Sunday, April 5, 2020

ဒိုင်ယာရီရေးခြင်း အလေ့အကျင့်


မှော်ဝန်းသီဟ
ဒိုင်ယာရီ (Diary) ဟူသော စကားကို မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုပါက "နေ့စဉ်မှတ်တမ်း"ဟု အဓိပ္ပာယ် ရသည်။ ထို့ကြောင့် ဒိုင်ယာရီသည် လူတစ်ဦးတစ်ယောက် က မိမိကြုံတွေ့နေရသော အဖြစ်အပျက်များကို နေ့စဉ် ရေးသားထားသည့် မှတ်တမ်းပင်ဖြစ်သည်။
တစ်နေ့တာအတွင်း မိမိပြုမူပြောဆိုခဲ့သည်များ၊ မိမိကြုံတွေ့ရသည့် အဖြစ်အပျက်များ၊ ကြားသိခဲ့ရသော အကြောင်းအရာများကို တစ်နေ့တာ ကုန်ဆုံးချိန်၌ မှတ်တမ်းတင် ရေးသားခြင်းသည် ဒိုင်ယာရီရေးသားခြင်းပင် ဖြစ်သည်။
ဒိုင်ယာရီကို လူသားတိုင်း အထူးသဖြင့် လူငယ်တိုင်း ရေးသားသင့်သည်။ သို့မှသာ နှစ်ပေါင်းများစွာ ကုန်ဆုံးချိန် ၌ မိမိရေးသားခဲ့သည့် ဒိုင်ယာရီကို ပြန်လည်ဖတ်ရှုသော အခါ ငယ်စဉ်က အဖြစ်အပျက်များနှင့် ယခုအဖြစ်အပျက် များကို နှိုင်းယှဉ်၍ တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို ချိန်ဆ နိုင်သည်။ မိမိ၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တတို့သည် လည်း ကုန်ဆုံးခဲ့သော ကာလများအတွင်း မည်သို့ မည်ပုံ ပြောင်းလဲသွားသည်ကို ချင့်ချိန်သုံးသပ်နိုင်သည်။
ဒိုင်ယာရီသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သော်လည်း အခြားသူများအတွက် ဗဟုသုတဖြစ်စေ နိုင်သည်။ ဒိုင်ယာရီသည် ရေးသားသူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ ကို ဖော်ပြထားရုံမျှမက နှစ်ပေါင်းများစွာ ကြာမြင့်သော အခါ ထိုခေတ်ထိုအခါက လူသားတို့၏ အခြေအနေနှင့် ပေါင်းသင်းဆက်ဆံရေးတို့ကိုပါ ဖော်ပြနိုင်သည့် ခေတ်ပြ ကြေးမုံလည်းဖြစ်သည်။
ထို့ပြင် ဆယ်စုနှစ်၊ ရာစုနှစ်များ ကုန်ဆုံးချိန်၌ ထိုဒိုင်ယာရီများသည် သမိုင်းမှတ်တမ်းများအဖြစ်ပင် ကိုးကားနိုင်သည်။ မြန်မာနိုင်ငံ၌ ထင်ရှားသော ဒိုင်ယာရီ သာဓကမှာ ကင်းဝန်မင်းကြီး၏ နေ့စဉ်မှတ်တမ်း စာအုပ် များပင်ဖြစ်သည်။
ရတနာပုံခေတ်၊ ကုန်းဘောင်မင်းဆက်ဖြစ်သည့် မင်းတုန်းမင်းလက်ထက်၌ ပြည်ပနိုင်ငံများနှင့် ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ ကင်းဝန်မင်းကြီး ဦးဆောင်သော သံအဖွဲ့ကို ၁၂၃၃ ခုနှစ်၌ အင်္ဂလန်နိုင်ငံသို့ လည်းကောင်း၊ ၁၂၃၅ ခုနှစ်၌ ပြင်သစ်နိုင်ငံသို့လည်းကောင်း စေလွှတ်ခဲ့ သည်။ တာဝန်ပေး စေလွှတ်ခံရသော ကင်းဝန်မင်းကြီး သည် ရောက်ရှိခဲ့သည့် နိုင်ငံများတွင် ဒိုင်ယာရီကို ရေးသား ခဲ့သည်။ ထိုသို့ ရေးသားခဲ့သော ကင်းဝန်မင်းကြီး၏ ဒိုင်ယာရီ များဖြစ်သည့် လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်းနှင့် ပြင်သစ် နိုင်ငံသွား နေ့စဉ်မှတ်တမ်းတို့သည် ယနေ့အထိတိုင်အောင် အကြိမ်ကြိမ် ပုံနှိပ်ကာ လက်စွဲအားထားနေရသည့် သမိုင်း မှတ်တမ်း ဒိုင်ယာရီစာအုပ်များပင် ဖြစ်သည်။
ဒိုင်ယာရီသည် ငယ်ဘဝ မှတ်တမ်းဖြစ်သည်။ နောင် တစ်ချိန်၌ အမှတ်တရဖြစ်စေရန် ဓာတ်ပုံများ ရိုက်ကြ သည့်နည်းတူ ဒိုင်ယာရီ ရေးသားထားခြင်းသည် မိမိဘဝ ၏ ထူးခြားချက်များ၊ ပျော်စရာများ၊ ဝမ်းနည်းစရာများ၊ ကြည်နူးစရာများကို ပြန်လည်ခံစား အောက်မေ့နိုင်သည်။
ဒိုင်ယာရီသည် မိတ်ဆွေအဖော်မွန်ဖြစ်သည်။ အခက် အခဲများနှင့် ကြုံတွေ့ရသည့်အခါ၊ အဆင်မပြေမှုများနှင့် ဆုံတွေ့ရသည့်အခါ မိမိ၏စိတ်ခံစားချက်များကို ရင်ဖွင့် ထုတ်ရန် လိုအပ်လာသည်။ ဒိုင်ယာရီတွင် အဆင်မပြေမှု များ၊ အခက်အခဲများကို ချရေးလိုက်ရသဖြင့် အထီးကျန် မွန်းကျပ်မှုများကို ပြေလျော့စေသည်။ ထို့ကြောင့် ဒိုင်ယာရီ သည် ဘဝအမောများနှင့် သောကအပူများကို မျှယူပေး နိုင်သော ဘဝအဖော်မွန်ဖြစ်သည်။
ဒိုင်ယာရီသည် အရေးအသား စွမ်းရည်ကို တိုးတက် စေသည်။ နေ့စဉ်ပုံမှန် ဒိုင်ယာရီ စာမျက်နှာများ ရေးသား ခြင်းဖြင့် မိမိ၏ အရေးအသား စွမ်းရည်သည် တစ်နေ့တခြား တိုးတက်လာကာ နောင်တစ်ချိန်၌ ဂန္ထဝင် စာရေးဆရာကြီး များ ဖြစ်လာနိုင်သည်။
ဒိုင်ယာရီသည် ဆရာသခင် ဖြစ်သည်။ လူအများစု သည် တစ်နေ့တာအတွင်း အမှားမျိုးစုံ ပြုလုပ်တတ်ကြ သည်။ မိမိလုပ်ရပ်များသည် မှားသည်ကို သိသော်လည်း ထိုအမှားတို့ကို မေ့လျော့ချိန်တွင် ထပ်မံပြုလုပ်တတ်ကြ သည်။ ဒိုင်ယာရီ ရေးထားခြင်းဖြင့် ပြန်လည်ဖတ်ရှုသည့် အခါတိုင်း ဒိုင်ယာရီသည် ထိုအမှားကို အမြဲညွှန်ပြနေတတ် သည်။
ဒိုင်ယာရီသည် မှတ်ဉာဏ်ကို တိုးတက်စေသည်။ တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့သည်များကို တစ်နေ့တာ ကုန်ဆုံးချိန်၌ ပြန်လည်ဖော်ဆောင်ကာ ရေးသားရသည့် အတွက် ဦးနှောက်၏ မှတ်သားနိုင်မှုကို အသုံးချရသဖြင့် ငွေမကုန်သော ဦးနှောက်မှတ်ဉာဏ် လေ့ကျင့်ခန်းပင် ဖြစ်သည်။
ဒိုင်ယာရီသည် ယုံကြည်မှုကို ဖြစ်စေသည်။ မိမိ၏ နေ့စဉ်လှုပ်ရှားမှုနှင့် စိတ်ခံစားချက်များကို ဒိုင်ယာရီတွင် ရေးသားထားသဖြင့် မိမိကိုယ်တိုင် သတိမမူမိသည့် ပြုမူ လှုပ်ရှားမှုများကို ရှာဖွေနိုင်သည်။ မိမိ၏ နေ့စဉ်လှုပ်ရှားမှု များကြောင့် မိမိကိုယ်မိမိ တန်ဖိုးထားတတ်လာကာ မိမိကိုယ်မိမိ ယုံကြည်လာစေသည်။
ဒိုင်ယာရီသည် ရည်မှန်းချက် ပန်းတိုင်များကို ဖြစ်မြောက်စေသည်။ ဒိုင်ယာရီ ရေးကြရာတွင် မိမိ၏ မပြီးဆုံးသေးသော လုပ်ငန်းဆောင်တာများ၊ အကောင် အထည်ဖော်ဆဲဖြစ်သော ရည်မှန်းချက်များကို မပါမဖြစ် ရေးသားကြသည်။ ထိုသို့ ရေးသားခြင်းသည် မိမိ၏ လုပ်ငန်း တာဝန်များ၊ ရည်မှန်းချက်များကို အောင်မြင်ပြီးဆုံး စေရေးအတွက် နည်းလမ်းများကို ဖော်ထုတ်နိုင်သည်။ သုတေသနပြုချက်များအရ ဒိုင်ယာရီ ရေးလေ့ရှိသူများ သည် အခြားသူများထက် ပို၍ ရည်မှန်းချက်များကို ပေါက်မြောက်အောင် စွမ်းဆောင်နိုင်ကြောင်း တွေ့ရှိခဲ့ကြ သည်။
ထို့ကြောင့် ဒိုင်ယာရီ ရေးခြင်းသည် အကျိုးကျေးဇူး များစွာကို ရရှိစေနိုင်သည်။ သို့သော်လည်း ဒိုင်ယာရီသည် မိမိ၏နေ့စဉ်ဘဝကို မကွယ်မဝှက်တမ်းရေးရသည့် အရာ ဖြစ်သောကြောင့် ရေးရန် မဝံ့မရဲ ဖြစ်နေတတ်ကြသည်။
စင်စစ်တွင်မူ ဒိုင်ယာရီသည် အနာဂတ်၏ ဆရာ၊ ပစ္စုပ္ပန်၏ လက်တွဲဖော်၊ အတိတ်၏ ငယ်ကျွမ်းဆွေပင် ဖြစ်ပေသည်။ ထို့ကြောင့် လူသားတိုင်း အထူးသဖြင့် လူငယ် တိုင်းသည် ယနေ့မှစ၍ ဒိုင်ယာရီရေးခြင်း အလေ့အကျင့် ကို ပြုလုပ်ကြပါဟု တိုက်တွန်းရေးသားအပ်ပါသည်။

No comments:

Post a Comment