Saturday, April 4, 2020

ရှေ့နေနှင့် သိင်္ဂါလောဝါဒဆုံးမစာ





ဦးဟန်ညွန့် (ဥပဒေ)


နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ် ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် သိင်္ဂါလောဝါဒဆုံးမစာတဲ့ဗျ”
“ဗျာ၊ ထူးထူးဆန်းဆန်းပါပဲကလား”
“ဟုတ်တယ်ဗျ ၊ စိတ်ဝင်စားစရာပါပဲ”
“ဘယ်လိုစိတ်ဝင်စားစရာပါလိမ့်ဆရာ”
“ကိုင်း……. ဖတ်ကြည့်ကြစို့ဗျ”

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ကိုဗစ်-၁၉ နှင့်ပတ်သက်၍ နိုင်ငံတော်သို့ မိန့်ခွန်းတစ်ရပ်ပြောကြားသည် - (၂၄-၃-၂၀၂၀)
- အဂတိဆိုတာ မမှန်ကန်တဲ့လမ်းပါ။
မမှန်ကန်တဲ့လမ်းပေါ်ကို တွန်းပို့တာကတော့ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟတို့ပဲ ဖြစ်ပါတယ်။ ယခု ကျွန်မတို့အားလုံး အခြားနိုင်ငံများနည်းတူ ရင်ဆိုင်နေရတဲ့ COVID-19 နှင့် ပတ်သက်လို့ လမ်းလွဲပေါ် မရောက်သွားဖို့ အရေးကြီးပါတယ်။

- ဆန္ဒကတွန်းပို့လို့ မလုပ်သင့် မလုပ်ထိုက်တာတွေ လူစုလူဝေးဖြစ်စေခြင်း၊ ရိက္ခာတွေ ဆေးဝါးတွေ စုဆောင်းခြင်း၊ ကျန်းမာရေးညွှန်ကြားချက်တွေ မလိုက်နာခြင်း ဆိုတာကို ရှောင်ပါ။
- ဒေါသကတွန်းပို့လို့ မလိုတမာစိတ်နဲ့ မမှန် သတင်းတွေ လူအများထိတ်လန့်ပြီး ရပ်ရွာ တည်ငြိမ်မှု ထိခိုက်စေမယ့်စကားတွေ ပြန့်ပွား စေခြင်းကို ရှောင်ပါ။

- ဘယာ၊ အကြောက်တရားလွန်ပြီး ရိက္ခာစုဆောင်း ခြင်း၊ ရောဂါလက္ခဏာ ဖုံးကွယ်ထားခြင်းများကို ရှောင်ပါ။
- မောဟ၊ နိုင်ငံတော်အစိုးရဌာနအသီးသီးက ထုတ်ပြန်ချက်တွေကို မလေ့လာဘဲ အထင်အမြင် မှားပြီး မလုပ်သင့်တာတွေ လုပ်၊ လုပ်သင့်တာတွေ မလုပ်ခြင်း၊ ဒီအဂတိတရား(၄)ပါးကို ရှောင်ကြ ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်ဟု ပြောကြားထားလေသည်။

ရတနာ့သုတ်ပရိတ်တော်သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံ တော်များ၏ အဓိပတိ စစ်ကိုင်းတောင်ရိုး သီတဂူ ဆရာတော် အရှင်ဉာဏိဿရ ဆရာတော်ကြီး ဦးဆောင်ရွတ်ဖတ်တော်မူသော ရတနသုတ္တ(ရတန သုတ်) “ပဏိဓာနတော ပဌာယ တထာဂတဿ ဒသ ပါရမီယော” အစချီသော ပရိတ်တော်သံများသည် ယနေ့အချိန်အခါဝယ် အိမ်တိုင်းစေ့၊ ကျောင်းတိုင်းစေ့၊ ရွာတိုင်းစေ့၊ မြို့တိုင်းစေ့၊ နယ်တိုင်းစေ့ ရွတ်ဖတ်ပူဇော် ဆုတောင်းလျက်ရှိပေသည်။
ထို့အပြင် ဒေသဆိုင်ရာ ဗုဒ္ဓဘာသာဝင် ဆရာတော်၊ သံဃာတော်အသီးသီးကလည်း မိမိတို့ ဒေသအလိုက် ရတနသုတ်တော်များကို အသီးသီးရွတ်ဖတ်ပူဇော်လျက် ရှိကြပေသည်။

ဘေးဥပဒ်အန္တရာယ် အသွယ်သွယ်ကို ဖယ်ရှားလွတ် မြောက်စေခြင်းအကျိုးငှာ ဗုဒ္ဓဘာသာဝင်များသာမက ဘာသာပေါင်းစုံ အဖွဲ့အစည်းအသီးသီးကလည်း ဆုတောင်းပတ္ထနာ မေတ္တာပို့လွှတ်ခြင်းများ နည်းလမ်း အသွယ်သွယ် ပွားများနေကြလေကုန်သည်။
ဤနေရာတွင် အများပြည်သူအပေါင်း စောင့်ထိန်း အပ်သည့် ကျင့်စဉ်များကို စဉ်ဆက်မပြတ် ကျင့်ကြံကြဖို့ လိုပေသည်။ ကျမ်းစာအသီးသီးတွင် ဖော်ပြပါရှိသော သိင်္ဂါလောဝါဒဆုံးမစာဟူသည် အဘယ်နည်း။ ယနေ့ လူငယ်အပေါင်း အလှမ်းကွာဝေး၍ သိမီသူများ နည်းပါး နေပေသည်။ သို့ဖြစ်၍ သိင်္ဂါလောဝါဒဆုံးမစာနိဒါန်းကို အချိန်အခါသင့်၍ လေ့လာမှတ်သားကျင့်ကြံကြရန် ကောက်နုတ်တင်ပြအပ်ပါသည်။


သိင်္ဂါလောဝါဒ ဆုံးမစာ နိဒါန်း

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က ရာဇဂြိုဟ် ပြည်တွင် သူဌေးကြီးတစ်ဦးရှိသည်။ သူဌေးကြီးသည် မြတ်စွာဘုရားအား ကြည်ညိုကိုးကွယ်သူဖြစ်သော်လည်း သူဌေးကြီး၏ တစ်ဦးတည်းသောသားဖြစ်သူ သိင်္ဂါလ လုလင်ကား သာသနာတော်နှင့် မနီးစပ်ဘဲရှိနေသည်။ တစ်နေ့တွင် သူဌေးကြီးသည် သားဖြစ်သူအား ဤသို့မှာ ကြားလေသည်။ “ချစ်သား သိင်္ဂါလ ငါတို့မိဘများ မရှိသည့် အခါတွင် ချစ်သားသည် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အထက်၊ အောက်ဟူသော အရပ်ခြောက်မျက်နှာကို ရှိခိုးပါလော့”ဟု မှာကြားခဲ့သည်။ ထို့နောက် မကြာမီ သူဌေးကြီးနှင့် သူဌေးကြီးကတော်တို့ ကွယ်လွန်သွားကြ လေသည်။

အရပ်ခြောက်မျက်နှာ

သားဖြစ်သူ သိင်္ဂါလလုလင်သည် ကွယ်လွန်သူ မိဘ များ၏ ဆုံးမစကားကို လိုက်နာရမည့် ထုံးတမ်းစဉ်လာ အတိုင်း မြို့အပြင်ရှိ ရေကန်တွင် ရေချိုး၍ ကန်ပေါင် ပေါ်၌ အရပ်ခြောက်မျက်နှာကို ရှိခိုးနေလေသည်။ ထိုအခါ မြတ်စွာဘုရားသည် သံဃာတော်များနှင့် ဆွမ်းခံကြွလာ ကာ သိင်္ဂါလလုလင်အနီးသို့ ရောက်တော်မူလာ၍ သိင်္ဂါလ ၏ အပြုအမူကို မြင်သည်နှင့် မည်သည့်အမှုကိုပြုပါ သနည်းဟု မေးတော်မူ၏။ လုလင်က ဖခင်မှာကြားခဲ့သည့် အတိုင်း အရပ်ခြောက်မျက်နှာကို ရှိခိုးပါသည်ဟု လျှောက် သော် မြတ်စွာဘုရားက “အို ဒါယကာ ငါဘုရားသာသနာ တော်၌ ရှိခိုးအပ်သော အရပ်ခြောက်မျက်နှာဟူသည်ကား ဤ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အထက်၊ အောက်ဟူသော အရပ်ခြောက်မျက်နှာမဟုတ်ပေ” ဟု မိန့်တော်မူကာ သိင်္ဂါလ သတို့သားကို အကြောင်းပြု၍ ဤသိင်္ဂါလောဝါဒသုတ်တော်ကို ဟောတော်မူလေသည်။

သိင်္ဂါလောဝါဒသုတ်တော်

ယင်း သိင်္ဂါလသုတ် ခေါ် သိင်္ဂါလောဝါဒသုတ်သည်ကား သုတ်သုံးကျမ်း ပါဠိတော်တွင် ပါထိကဝဂ်၌ ပါရှိ၍ အရပ် ခြောက်မျက်နှာ ဥပမာပြုအပ်သော မိဘ၊ ဆရာသမား စသည်များနှင့် ရှိခိုးခြင်းနှင့်တူစွာ ကျင့်သုံးစရာ ကျင့်ဝတ် များကို ဖော်ပြဟောတော်မူထားလေသည်။ ထို့ပြင် ထိုသုတ်တွင်ပင် လူတို့ကျင့်စရာ ဥစ္စာပျက်ကြောင်း၊ အပေါင်းအသင်းစသည့် ကျင့်စဉ်များလည်း ပါရှိပေသည်။ ဘယ်အချိန်ဘယ်အခါမဆို အမြဲကျင့်ကြံပွားများရမည့် ကျင့်ဝတ်များပေတည်း။
ဖော်ပြပါ ကျင့်ဝတ်တရား ကျင့်စဉ်များကို သာသနာပြု သင်္ဂဇာဆရာတော်ကြီးက လွယ်ကူစွာ ကျက်မှတ်နိုင်ရန် ဆောင်ပုဒ်လင်္ကာများ ရေးသားထားခဲ့သည်။ ယင်းကို သိင်္ဂါလောဝါဒ ဆုံးမစာဟူသောအမည်ဖြင့် ဗုဒ္ဓဘာသာဝင် များ လက်သုံးပြုကာ ကျက်မှတ်လေ့လာခဲ့ကြသည်။ စတုတ္ထအင်းဝမြို့တည် မင်းလက်ထက် နာမည်ကျော် ဆရာတော်ဦးဗုဓ်က ဂိဟီဝိနယ ဆုံးမစာဟူသောအမည် ဖြင့် ဆောင်ပုဒ်လင်္ကာများ ပြုစုထားခဲ့သည်။ ထိုသိင်္ဂါလော ဝါဒ ဆောင်ပုဒ်များနှင့် ဆရာတော်ဦးဗုဓ်၏ ဂိဟီဝိနယ ဆုံးမစာဆောင်ပုဒ်များကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ခန်းစာ၊ ကောဇာ-၁၃၆၂၊ စာ-၅၉ မှ ထုတ်နုတ်ဝေငှဖော်ပြလိုက်ပါသည်။

(က) သားသမီးကျင့်ဝတ် ငါးပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

(ခ) မိဘကျင့်ဝတ် ငါးပါး
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ် သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။

(ဂ) တပည့်ကျင့်ဝတ် ငါးပါး

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။

(ဃ) ဆရာကျင့်ဝတ် ငါးပါး

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ။

(င) လင်ကျင့်ဝတ် ငါးပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စား ဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

(စ) မယားကျင့်ဝတ် ငါးပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ် ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

(ဆ) မိတ်ဆွေကျင့်ဝတ် ငါးပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွား ဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

(ဇ) ကျေးဇူးတုံ့ပြန်သူ မိတ်ဆွေကျင့်ဝတ် ငါးပါး

မေ့လျော့စောင့်လှာ၊ ဥစ္စာစောင့်ရှောက်၊ ကြောက်လန့်ပယ်လေ့၊ ဘေးတွေ့မစွန့်၊ ဆက်ညွန့် သားမြေး၊ မြတ်လေးပူဇော်၊ ဤငါးဖော် ကား၊ ညီလျော်တို့လမ်း- ကျင့်ဝတ်တည်း။

(ဈ) သခင်ကျင့်ဝတ် ငါးပါး

ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရ သာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊ မချွတ် ငါးခုသာ။

(ည) ကျွန်ကျင့်ဝတ် ငါးပါး

အိပ်သော် နောက်ကျ၊ ထသော်ကား ရှေး၊ ပေးမှယူ အပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

(ဋ) ဒါယကာကျင့်ဝတ် ငါးပါး

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင် နှုတ်ချို၊ လိုလျှင် ဖိတ်ထား၊ တက်အား လှူစေ၊ ဝတ်ငါးထွေ၊ ပြုလေဒါယကာ။

(ဌ) ရဟန်းကျင့်ဝတ် ခြောက်ပါး

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ် ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာ လည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။

နိဂုံး

ရတနသုတ်ပရိတ်တော်ကို ရွတ်ဖတ်ပူဇော်လျက်
ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ရှောင်ကွင်းကြပြီး အဂတိ တရားကင်းစင်စွာ ကျင့်ဝတ် ကျင့်စဉ်များ စောင့်ထိန်း ပွားများခြင်းဖြင့် အများပြည်သူအပေါင်း ဘေးဥပဒ် အန္တရာယ်အသွယ်သွယ်မှ ကင်းစင်ပပျောက်ကြပါ စေကြောင်း … ။ ။

No comments:

Post a Comment