Sunday, April 5, 2020

မွေးရပ်မြေနှင့် အတွေးစများ



စင်္ကြာမေ (ဥဿပဲခူး)


တရိပ်ရိပ်ပြေးနေတဲ့ ကားမှန်ပြတင်းက ရှုခင်းတွေ။ ဘယ်တော့ပြန်လာမယ်မှန်းမသိလို့ နှုတ်မဆက်ခဲ့ရပေမယ့် ဘယ်အချိန်ပြန်လာခဲ့ပါစေ နွေးထွေးစွာ ကြိုလင့်နေတဲ့ ကျွန်မရဲ့ မွေးရပ်မြေကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။

လူနေအထူထပ်ဆုံးသော နိစ္စဓူဝကိစ္စတွေများလွန်းပြီး အနယ်နယ်အရပ်ရပ်က လူတွေကို သားသမီးများပမာ ရင်ငွေ့ခိုလှုံစေခဲ့တဲ့ မြို့တော်။ ရွှေတိဂုံဘုရားကို ပြယုဂ်ထား ပြီး မြန်ပြည်အလယ် ထည်ဝါနေတဲ့ မြို့ရွှေရန်ကုန်။ တကယ် တော့ ရန်ကုန်ဆိုတာ ကျွန်မဘဝရဲ့ ဒုတိယမြို့တော်ပါ။ ကျွန်မငယ်စဉ်ကပေါ့ ရန်ကုန်ဆိုတာ တခဏမျှ ခြေချခွင့်ရ လျှင်တောင် ပျော်ရတဲ့မြို့ဖြစ်ခဲ့သည်။ ခေတ်မီသည်။ လိုချင် တာတွေရနိုင်သည်။ အခွင့်အလမ်းပေါများသည်။ ဘယ်လိုပဲ စိတ်ကူးယဉ်ခဲ့ပါစေ။ ရန်ကုန်ဆိုတာ ကျွန်မ စိတ်ကူးထဲမှ ပြေးမလွတ်ခဲ့ပါ။

သမိုင်းစာအုပ်ထဲမှ အကြောင်းအရာတွေကတစ်ဆင့် ရန်ကုန်တက္ကသိုလ်ကို ကျွန်မရင်းနှီးခဲ့တယ်။ ခေတ်ပညာ တတ်၊ မျိုးချစ်ခေါင်းဆောင်တွေများစွာ မွေးထုတ်ပေးခဲ့တဲ့ ခမ်းနားထည်ဝါသော ကျောင်းတော်ကြီး။ ဒါပေမယ့် ရန်ကုန် တက္ကသိုလ်ထက် ကျွန်မစိတ်အစဉ်ကို ညှို့ယူနိုင်ခဲ့တာက ဆေးတက္ကသိုလ်။ နာမည်ကြားလိုက်တာနဲ့ ပြေးတက်ချင် စိတ်ပေါက်ခဲ့ရတဲ့ ကျောင်းတော်။ ရူးသွပ်ခဲ့ရတဲ့ ဆရာဝန် ဘဝ။ တကယ်တော့ ကျွန်မအတွက် ဆေးတက္ကသိုလ်ဆိုတာ ကာလအတန်ကြာသည်အထိ မြင်ဖူးခွင့်မရှိခဲ့ပါ။ အခုတော့ ကျွန်မ တက်ရောက်ပညာဆည်းပူးနေသည့် ကျောင်းတော် ကြီးပေါ့။

အခါအားလျော်စွာ ပိတ်သိမ်းလိုက်ရတဲ့ အမိကျောင်း တော်ကြီးက ကျွန်မကိုစိမ်းကားစွာ နှုတ်ဆက်ခဲ့ချေပြီ။ အမိရင်ခွင်ကို တိုးဝှေ့သော သမီးငယ်ပမာ ခိုဝင်ခဲ့ပေမယ့် လက်ပြနှုတ်ဆက်ခြင်းနဲ့ ကြိုလင့်ခံခဲ့ရသည်။ နွေကျောင်း ပိတ်ရက်ဆိုသည်မှာ အမိကျောင်းတော်ကြီးနှင့် ဝေးကွာရ သော ကာလများလို့ ကျွန်မ တိုးတိတ်စွာ ရေရွတ်နေတုန်း ကျောင်းတော်ကြီးကရော ကျွန်မတို့ကို လွမ်းနေမလား။ အခုတော့ တခဏတာ ခွဲခွာခဲ့ရပြီလေ။

မွန်းကျပ်သည့် မြို့ပြအနှောင်အဖွဲ့မှ ကင်းလွတ်တဲ့ တောရိပ်တောင်ရိပ်တွေနဲ့ လွှမ်းခြုံထားတဲ့ အိမ်အပြန်လမ်း။ မှိုင်းညို့ညို့ တောတန်းတွေ။ တသွင်သွင်စီးနေတဲ့စမ်းချောင်း လေးတွေ။ နွေစပါးအတွက် သိုလှောင်ထားတဲ့ ဆည်ရေ။ ရွက်ဝါတွေကို ပန်ဆင်ထားတဲ့ ပင်အိုပင်ပျိုတွေနဲ့အတူ အိမ်အပြန်လမ်းက စိုပြည်နေလေရဲ့။ ကျွန်မပြန်အလာကို ပြုံးစစနဲ့ ဆီးကြိုနေကြမယ့် မွေးရပ်မြေက ချစ်ရသော မိဘ၊ ဆွေမျိုးတွေ။ ဆက်သွယ်ရေးတွေ မည်မျှပင်ကောင်းမွန်နေ ပါစေ ချစ်ရသူများကို လူကိုယ်တိုင်တွေ့ခွင့်ရသည်လောက် ကြည်နူးဖွယ်ကောင်းနိုင်ပါ့မလား။
စည်းချက်မှန်မှန်နှင့် မောင်းနှင်လာသော ကား၏ မှန်တံခါးမှတစ်ဆင့် “ဘုရားကြီးမြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ ၏”ဟူသော ဆိုင်းဘုတ်ကလေးကို ကျွန်မမြင်လိုက်ရ သည်။ ကားလမ်းဘေး တစ်ဖက်တစ်ချက်မှာ လယ်ကွင်း တွေ။ တချို့လည်း ရိုးပြတ်တွေပြည့်လို့။ တချို့လည်း နွေစပါးစိုက်ဖို့ ဆည်ရေတွေ လွှတ်ထားပြီးပြီ။ မြို့အဝင်ဆို တွေ့ရမြဲ ကုက္ကိုလ်တန်း။

သိပ်မဝေးပါဘူး။ သံဝေဂတရားတွေ လွှမ်းခြုံထားတဲ့ ထန်းပင်ကုန်းသုဿာန်။ အုတ်ဂူရောင်စုံလေးတွေက မမြဲခြင်းတရား ကို ဖော်ကျူးလို့။ မီးသင်္ဂြိုဟ်စက်ကြီးကလည်း ဘဝရဲ့ နိဂုံးကို တစ်စွန်းတစ်စ လှစ်ဟပြနေသည်။ ထန်းပင် တွေကလည်း နွေဦးရဲ့ဆည်းဆာချိန် ကောင်းကင်ယံ နောက်ခံနှင့် ဆွေးဆွေးမြည့်မြည့်။

“ဘာလို့ ဆေးကျောင်းတက်လာလဲ”လို့ မေးရင် “ဝါသနာပါလို့ပါ”လို့ပဲ ကျွန်မဖြေခဲ့မိသည်။

ဒီစကားထက် လေးနက်တာရှိရင် ကျွန်မ ပြောလိုက်ချင် သည်။ ဝါသနာဆိုတဲ့ စကားလုံးက ကျွန်မရင်ထဲက ဆန္ဒတွေ ကို မဖော်ကျူးနိုင်ပါ။
“ဘယ်အချိန်ထဲက ဆရာဝန်အလုပ်ကို ဝါသနာပါတာ လဲ”တဲ့။ ကျွန်မသူငယ်ချင်းတွေ မေးခဲ့ဖူးသည်။ ဘယ်သူတွေ၊ ဘယ်လိုပဲ ထင်ကြပါစေ။ ကျွန်မကတော့ “အရင်ဘဝထဲက ဝါသနာပါတာ”လို့ ဖြေခဲ့မိတယ်။ ကျွန်မ မှတ်မိသလောက် တော့ ကျွန်မဆုတောင်းတိုင်းမှာ ဆရာဝန် ဖြစ်ရပါစေလို့ အမြဲပါတတ်တယ်။ ဒါ အတိတ်ဘဝကတည်းကလို့ တထစ်ချ မပြောနိုင်ပေမယ့် ဝေဝေဝါးဝါးတော့ ကျွန်မမှတ်မိနေသေး တယ်။

ဆရာဝန်တွေ၊ ဆရာမတွေက သိပ်ကို ပင်ပန်းတယ်။ သမီးပင်ပန်းမှာ စိုးတယ်လို့ ရေရွတ်ပြီး ဆေးကျောင်းမတက် ဖို့ မေမေပြောခဲ့ဖူးတယ်။ ကျွန်မဘဝမှာ မျှော်လင့်ခြင်း ကောင်းကင်ကြီး ပြိုကျသွားသလိုပဲ။ အရာရာဟာ ပိန်းပိတ် အောင် မှောင်သွားခဲ့ဖူးသည်။ ကျွန်မမှာ ရှိလေသမျှ မျက်ရည်တွေ ကုန်ခမ်းသွားအောင်အထိလည်း ငိုကြွေးခဲ့ဖူး တယ်။ ဒါကတော့ အိပ်မက်တွေ ထင်ရှားစပြုလာခဲ့တဲ့ အချိန်မှာပေါ့။ ငယ်ငယ်ကတည်းက ဆရာဝန်လုပ်မယ် ပြောတိုင်း သရော်သလိုလို၊ လှောင်သလိုလိုနဲ့ မဖြစ်နိုင်တာ ကိုဆိုပြီး ရွဲ့စောင်းတဲ့ အကြည့်တွေကို ကျွန်မခံခဲ့ဖူးတယ်။ကြီးကျယ်လိုက်တာ မဖြစ်နိုင်တာလို့ဆိုပြီး ကျွန်မရဲ့အိပ်မက် တွေကို နင်းခြေခံရဖူးတဲ့ အခိုက်အတန့်တွေ ရှိခဲ့ဖူးတယ်။

ဒါပေမယ့် အိပ်မက်ဆိုတာ အနာဂတ်လို့ တဇွတ်ထိုး စိတ်နဲ့ ကျွန်မယုံကြည်ခဲ့သည်။ လိုချင်တာတွေ ရပိုင်နိုင် အောင် ကျွန်မကြိုးစားခဲ့သည်။ ဒါတွေက ကျွန်မအတွက် မွေးရပ်မြေက သိမ်းဆည်းပေးထားတဲ့ အမှတ်တရတွေပေါ့။ ကျွန်မရှစ်တန်းအောင်ပြီးကတည်းက မွေးရပ်မြေဆိုတာ ကျွန်မရှင်သန်ရာ မြေဆီရာထူးမှ သက်လျှောခဲ့ရသည်။ ကျွန်မရဲ့ ရေသောက်မြစ်များသည် ရွှေမြို့တော် ရန်ကုန်မှာ ကုပ်တွယ်ခဲ့ရသည်မှာ ကာလတစ်ခု ရှိချေပြီ။

အတွေးတွေရစ်ဝဲနေရင်းမှ မွေးရပ်မြေရဲ့ မြင်ကွင်း တွေက ကျွန်မကို လှုပ်နိုးလိုက်သည်။ “တိုက်နယ်ပြည်သူ့ ဆေးရုံ၊ ဘုရားကြီးမြို့”တဲ့။ ချစ်သောဌာနီမှ ကျွန်မငယ်ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခု။ လွမ်းမိနေဆဲ။ တမ်းတနေဆဲ။ ဆေးရုံဝင်းနယ်မြေမှာ ကျွန်မ ပျော်ရွှင်စွာ ပြေးလွှားဆော့ ကစားဖူးသည်။ ပင်လုံးကျွတ်ပွင့်တဲ့ ပိတောက်ပင်တွေ အောက်မှာ သင်္ကြန်သီချင်းဆိုပြီး ကွေးနေအောင် ကခဲ့ဖူး သည်။ မြရာတောတွေအလယ် ခြေဆန့်ခဲ့ဖူးသည်။ ကျွန်မ ဘဝရဲ့ အိပ်မက်တွေ ခြေမွှခံရတဲ့အချိန်မှာ ကျွန်မရင်ထဲက ဒဏ်ရာတွေကို ကုစားပေးခဲ့တဲ့၊ ကျွန်မအိပ်မက်တွေကို ပြန်လည် ရှင်သန်စေခဲ့တဲ့ ဆေးရုံဝင်း၊ ကျွန်မကို လွမ်းနေရဲ့ လား။

ဟိုး သိပ်မဝေးတော့တဲ့ ရွှေရောင်လွှမ်းတဲ့ စေတီ။ အောင်မြေကိုနင်းပြီး အဓိဋ္ဌာန်ပြုခဲ့ဖူးသည်။ အခုတော့ ကျွန်မ အိပ်မက်တွေ တစ်စိတ်တစ်ဒေသ ပြည့်ဝခဲ့ပြီလို့ တိုင်တည်လိုက်ချင်ရဲ့။ လက်အုပ်ချီမိုး၍ ဂါရဝပြုလိုက် သည်။ ဘုရားကြီးမြို့ရဲ့ သာသနိကပြယုဂ်ဖြစ်သော မဟာဝိ ဇယရံသီစေတီတော်မြတ်ကြီး။ ကထိန်လှည့်တိုင်း လော်စပီ ကာနဲ့ အောင်စေ၊ ပိုင်စေသီချင်းဆိုခဲ့ဖူးတဲ့ တပည့်တော်ကို မှတ်မိပါရဲ့လား။ လိုချင်တာရှိတိုင်း တတွတ်တွတ်နဲ့ ဆုတွေ အရှည်ကြီးတောင်းတတ်တဲ့ တပည့်တော် အခုလည်း ဆုတောင်းချင်ပါတယ်။ ကမ္ဘာသူ၊ ကမ္ဘာသားတွေ ကပ်ရောဝါ အမျိုးမျိုးမှ ကင်းဝေးကြပါစေ။



ဒီလိုအချိန်မှာ ဆရာဝန်တစ်ယောက်အဖြစ် မရပ်တည် နိုင်သေးတာ အားနာမိပါရဲ့။ မွေးရပ်မြေကို ပြန်လာပြီး နားရတာလဲ နောက်ကျောမလုံ ဖြစ်ရပါသည်။ မလိုအပ်ဘဲ လူသားတွေရဲ့ အသက် မဆုံးရှုံးစေရဘူးလို့ ဆုံးဖြတ်မိတဲ့ ကျွန်မအခုတော့ အခြေမဲ့၊ အနေမဲ့။ ဒါပေမယ့် မေတ္တာတွေတော့ ပြည့်ဝနေပါသည်။ အားလုံး နေကောင်းကျန်းမာပါစေလို့ တော့ ဆုတောင်းပေးနိုင်ပါသည်။ ဒါတွေအစား နောင်တစ် ချိန်မှာ အဆတိုး၍ အများအကျိုးထမ်းရွက်ချင်ပါသည်။ ပြည်သူအများရဲ့ ကျန်းမာရေးအတွက် စိတ်ရောကိုယ်ပါ ထမ်းရွက်ချင်ပါသည်။ ဆေးတက္ကသိုလ် ကျောင်းသူတစ်ဦး၏ အားမလိုအားမရဖြစ်မှု တစ်ခုလို့ပဲ ဆိုလိုက်ချင်ပါတော့သည်။ ဒီထက်ပို၍ မတတ်နိုင်သောအခါဝယ်။ ။

No comments:

Post a Comment