တွေ့ရှိမှုများပြားလာပါက လွန်လွန်ကျွံကျွံ စိုးရိမ်ကြောင့်ကြမှုများ မထားရှိရန် လိုအပ်ပါကြောင်း၊ စည်းမျဉ်း စည်းကမ်းများကိုလည်း တိတိကျကျလိုက်နာရန် လိုအပ်ပါကြောင်း၊ မိမိ ပတ်ဝန်းကျင်ရှိ ပြည်သူများကိုလည်း စည်းမျဉ်းစည်းကမ်းများ လိုက်နာအောင် အားပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုတင်ပြဆွေးနွေးကြသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) အုပ်ချုပ်ရေးပိုင်းတွင် ကျန်းမာရေးအသိပညာ အားနည်းနေမှုနှင့် အသိပညာဖြန့်ဝေမှု အားနည်းမှုများကို မှတ်သားထားပါ ကြောင်း၊ ထို့ပြင် Quarantine ၌ နေထိုင်စေချင်သည်ဆိုသည့် ဆွေးနွေးချက်နှင့် ပတ်သက်၍ Quarantine ၌ နေထိုင်ပါက စောင့်ကြည့်ရန် လွယ်ကူပါကြောင်း၊ တစ်အိမ်ချင်း တစ်အိမ်ချင်းကို စောင့်ကြည့်ရန် မလွယ်ကူပါကြောင်း၊ သို့သော် တစ်အိမ်ချင်း တစ်အိမ်ချင်း၌ နေမည်ဆိုလျှင် ပြည်သူများက တာဝန်သိစိတ်ဖြင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမည်၊ ရောဂါလက္ခဏာ စပြီးပြကတည်းက အနီးဆုံး ကျန်းမာရေးဌာနကို ချက်ချင်းအသိပေးအကြောင်းကြားမည်ဆိုပါက အန္တရာယ်သည် များစွာနည်းပါးသွားမည် ဖြစ်ပါကြောင်း၊ အလှူရှင်များအနေဖြင့် လည်း စနစ်တကျ စီမံခန့်ခွဲနိုင်သည့် အခြေအနေရှိရန် အစိုးရအဖွဲ့သို့ လှူဒါန်း စေချင်ပါကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် သေသေချာချာစီမံခန့်ခွဲပြီး လိုအပ် သည့်နေရာများသို့ ရောက်အောင်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ အလှူရှင် များ၏ စေတနာသည် အကျိုးရှိသင့်သလောက်မရှိဘဲ ဖြစ်သွားမည်ကို မဖြစ် စေချင်သည့်အတွက် ထိုသို့ ပြောရခြင်းဖြစ်ပါကြောင်း၊ အလှူရှင်များ၏ စေတနာ ကို ပိတ်ပင်လိုသည့်အတွက် ပြောရခြင်းမဟုတ်ပါကြောင်း၊ သင်္ကြန်ကာလအတွင်း တွင်လည်း အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်ကြပါစေ၊ တစ်ယောက်နှင့် တစ်ယောက် ဖေးမပါ၊ အားပေးပါ၊ မိမိစိတ်ဓာတ်ကိုလည်း ခိုင်မာအောင်ထားပါက ယင်းကပ်ရောဂါကြီးကို ဖြတ်ကျော်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်

No comments:

Post a Comment