Saturday, April 4, 2020

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့မှ ကြီးမှူး၍Teleconference ဖြင့် ပြုလုပ်သည့် High- Level Discussion သို့ တက်ရောက်




နေပြည်တော် ဧပြီ ၃

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ နံနက် ၈နာရီခွဲတွင် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့မှ ကြီးမှူး၍ အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံများ၊ မွန်ဂိုလီးယားနိုင်ငံ၊ တီမောလက်စတီနိုင်ငံတို့မှ အဆင့်မြင့် ကိုယ်စားလှယ်များ၊ World Bank, IMF, ADB နှင့် AIIB တို့မှ ကိုယ်စားလှယ်များနှင့် အဆင့်မြင့် တာဝန်ရှိသူများပါဝင်သည့် Teleconference ဖြင့်ပြုလုပ်သည့် High-Level Discussion သို့ နေပြည်တော်ရှိ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ရှင်းလင်းဆွေးနွေး

ဆွေးနွေးပွဲကို ကမ္ဘာ့ဘဏ်၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Ms.Victoria Kwakwa၊ ကမ္ဘာ့ဘဏ်အုပ်စုများ ဖြစ်ကြသည့် International Finance Corporation(IFC)နှင့် Multilateral Investment Agency (MIGA)တို့မှ ဒုတိယ ဥက္ကဋ္ဌများ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF)မှ ညွှန်ကြားရေးမှူး Mr. Changyong Rhee တို့က ဦးဆောင်၍ နှစ်နာရီကြာကျင်းပရာ ကမ္ဘာတစ်ဝန်းကူးစက် ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကြောင့် Global Supply Chain တွင် Temporary Shock များရှိခဲ့သဖြင့် အာရှနှင့်ပစိဖိတ်ဒေသ နိုင်ငံများ၏ Crisis Response Facility များ၊ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသ ရေးလုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်နှင့် IMF တို့မှ အတိုးနှုန်းသက်သာသော ချေးငွေများ အမြန်ဆုံး ပံ့ပိုးကူညီပေးနိုင်မည့် အစီအစဉ်များ ကို ရှင်းလင်းဆွေးနွေးသည်။

ပါဝင်ဆွေးနွေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပါဝင်ဆွေးနွေးရာတွင် ကမ္ဘာ့ဘဏ် နှင့် IMF တို့မှ အတိုးနှုန်းသက်သာသော ချေးငွေ များ အမြန်ဆုံးပံ့ပိုးကူညီပေးနိုင်မည့် အစီအစဉ် များအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်းသက်သာ သောချေးငွေများ ထုတ်ချေးပေးနိုင်ရေး အတွက် ကိုဗစ်-၁၉ ရန်ပုံငွေအား ငွေကျပ် ဘီလီယံ ၁၀၀ ဖြင့် တည်ထောင်ထားပါကြောင်း၊ အဆိုပါရန်ပုံငွေမှ တစ်နှစ်လျှင် အတိုးနှုန်း (၁) ရာခိုင်နှုန်းဖြင့် တစ်နှစ်ကာလအတွက် ချေးငွေ ထောက်ပံ့ ပေးမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဆိုင်ရာ အလျင်အမြန် အထောက်အကူပေး မည့်အစီအစဉ်အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ရယူရန်ကိစ္စရပ် အား ယခုနှစ် ဧပြီလကုန်တွင် ကျင်းပမည့် လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် Essential Health Services Access Project မှ အမေရိကန်ဒေါ်လာ ၅ သန်းကို COVID-19 Response Plan အတွက် ထုတ်ယူ သုံးစွဲမည်ဖြစ်ပါကြောင်း၊ COVID-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ထိန်းချုပ်ခြင်းနှင့် ထိရောက် စွာကုသနိုင်ရေးတို့အတွက် ADB ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် Greater Mekong Sub-region Hearth Security Project အောက်မှ အမေရိကန် ဒေါ်လာလေးသန်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ယူသုံးစွဲမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် နိုင်ငံ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင့် မလုံလောက်ပါက နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်းများမှ ယခုထက်ပိုမို၍ ချေးငွေနှင့် ငွေကြေးထောက်ပံ့ မှုများ၊ အကူအညီများအား ပံ့ပိုးပေးနိုင်ပါရန် မျှော်လင့်ပါကြောင်း ပါဝင်ဆွေးနွေးသည်။

အဆိုပါဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ် ကြသော ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်၊ ဒေါက်တာ မင်းရဲပိုင်ဟိန်းနှင့် ဌာနဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment