Saturday, March 14, 2020

COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပေးပန်ကြားခြင်း

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၃) ရက်၊ (၁၄:၀၀) နာရီ
(က) မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ရောဂါဖြစ်ပွားသူ ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ လုံးဝ(လုံးဝ)မတွေ့ရှိရသေးပါ။ ဓာတ်ခွဲစစ်ဆေးခံရသူအများစုသည် ရောဂါလက္ခဏာပြင်းထန်စွာမပြဘဲ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပါသည်။

(ခ) “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုအကျိုးရှိထိရောက်သည်” ဟူသောအချက်ကို  နောက်ခံထား၍လည်းကောင်း၊ မိမိတို့နိုင်ငံ၌ အချိန်မရွေး ရောဂါဝင်ရောက်ကူးစက်ဖြစ်ပွားနိုင်သည်ဟု သဘောထား၍လည်းကောင်း မိမိတို့ ဝန်ကြီးဌာနသည် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အထူးအားစိုက်၍ ဆောင်ရွက်နေပါသည်။ ဤကဲ့သို့ ဆောင်ရွက်နေခြင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မိမိတို့ ပြည်သူတစ်ဦးတစ်ယောက် မျှ COVID-19 ရောဂါ မဖြစ်ပွားစေရန်နှင့် သေဆုံးမှုမရှိစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ဤ အချက်များကို ပြည်သူများ သိရှိသဘောပေါက်ကြစေလိုပါသည်။

(ဂ) လူစုလူဝေး၊ ပွဲလမ်းသဘင်များအား တတ်နိုင်သမျှ  မကျင်းပရန် ဆော်ဩနေသည်မှာလည်း ဤနေရာများသည် ရောဂါကူးစက်ဖြစ်ပွားရန် အလားအလာအလွန်များစေနိုင်သဖြင့် မဖြစ်ခင်က ကြိုတင်ကာကွယ်သည့် လုပ်ရပ် တစ်ခုအဖြစ် ပြည်သူများနှင့် အဖွဲ့အစည်းများအား ပန်ကြားနေခြင်းဖြစ်ပါသည်။

(ဃ) အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး သတ်မှတ်နေရာများတွင် ထားရှိစောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ဆောင်မှုခံယူရသူများသည် ရောဂါဖြစ်ပွားမှု လုံးဝ(လုံးဝ)မရှိသေးသော ကျန်းမာနေသောသူများသာ ဖြစ်ပါသည်။ ၎င်းတို့တွင် ရောဂါလက္ခဏာများ စတင်တွေ့ရှိလာပါက အချိန်နှင့်တစ်ပြေးညီ (ချက်ချင်း) ကုသပေး နိုင်သဖြင့် မိမိတို့ ပြည်သူများ အသက်ဆုံးရှုံးနိုင်ခြေနည်းပါးစေသည့်အပြင် ၎င်းတို့နှင့်နီးစပ်သည့် မိသားစုနှင့် မိတ်ဆွေများထံ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။
(င)  မိမိတို့သည် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် အထူးကြပ်မတ်ဆောင်ရွက်နေခြင်းမှာ မိမိတို့နိုင်ငံအတွင်းသို့ ရောဂါဖြစ်ပွားသူများ တစ်ဦးတစ်ယောက်မျှ မဝင်ရောက်စေလို၍ လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ ဤရောဂါ၏ ကူးစက်ပြန့်ပွားမှုသည် အလွန်မြန်ဆန်သည့်အတွက် ကြိုတင်ကာကွယ်မှုအနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါ သည်။

(စ) မိမိတို့၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm)နှင့် လူမှု ကွန်ရက်စာမျက်နှာ(www.facebook.com/ Ministry Of Health And Sports Myanmar)၌ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသော သတင်းအချက်အလက်အမှန်များကို အလေးပေးပုံမှန်ဖတ်ရှုကြစေလိုပါသည်။

(ဆ) ပြည်သူများအနေဖြင့်  ကောလာဟလသတင်းအမှားများကို  လူ့ကျင့်ဝတ်အရ   ဆက်လက် မဖြန့်ဝေကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကောလာဟလသတင်းအမှားများ ဆက်လက်ဖန်တီးဖြန့်ဝေနေသူများကိုလည်း တရားဥပဒေအရ ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ပါသည်။
(ဇ) ပြည်သူများအနေဖြင့် အစိုးရိမ်လွန်ကြောက်လန့်နေခြင်းမဖြစ်ကြဘဲ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ကြပါရန် ပန်ကြားအပ်ပါသည်။

ပြည်ထောင်စုဝန်ကြီး
                     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

No comments:

Post a Comment