Saturday, March 14, 2020

COVID-19 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းပြောကြား



နေပြည်တော်  မတ်  ၁၃

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများနှင့် ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမ၌ တွေ့ဆုံပြီး COVID-19 ရောဂါနှင့်ပတ်သက်၍ စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထိုသို့တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက COVID-19 ရောဂါ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားလိုပါကြောင်း၊ မတ်  ၁၁ ရက် ညပိုင်းတွင် WHO က COVID-19 ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အဖြစ် ကြေညာခဲ့ပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မတ်  ၁၂ ရက် မွန်းလွဲ ၂ နာရီတွင်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဦးဆောင်ပြီး  အရေးပေါ် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အစည်းအဝေးတွင် ဆွေးနွေး ခဲ့သည့်အကြောင်းအရာများကို သတင်းများထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ အထူးသဖြင့် ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးအစီအမံများ၊ ရေရှည် ကာလတွင် ဖြစ်လာနိုင်သည့် ဆိုးကျိုးများ၊ စီးပွားရေးအပါအဝင် ထိခိုက်နိုင်သည့် ကဏ္ဍများကို အားလုံးကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး ကြိုတင်ပြင်ဆင်သည့် အပိုင်းကို အဓိကထားဆောင်ရွက်နေပါကြောင်း။

ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်
WHO ၏ ထုတ်ပြန်ချက်အရ နိုင်ငံတော်တော်များများတွင် ကူးစက်မှုနှုန်း မြင့်မားလာနိုင်သည်ကို သတိပေးထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယနေ့ မွန်းလွဲ ၂ နာရီအထိ ရောဂါကူးစက်သူ တစ်ယောက်မျှမရှိသေးပါကြောင်း၊ သို့သော်  COVID-19 ရောဂါသည် ယနေ့ကမ္ဘာတွင် ကူးစက်မှုနှုန်း မြင့်မားနေသည့်အတွက် မည်မျှကြာကြာ ဆက်လက်ကူးစက်နေဦးမည်ကို မသိရှိနိုင်သည့် အခြေအနေတွင် အစိုးရပိုင်းအနေဖြင့်   ကြိုတင်ပြင်ဆင်သင့်သည်များကို  စနစ်တကျ ပြင်ဆင် ဆောင်ရွက်ရန် ဆွေးနွေးပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါကြောင်း၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကိုလည်း နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်များ ထုတ်ပြန် ထားပြီးဖြစ်ပါကြောင်း။

တစ်ချိန်တည်းတွင် ပြည်သူလူထုနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ပြည်သူများသို့ ပန်ကြားချက် ထုတ်ပြန်ထားပါကြောင်း၊ အထူးသဖြင့် အလေးပေး ပြောကြားလိုသည်မှာ COVID-19 ရောဂါနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရပိုင်းက ဆောင်ရွက်စရာရှိသည့် ကိစ္စရပ်အားလုံးကို အလေးထားဆောင်ရွက်နေပါကြောင်း၊ ပြည်သူများ သတိပြုရမည့် အချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ထုတ်ပြန်ချက်များအပေါ် လိုက်နာဆောင်ရွက်ရန်၊ အထူးသဖြင့် အစိုးရိမ်မကြီးကြရန် ပြောကြားလိုပါကြောင်း။

ကိုယ်ခံအားကောင်းမွန်နေရန်လို
WHO ၏အကဲဖြတ်ချက်တွင် Very High ဆိုပြီးပေးထားပါကြောင်း၊ WHO ၏ အကြံပြုချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားပါကြောင်း၊ အထူးသဖြင့် လူစုလူဝေးထူထပ်သည့်နေရာများမှတစ်ဆင့် ကူးစက်နိုင်သောကြောင့် လူစုလူဝေးများကို ရှောင်ရှားရန်နှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူးဂရုစိုက်ကြရန်ဖြစ်ပါကြောင်း၊ ရောဂါကူးစက်ခံရသူများကို ပြန်ကြည့်ပါက အသေအပျောက် ထိခိုက်မှုရှိသူအများစုသည် သက်ကြီးရွယ်အို များပါကြောင်း၊ သက်ကြီးရွယ်အိုများအနေဖြင့် လူစုလူဝေးနေရာများသို့ မသွားရန်၊ အာဟာရပြည့်ဝစွာ စားသောက်ရန်နှင့် အိပ်ရေးဝဝအိပ်ရန်လိုပါကြောင်း၊ အထူး သဖြင့် ကိုယ်ခံအားကောင်းမွန်နေရန် လိုပါကြောင်း။

COVID-19 ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ယနေ့အထိ Negative ဖြစ်ပါကြောင်း၊ ယင်းအပေါ်တွင်  မေးခွန်းများရှိပါကြောင်း၊ ပြောလိုသည်မှာ အစိုးရအနေဖြင့်၊  ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနအနေဖြင့် သတင်း ထုတ်ပြန်ပေးရာတွင် ထုတ်ပြန်ချက်များကို အမှန်အတိုင်းထုတ်ပြန်ပေးနေပါ ကြောင်း၊ တစ်ချိန်က ကမ္ဘာတစ်ဝန်းတွင် SARS ရောဂါကူးစက်ပြန့်ပွားမှုဖြစ်ပွား စဉ်ကလည်း မြန်မာနိုင်ငံတွင် မဖြစ်ခဲ့ပါကြောင်း၊ ပြန်သုံးသပ်ကြည့်ပါက မြန်မာလူမျိုးများ၏ နေထိုင်သွားလာ စားသောက်လှုပ်ရှားမှုပုံစံများသည် ယခု ရောဂါနှင့်ပတ်သက်ပြီး ကောင်းကျိုးဖြစ်စေပါကြောင်း။

လူမှ လူကိုကူးစက်ခြင်း
အနောက်နိုင်ငံများတွင် ရောဂါဖြစ်ပွားမှုအများစုသည် လူမှ လူကို ကူးစက်ခြင်း ဖြစ်ပါကြောင်း၊ လက်ဆွဲနှုတ်ဆက်သည့် ဓလေ့သည် မြန်မာနိုင်ငံတွင် မရှိပါ ကြောင်း၊ နိုင်ငံတော်တော်များများတွင် တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်နှုတ်ဆက်ခြင်း၊ နမ်း၍ နှုတ်ဆက်ခြင်းတို့ ရှိပါကြောင်း၊ ယင်းပုံစံမျိုးသည် မြန်မာနိုင်ငံတွင် မရှိသလောက်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပြည်သူအများစုသည် ငွေစက္ကူများကို အသုံးပြုပါကြောင်း၊ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံများတွင် များသော အားဖြင့် Credit Card  ဖြင့် ငွေပေးချေကြပါကြောင်း၊ Credit Card ဖြင့်ငွေပေးချေ ရာတွင် ငွေရှင်းကောင်တာမှလူသည် တစ်နေ့ကို လူရာနှင့် ချီပြီး ဆက်ဆံနေရသည့် အတွက် ကူးစက်တတ်သည့် အလားအလာများရှိပါကြောင်း၊ ထိုသို့ ငွေပေးချေ မှုမျိုး မြန်မာနိုင်ငံတွင် နည်းပါကြောင်း၊ မိမိတို့၏ ရေခံ၊ မြေခံသည် ရောဂါကူးစက် နိုင်မှုအလားအလာ နည်းသည့်အနေအထားရှိသည်ကိုလည်း တွေ့ရပါကြောင်း။

ပြင်းပြင်းထန်ထန် အရေးယူ
ယမန်နေ့ညက ရန်ကုန်တွင် စားစရာ၊ သောက်စရာများ ဝယ်ယူစုဆောင်းကြ ခြင်းများ ဖြစ်သွားခဲ့ပါကြောင်း၊ ယခုကြုံတွေ့နေရသည်မှာ COVID-19 ရောဂါ၏ ဂယက်အပေါ်အသုံးချပြီး   ရည်ရွယ်ချက်ရှိရှိ  သို့မဟုတ်  ရည်ရွယ်ချက်မရှိဘဲ ကောလာဟလသတင်းများ ထုတ်လွှင့်ခြင်းက လူထုကို စိုးရိမ်ပူပန်မှုကြီးမားစေ ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုသို့ ပန်ကြားချက်ကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါကြောင်း၊ ဈေးရောင်းသည့် ကုန်သည်လုပ်ငန်းရှင်များကိုလည်း သတိပေးပြောကြားလိုသည်မှာ  ယခုဖြစ်ပွားနေသည်မှာ   ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါဖြစ်ပါကြောင်း၊  ယခုလိုကာလတွင်  နိုင်ငံတိုင်း  နိုင်ငံတိုင်းက နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့်  ပြည်သူလူထုများ  ကျရာကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ရောဂါ၏ကျယ်ပြန့်မှုပမာဏသည်  တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ကြီးသည့်အတွက် ယခုအချိန်တွင် အကျိုးအမြတ်အတွက် ဝိသမလောဘစိတ်များဖြင့် မလုပ်ကြရန် မေတ္တာရပ်ခံပါကြောင်း၊ ပြည်သူလူထုကို မေတ္တာရပ်ခံလိုသည်မှာ မြန်မာနိုင်ငံသည် အထူးသဖြင့် ဆန်ကို အဓိကစားသုံး သည့် နိုင်ငံဖြစ်ပါကြောင်း၊ ဆန်ကိုလည်း ပြည်ပမှ တင်သွင်းဝယ်ယူရသည့် နိုင်ငံ မဟုတ်ပါကြောင်း၊ ပြည်တွင်းတွင် ဖူလုံသည့်အပြင် ပြည်ပသို့ တင်ပို့ရောင်းချနေ သည့် နိုင်ငံဖြစ်ပါကြောင်း၊ အစားအသောက်၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ ကိုလည်း စိုက်ပျိုးထုတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံများကို တင်ပို့ရောင်းချနေသည့် နိုင်ငံဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းစားသုံးမှုသည်  ဖူလုံမှုရှိပါကြောင်း၊ နိုင်ငံတော်အပိုင်းအနေဖြင့်လည်း အရန်ဆန် ဝယ်ယူစုဆောင်းထားပြီး တန်ချိန် တစ်သောင်းခွဲ  လောလောဆယ်ရှိပါကြောင်း၊  နောက်ထပ်လည်း   နိုင်ငံတော် အပိုင်းတွင်ရှိသည့်   အရန်ဆန်နှင့်     လုပ်ငန်းရှင်လက်ထဲတွင်ရှိသည့်ဆန်             ယင်းပမာဏဖြင့်  တစ်နိုင်ငံလုံး၏  စားသောက်နှုန်းကို တွက်ချက်ပြီး လိုအပ်သည့် အစီအမံများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လိုအပ်လျှင် ဆန်၊ စပါး တင်ပို့မှုများကိုလည်း ကန့်သတ်သင့်ပါက ကန့်သတ်သွားမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အခွင့်ကောင်းယူပြီး  ဈေးကစားသည့်  အကျိုးအမြတ်ရှာသည့် လုပ်ငန်းရှင်များ၊   ရောင်းချသူများကို  ယခုကတည်းက  သတိပေးပါကြောင်း၊ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပါကြောင်း၊ Social Media ပေါ်တွင် မဟုတ်မမှန်သတင်း ဖြန့်ဖြူးနေသူများ၊ ပြည်သူလူထုကြားတွင် အထိတ်တလန့် ဖြစ်အောင် လုပ်နေသူများကိုသိရှိပါက ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူ သွားမည်ဖြစ်ပါကြောင်း။

ဖွဲ့စည်းထား
အထူးသဖြင့်    ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကို   ရင်ဆိုင်နေရချိန်တွင် ယနေ့အထိ မိမိတို့နိုင်ငံတွင် တစ်ဦးတစ်ယောက်မှ ကူးစက်ခံရခြင်း မရှိသေးပါ ကြောင်း၊ ပြည်သူလူထုအကြား အထိတ်တလန့်ဖြစ်အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ အလန့်တကြားဖြစ်အောင် လုပ်ဆောင်လာသည့် မည်သူ့ကိုမဆို အရေးယူမည်ဖြစ်ပါကြောင်း၊ ယင်းကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ နယ်ပယ် အသီးသီးတွင် သက်ရောက်နိုင်သည့် အလားအလာများနှင့်ပတ်သက်ပြီး ကော်မတီ များ ဖွဲ့ထားပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဒေါက်တာမြင့်ထွေး ပူးတွဲဥက္ကဋ္ဌလုပ်သည့်ကော်မတီအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး ကာကွယ်ထိန်းချုပ်ရေးအမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ပါ ကြောင်း၊ စီးပွားရေးနယ်ပယ်တွင် သက်ရောက်မှုများဖြစ်လာပါက ကုစားနိုင်ရန် ကုစားရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပါကြောင်း။
မီဒီယာမှတစ်ဆင့်  ပြည်သူလူထုကိုပြောလိုသည်မှာ  ကျန်းမာရေးနှင့်        အားကစားဝန်ကြီးဌာနက  လိုအပ်သည့်အကြံပေးချက်များကို   အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နေပါကြောင်း၊ ယင်းအချက်များကို ဂရုပြုပြီးလိုက်နာကြရန် တိုက်တွန်းပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများကိုလည်း လုပ်သင့်လုပ်ထိုက်သည်များကို ညွှန်ကြားထားပြီးဖြစ်ပါ ကြောင်း၊ အဆင့်ဆင့်လည်း ညွှန်ကြားချက်များ ဆက်လက်ပြီး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုကိုလည်း ကောလာဟလများနှင့် ပတ်သက်၍ သတင်းမှားများကို သေချာစိစစ်ဖော်ထုတ်ပေးကြရန်၊ အလွယ်တကူ မယုံကြည် ကြရန် ပြောကြားလိုပါကြောင်း၊ သတင်းဌာနကြီး သုံးခုတွင် သတင်းကို ဖော်ပြပြီ ဆိုပါက ယုံကြည်လောက်သည့် အနေအထားရှိပါကြောင်း၊  အမည်ပေါင်းစုံဖြင့် သတင်းဌာနပေါင်းစုံအမည်ခံပြီး    လုပ်ဆောင်နေသည့်   သတင်းမှားများ ဖြန့်နေခြင်းကို အလွယ်တကူမယုံကြည်ကြရန် တိုက်တွန်းလိုပါကြောင်း၊  ပြည်သူ လူထုသို့ ပန်ကြားချက်ပါအတိုင်း လူထုက ပါဝင်ဆောင်ရွက်ပေးရန်နှင့် နိုင်ငံတော် အပိုင်း၊ လူထုအပိုင်း၊ မီဒီယာအပိုင်း၊ ပုဂ္ဂလိကအပိုင်း အတူတကွ ဆောင်ရွက်သွားမည် ဆိုပါက မိမိတို့နိုင်ငံအနေဖြင့် COVID -19 ရောဂါနှင့်ပတ်သက်ပြီး  ကြိုတင် ပြင်ဆင်မှုများကို အားရကျေနပ်ဖွယ်ရာ ရှိလိမ့်မည်ဖြစ်ပါကြောင်း၊ ကြိုတင် ပြင်ဆင်ခြင်းမှာ အကောင်းဆုံးကာကွယ်မှုဖြစ်ကြောင်း ပြောကြားသည်။

ပြန်လည်ရှင်းလင်းဖြေကြား
ထို့နောက်  ပြည်တွင်း ပြည်ပ သတင်းမီဒီယာသမားများက Coronavirus နှင့်ပတ်သက်ပြီး ထွက်ပေါ်လာသည့်  သတင်းအမှား  ကောလာဟလများကို စောင့်ကြည့်ဖော်ထုတ်အရေးယူနေမှု၊ Coronavirus နှင့်ပတ်သက်၍ ပြင်ဆင် ထားမှု၊ မြန်မာနိုင်ငံတွင် Coronavirus ကူးစက်ခံရမှု ရှိ၊ မရှိ၊ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် လေကြောင်းလိုင်းများ ပိတ်ရန် အစီအစဉ် ရှိ၊ မရှိ၊ Coronavirus ကောလာဟလသတင်းများကြောင့် တက်လာမည့် ကုန်ဈေးနှုန်းများကို ထိန်းချုပ် ဆောင်ရွက်နေမှု၊ ကွတ်ခိုင်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု နောက်ဆုံးအခြေ အနေနှင့် ဆက်လက်ဆောင်ရွက်နေမှု၊ Coronavirus နှင့်ပတ်သက်ပြီး ဖွဲ့စည်း ထားသည့်  ကော်မတီများ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ရန်ပုံငွေ ထူထောင်ထားမှု၊ မြောက်ပိုင်းအဖွဲ့ လေးဖွဲ့နှင့် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ် နောက်ဆုံးအခြေအနေ၊ “ဝ” ဒေသတွင် ရွေးကောက်ပွဲကျင်းပရေးအတွက် ထုတ်ပြန်လာမှုအပေါ် ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ် ပွားမှုအခြေအနေ၊ COVID-19 ရောဂါကြောင့် (၂၁) - ရာစုပင်လုံ ရွှေ့ဆိုင်းသွားရန် ရှိ၊ မရှိ၊ COVID-19 ရောဂါကြောင့် လူစုလူဝေး၊ ပွဲလမ်းသဘင်များ ကန့်သတ်ရာ တွင် သတ်မှတ်ထားသည့် လူဦးရေသတ်မှတ်ချက်၊ COVID-19 ရောဂါနှင့်ပတ် သက်၍ သတင်းထုတ်ပြန်မှု အခြေအနေ၊ နှာခေါင်းစည်းများ ဝယ်မရဖြစ်နေပြီး ဈေးကြီးနေမှု၊ အရေးကြီးပုဂ္ဂိုလ်များအတွက် Coronavirus မဖြစ်ပွားအောင် ကာကွယ်မှုပေးထားမှု၊ ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူများအား အရေးယူဆောင်ရွက်ထားမှုနှင့်  အမှုမှန်ပေါ်ပေါက်ရေးအတွက်   ဆက်လက် ဆောင်ရွက်နေမှု၊  တရုတ်နိုင်ငံက   လာရောက်သူများနှင့်ပတ်သက်၍  ဗီဇာ ကန့်သတ်ထားမှု၊ နယ်စပ်ဒေသများတွင်   Coronavirus   ဝင်ရောက်လာခြင်း မရှိအောင် ဆောင်ရွက်ထားမှု၊ သင်္ကြန်တွင် မဏ္ဍပ်ကြီးများ ခွင့်ပြုခြင်းမရှိသည့် ကိစ္စ၊ Coronavirus နှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် လုံလောက် သည့် အကာအကွယ်ပစ္စည်းများ ရှိ၊ မရှိ၊ ရုပ်ရှင်ရုံများ ယာယီပိတ်ထားရန် ရှိ၊ မရှိ စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အထောက်အထားအချက်အလက်များ
ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တာဝန်ရှိသူများကို   သက်ဆိုင်ရာဌာနက   ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်     အညီ အရေးယူနေပါကြောင်း၊ အရေးယူပြီးစီးမှုအခြေအနေကို သမ္မတရုံးသို့ တင်ပြရမည်ဖြစ်ပါကြောင်း၊ လောလောဆယ်တွင် အရေးယူဆဲဖြစ်ပြီး ပြန်လည် တင်ပြလာခြင်းမရှိသေးပါကြောင်း၊ အရေးယူဆောင်ရွက်ပြီးစီးမှုအခြေအနေကို သိရှိသည်နှင့် ပြန်လည်ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်ပါကြောင်း၊ အမှု ပေါ်ပေါက်ရေးအတွက် တရားရေးဆိုင်ရာ၊ သက်သေအထောက်အထားဆိုင်ရာ များနှင့်ပတ်သက်ပြီး မည်မျှအထိ ခိုင်လုံသည်ဆိုသည့်အပေါ် မူတည်ပါကြောင်း၊ တရားစွဲအဖွဲ့အစည်းနှင့် ကာယကံရှင်မိသားစုတို့အပေါ် မူတည်ပါကြောင်း၊ ၎င်းတို့အပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၎င်းတို့၏ သဘောဆန္ဒအပေါ်တွင် ရရှိထားသည့် အထောက်အထား အချက်အလက်များက တရားခံဟု ပြနိုင်သည့်အနေအထားရပါက   တရားစွဲလိမ့်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။
ရုပ်ရှင်ရုံများနှင့်ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရုပ်ရှင် ရုံများ ပိတ်ခြင်း၊ မပိတ်ခြင်းကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်သမ္မတရုံးက  ညွှန်ကြားထားပြီး   ဖြစ်ပါ ကြောင်း၊ ညွှန်ကြားချက်အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၊ ဝန်ကြီးဌာနများက ဆက်လက်လုပ်ဆောင်သွားရန်ဖြစ်ပါကြောင်း ဖြေကြား သည်။   
                                                                    
              သတင်းစဉ်                                                                                                                   

No comments:

Post a Comment