Tuesday, April 7, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပဲခူးတိုင်းဒေသကြီးမှပါဝင်ဆောင်ရွက်နေသူများနှင့်တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန်ဆွေးနွေး
Image may contain: 2 people, people sitting, screen, child and indoor, text that says 'ဒေါက်တာ အေးငြိမ်း'
နေပြည်တော် ဧပြီ ၆
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပဲခူး တိုင်းဒေသကြီးမှ ပါဝင်ဆောင်ရွက်နေသူများနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန်ဆွေးနွေးသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်စကားပြောကြား သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း၊ ပျဉ်ပုံကြီးကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် တိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်တို့က ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မိသားစု COVID-19 ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် COVID-19 ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာရန် လိုက်လံ နှိုးဆော်နေမှု၊ ပညာပေးလှုံ့ဆော်ခြင်း၊ အသိပညာပေးခြင်းနှင့် ဆေးရုံ ဆေးခန်း များတွင် ရေရှည်၌ လိုအပ်လာနိုင်သည့် ကျန်းမာရေးကာကွယ်ရေးပစ္စည်းများ ဖြည့်ဆည်းပေးရန် အချက်များ၊ ပြည်တော်ပြန်များနှင့်စပ်လျဉ်းပြီး စိုးရိမ်မှု မရှိစေရန် ကျေးရွာများသို့ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့မှု၊ ခရီးသွားလျော့နည်းသွားမှုအခြေအနေ၊ ခရီးသွားလုပ်ငန်းများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နေမှု၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအတွက် စားဝတ်နေရေး အခက်အခဲနှင့် မော်တော်ယာဉ်များတွင် အသုံးပြုရန် ပိုးသတ်ဆေးလိုအပ်ချက်များ၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက် ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ပြောကြားထား
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်ပြောကြားရာတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအတွက်သာမက နိုင်ငံသူ၊ နိုင်ငံသားများ၏ စီးပွားရေးနှင့် ကျန်းမာရေးအခြေအနေကိုလည်း မထိခိုက်အောင်နှင့် ကာကွယ် ထားနိုင်အောင် တစ်ချိန်လုံးစီစဉ်နေပါကြောင်း၊ သွားလာရေးကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်စဉ်းစားရပါကြောင်း၊ လိုအပ်ပါက သွားနိုင်ရန် အစီအစဉ်ရှိရမည်ဖြစ်ပါ ကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ်မောင်းများ၏ အသက်မွေးဝမ်းကျောင်းအတွက် မနစ်နာစေရန် စီစဉ်ပေးရမည်ဖြစ်ပါကြောင်း၊ ပြည်တော်ပြန်များအတွက်သာမက ပြည်သူများကိုလည်း မလိုအပ်ဘဲ တစ်နေရာနှင့် တစ်နေရာမသွားကြရန် ပန်ကြား ထားပါကြောင်း၊ အထူးသဖြင့် သင်္ကြန်ကာလအတွင်း မိဘရပ်ထံပြန်ခြင်း၊ ဆွေမျိုး များထံ သွားရောက်လည်ပတ်ခြင်း၊ ဘုရားဖူးသွားရောက်ခြင်းများနှင့် အပျော် အပါးခရီးထွက်ခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုကြရန် ပြောကြားထားပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဆက်လက်တာဝန်ထမ်းဆောင်ရန် ညွှန်ကြားချက်ထုတ်ပြန် ထားပြီးဖြစ်ပါကြောင်း၊ သို့သော် နာရေးကဲ့သို့ အရေးကြီးသည့်ကိစ္စများအတွက် မိမိရပ်ရွာသို့ပြန်နိုင်သည့်အနေအထားရှိအောင် ကူညီရမည်ဖြစ်ပါကြောင်း၊ သင်္ကြန်ရုံးပိတ်ရက်များတွင် လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များအတွက်လည်း စဉ်းစားရပါကြောင်း၊ ရပ်နားထားသည့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ပြည်သူများ၏စားဝတ်နေရေးအတွက်လည်း စဉ်းစားပေးနေပါကြောင်း၊ ထို့ပြင် အဘက်ဘက်ကစဉ်းစား၍ တတ်နိုင်သမျှ ဆောင်ရွက်ပေးနေပါကြောင်း၊ အဖြေ ပေါ်လာသည်နှင့်အမျှ ပြည်သူလူထုအား အချိန်နှင့်တစ်ပြေးညီ တင်ပြသွားမည် ဖြစ်ပါကြောင်း။
နှစ်ဖက်မျှတအောင် လုပ်ဆောင်သွားမည်
လျှပ်စစ်နှုန်းထားများအား ချထားပေးမည်လားဟု မေးခွန်းများလည်းရှိပါ ကြောင်း၊ ချထားပေးရန်လည်း စီစဉ်နေပါကြောင်း၊ ချထားပေးရာတွင် နိုင်ငံတော် က တတ်နိုင်သည့်အတိုင်းအတာလည်း ဖြစ်ရမည်ဖြစ်ပါကြောင်း၊ အမှန်တကယ် လိုအပ်မှုကို အကူအညီပေးသည့်ပုံစံလည်း ဖြစ်ရမည်ဖြစ်ပါကြောင်း၊ တတ်နိုင်သူ များအား လျှော့ပေးရန် မဟုတ်ပါကြောင်း၊ တတ်နိုင်သူများကို လျှော့ပေးမည် ဆိုပါက တခြားတစ်နေရာတွင် သုံးစွဲရန်အတွက် ဝင်ငွေလျော့နည်းသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စရပ်များကိုလည်း နှစ်ဖက်မျှတအောင် စဉ်းစားလုပ်ကိုင် နေရပါကြောင်း၊ ပြည်သူများ၏လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်နှင့် လုပ်ငန်းလုပ်ကိုင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် နှစ်ဖက်မျှတအောင် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း။
ပြည်သူများ၏ ပါဝင်မှုသည် အဓိကဖြစ်ပါကြောင်း၊ ပြည်သူများထဲတွင် ဝန်ထမ်းများလည်း ပါဝင်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူများအားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုအချိန်သည် မိမိတို့အချင်းချင်းအကြားတွင် ညီညွတ်မှုတည်ဆောက်ရန် အကောင်းဆုံးအချိန်ဖြစ်ပါကြောင်း၊ စိန်ခေါ်မှုတစ်ခု ပေါ်ပေါက်လာပါက ယင်းကိစ္စရပ်ကို အကျိုးရှိအောင် သုံး၊ မသုံးဆိုသည်မှာ မိမိတို့အပေါ်တွင်သာ မူတည်ပါကြောင်း၊ ဖြစ်ပေါ်လာသည့်စိန်ခေါ်မှုတစ်ခုကို အနာဂတ်အတွက် အကျိုးဖြစ်အောင် ရင်ဆိုင်မည်၊ အကျိုးမဖြစ်အောင် ရင်ဆိုင် မည်ဆိုသည်မှာ နောက်ဆုံးတွင် မိမိ၏ရွေးချယ်မှု၊ မိမိ၏ဆုံးဖြတ်ချက်သာ ဖြစ်ပါ ကြောင်း၊ ပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဝန်ထမ်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ယခုအချိန်အခါသည် မိမိတို့ပြည်သူလူထု၏ ညီညွတ်မှု အင်အားပြပြီး ပြည်သူလူထု၏ တန်ဖိုးတက်စေရန် ဆောင်ရွက်သည့်အချိန်ဖြစ် အောင် ဆောင်ရွက်စေလိုပါကြောင်း။
မလုပ်သင့် မလုပ်ထိုက်သည်များကို မလုပ်ကြစေလို
အများလိုအပ်ချက်ဖြစ်နေချိန်တွင် ကိုယ့်အကျိုးအမြတ်အတွက် မလုပ်သင့် မလုပ်ထိုက်သည်များကို မလုပ်ကြစေလိုကြောင်း၊ ပြည်သူဒုက္ခရောက်ချိန်တွင် ကိုယ့်အကျိုးအမြတ်အတွက်သာ ဆောင်ရွက်ခဲ့သူတစ်ဦးသည် ပြည်သူ့မျက်နှာကို မည်သို့ကြည့်ပြီး မည်သို့ဆက်လက်ရှင်သန်သွားမည်ဆိုသည်ကို စဉ်းစားစေလိုပါ ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပြီး အချင်းချင်း မေတ္တာ၊ ကရုဏာပွားစေလိုပါကြောင်း၊ COVID-19 ရောဂါကို နိုင်အောင် တိုက်ခိုက် နေချိန်တွင် မိမိတို့ ပြည်သူအချင်းချင်း ထိခိုက်မည့်ကိစ္စများကို မဆောင်ရွက်ကြ စေလိုကြောင်း၊ ယခုဆွေးနွေးတင်ပြချက်များကို မှတ်သားထားပါကြောင်း၊ အမြန်ဆုံးတတ်နိုင်သမျှဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူ တစ်ယောက်ချင်းကလည်း ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဝိုင်းဝန်းကူညီကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ “တစ်ယောက်ကောင်းမှ အားလုံးကောင်းမည်၊ အားလုံး ကောင်းမှ တစ်ယောက်ကောင်းမည်” ဆိုသည့်ယုံကြည်ချက်ဖြင့် အားလုံးဝိုင်းဝန်း လုပ်ဆောင်ကြစေလိုကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment