Saturday, March 14, 2020

ရှေ့နေနှင့် အစီရင်ခံစာ

နိဒါန်း
"ဆရာ"
"ဗျာ"
" ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ"
" ရှေ့နေနှင့် အစီရင်ခံစာ" ပါတဲ့ ။
"ဘာကိုဆိုလိုပါသလဲဆရာ" 
" ဖတ်ကြည့်ကြစို့" 

အစီရင်ခံစာ
ဘာအစီရင်ခံစာလဲ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ (၂၀၁၉) ဖြစ်ပါသည်။

အခန်း (၅)ခန်း
အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် စွမ်းဆောင် ရည်မြှင့်တင်ခြင်း၊ ၂၀၁၉ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်
အကဲဖြတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်ချမှတ်ခြင်းကဏ္ဍများ ပါဝင်သော အခန်း (၅)
ခန်းပါရှိသည်။ စာမျက်နှာပေါင်း (၁၃၇) ဖြစ်သည်။ မှတ်တမ်းဓာတ်ပုံ၊ ဇယားစုံ သည်။ လိုတိုရှင်း ရေးသည်။ သမားရိုးကျ ပုံသေကားချပ် အစီရင်ခံစာပုံစံမျိုး မဟုတ်။ အလုပ်လုပ်တာပေါ်အောင် အနှစ်သာရ တင်ပြသည့် အသွင်သစ် အစီရင်ခံစာ ဖြစ်သည်။ ၂၀၁၈ အစီရင်ခံစာနှင့် ၂၀၁၉ အစီရင်ခံစာ နှိုင်းယှဉ် ဖတ်လျှင် ပို၍သိမည်။ ပို၍တိုးတက်သလား။ ကျဆင်းသလား။

နိုင်ငံတော်အကြီးအကဲများ
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကော်မရှင်ဥက္ကဋ္ဌတို့၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး   တွန်းအားပေးသည့်  စေတနာဆန္ဒများက ထိပ်ဆုံးကဖော်ပြထားသည်။ ကဏ္ဍအလိုက် ဆက်ရေးသည်။

ရပ်ကွက်နှင့်ကျေးရွာ
ရပ်ကွက်နှင့် ကျေးရွာအဆင့်အထိ အဂတိလိုက်စားမှုလျော့နည်းရေး ကတော့ အပြောသက်သက် လက်တွေ့မထိရောက်သေးဟု ဝေဖန်သူများရှိ သည်။ ရပ်ကွက်ကျေးရွာအထိမလုပ်နိုင်တာ ကိစ္စမရှိသေး။ ပြည်ထောင်စုအဆင့်၊ ဗဟိုအဆင့်ကို ဦးစွာ နိုင်အောင်ကိုင်ပါဦးဟု မချင့်မရဲဖြစ်သူများက ဝေဖန် ထောက်ပြသံကို လေးစားစွာကြားနေရသည်။ ထို့ကြောင့် လာမည့်နှစ်အတွက် CPU များကို အားကိုးပါကြောင်း အစီရင်ခံစာမှာဖော်ပြသည်။ (စာ−၂၀)

အသိပညာပေးခြင်း
အသိပညာပေးခြင်းက ဘာပဲလုပ်လုပ် အဓိကကျသည်။ တချို့က အသိပညာ ပေးမနေပါနှင့် “လာဘ်စားရင် စားတဲ့သူကို သေဒဏ်ပေးလိုက်၊ လူထုကဝိုင်းပြီး လက်ခုပ်တီး၊ ပြီးတာပဲ” ဟု ကရုဏာ ဒေါသော ပြောသည်။ ဪ . . . ။
ဤအစီရင်ခံစာတွင် ဖော်ပြချက်အရ ကချင်၊ ကရင်၊ မွန်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ တနင်္သာရီများတွင် အခမ်းအနားကျင်းပခဲ့သည်။ ပြည်နယ်တိုင်း အလွှာစုံ လူထုနှင့်တွေ့၊ ဆွေးနွေး၊ တင်ပြချက်၊ အကြံပြုချက်လေးစားစွာခံယူခဲ့သည်။ (စာ−၂၇ မှ ၃၃)
ဝန်ကြီးဌာနများနှင့် တက္ကသိုလ်များတွင် ဟောပြောပွဲများ ကျင်းပသည်။ သင်တန်းဖွင့်၊ ဆွေးနွေးပွဲလုပ်၊ ချို့ယွင်းအားနည်းချက်များ နာခံ၊ လက်ခံ။ အပြန်အလှန် လူထုအသံ။

လူငယ်
လူငယ်တွေကို အထင်ကြီး၊ လေးစားသည်။ သူတို့က တကယ်အလုပ်လုပ်တာ။ တကယ် တက်ကြွတာ။ လူကြီးတွေကိုပင်အားမရ။ နှေးကွေးသည်ဟု ဝေဖန် ကြသည်။ အနာဂတ်ပိုင်သော လူငယ်တို့၏အားမာန်ကို ဖြောင့်မတ်တည် ကြည်မှုမြှင့်တင်ရေး လူငယ်စခန်းတွေမှာ ထင်ထင်ရှားရှားမြင်ခဲ့၊ ကြားခဲ့ရ သည်။ (စာ−၃၉ မှ ၄၈)

သတင်းထုတ်ပြန်မှု
လူထုကို အသိပေး။ ဝှက်မထားနှင့်။ ပွင့်လင်းမြင်သာရှိပါစေ။ ဤစေတနာဖြင့် သတင်းမှန်ထုတ်သည်။ ကောလာဟလ မယုံကြနှင့်။ ကော်မရှင်က တရားဝင် သတင်းထုတ်ပြန်မှုကိုသာ ယုံကြည်စေချင်သည်။ (စာ−၄၉−၅၄)

ဥပဒေမူဘောင်
ဥပဒေသာ အဓိက။ စာအုပ်ကြီးအတိုင်း လုပ်ပြန်ပြီဟု ဝေဖန်သော်ငြား အမှန်တရားကဖြင့် ဥပဒေသည်သာ အဓိက။ ပေးထားသည့်တာဝန်ကျေပွန်ဖို့မှာ ဥပဒေပြဋ္ဌာန်းချက်အတိုင်း လိုက်နာမှသာ မှန်မည်။ ကိုယ်ထင်ရာ ကိုယ်လုပ်၍ မရ။ အများသဘောကျလျှင်ပြီးရောဟု ဥပဒေကမဆို။ ၄-၁၂-၂၀၁၉ ရက်တွင် နည်းဥပဒေသစ် (မူကြမ်း) ရေး၍ သမိုင်းမော်ကွန်းသစ်တင်နိုင်ခဲ့ပါပြီ။ (စာ−၆၁) 

အမိန့်ကြော်ငြာစာ ၁၄/၂၀၁၈
၁၄/၂၀၁၈ ဖြင့် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ဖို့၊ ကျင့်ဝတ်များ ရေးသားလိုက်နာဖို့ ပူးပေါင်းခဲ့သည်။ ဝိုင်း လုပ်ကြပါ။ ပြည်သူ စောင့်ကြည့်နေပါသည်။

CPU
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit) များ အကြောင်းပါ။ အားရစရာကောင်းသည်။ ဝန်ထမ်းမပါ၍မဖြစ်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်။ သူတို့ ဆန္ဒ၊ သူတို့ဘဝ၊ သူတို့ စေတနာ၊ တကယ်ပူးပေါင်းမှ တကယ်အောင်မြင်မည်ဟု ကော်မရှင်ကယုံသည်။ ယခု ပူးပေါင်းဆောင်ရွက်ကြပြီ။ ဝန်ဆောင်မှုရယူသူနှင့် တကယ့်သဘောထားကို သိချင်သည်။ မလိမ်မညာကြေး။ ထိုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တကယ်အောင်ပြီ။ ကြွေးကြော်မည်။ (စာ−၈၄) 

စုံစမ်းစစ်ဆေးခြင်း
တိုင်စာစုစုပေါင်း (၉၃၉၄)စောင် ဖြစ်ပါသည်။
တိုင်စာတိုင်း အရေးယူသလား။ မယူ။ ဘာကြောင့်လဲ။ ဥပဒေနှင့်မညီလျှင် အရေးမယူ။ 
ဘက်လိုက်၍ မဖြစ်။ တာဝန်ယူရမည်။ တာဝန်ခံရမည်။ သမိုင်းတရားခံ အဖြစ်မခံနိုင်။ သတိကြီးစွာထား။ အမှားမလုပ်နှင့်ဟု ဥက္ကဋ္ဌက မကြာခဏ သတိပေး။ တာဝန်ယူခဲ့သမျှ၊ အရေးယူခဲ့သမျှ၊ ဘာကြောင့်ဆိုသော အကြောင်း အရင်းကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်သည်။ EC ဆုံးဖြတ်ချက် လေးနက်စွာ ရေးသည်။ မပျောက်မပျက်ရအောင် ဒုတိယသက်တမ်းအဖွဲ့ဝင် ၁၂ ဦးတို့က နောက်ဆက်ခံသူများသို့ လက်ဆင့်ကမ်းခဲ့ပါမည်။ (စာ−၈၇ မှ ၉၈)

နိုင်ငံတကာ
နိုင်ငံတကာက မြန်မာကို အထင်သေးခဲ့ဖူးသည်။ ဒီအလုပ်လုပ်နိုင်ပါ့မလား။ We can do it. ဟု ရဲရဲကြီး ပြောနိုင်ပါပြီ။ လက်တွေ့ဘဝသူတို့မြင်ကြပြီ မဟုတ်လား။
နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီသို့ မြန်မာအဖွဲ့ ဝင်ဖြစ်ခဲ့ပြီ။ နည်းပညာအကူအညီတွေလည်း မြန်မာရသည်။ အညွှန်းကိန်း အတက်အကျကြည့်ပြီး မြန်မာကော်မရှင်ကို မလေးစား၍မရ။ တကယ် အလုပ်လုပ်၊ မလုပ် သူတို့သိပြီ။ သံအမတ်ကြီးများ၊ နိုင်ငံခြားပညာရှင်များက လေးစားစွာ အမြင်ဖလှယ်ကြ၊ အကြံပြုကြ၊ သင်တန်းတွေလာပို့ချ၊ မြန်မာ ကော်မရှင်ကို လာလေ့လာကြ။ အားရဖွယ်၊ ကျေးဇူးတင်ဖွယ် …..။

ရန်ကုန်နှင့် မန္တလေး
ရန်ကုန်နှင့် မန္တလေးမှာ ရုံးခွဲတွေ ဖွင့်ပြီးပြီ။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တွေကလည်းမျှော်။ လုပ်ခွင့်၊ ဘဏ္ဍာငွေအခြေအနေအရ ဆက်လုပ် ကြမည်ပါ။ အတုအယောင်လိမ်လည်သူတချို့က တရားဝင်ရုံးဖြစ်သယောင်၊ အဖွဲ့ဖြစ်သယောင် လူပုဂ္ဂိုလ်အယောင်ဆောင် ဖန်တီးကြသေးသည်။ လူထု မယုံပါ။ အစစ်အတု သတိပြု၍ အားပေးကြစေချင်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးသစ်ကြီး (နေပြည်တော်) ကိုလည်း နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇေယျဌာနီလမ်း အနောက်ဘက်မှာ ၁၂-၂-၂၀၁၉ ရက်က ပန္နက်တင်ခဲ့ပြီးပြီမို့ မဟာသင်္ကြန်မှာ ရုံးသစ်တက်နိုင် မည် မျှော်လင့်သည်။ နိုင်ငံအကျိုး၊ လူထုအကျိုး ပို၍ အလုပ်လုပ်ကြရဦးမည်။ လူထုစောင့်ကြည့်နေပါသည်။ (စာ−၁၀၀) 

ဝန်ထမ်းအင်အား
မလောက်မင ဝန်ထမ်းအင်အားနှင့် အခြေချခဲ့ရသည်မို့ ယခုအခါ ဝန်ထမ်း အင်အားတိုးချဲ့နိုင်ပါပြီ။ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်ဖို့ ကြိုးပမ်းရတာ ကလည်း အဓိကကျသည်။
“ကျွန်တော်တို့ အချိန်တန်ရင် အနားယူကြမှာ။ ဝန်ထမ်းတွေက ကျန်ခဲ့မှာ။ သမိုင်းပေးတာဝန်ကို ဆက်လုပ်ကြဖို့၊ ကျွမ်းကျင်ကြဖို့ (၁) ဘာလုပ်နေတာလဲ  (၂) ဘယ်လိုလုပ်မှာလဲ (၃) ဘာကြောင့်လုပ်နေရတာလဲ သိဖို့၊ တတ်ဖို့၊ ခံယူဖို့၊ ကျင့်ဝတ်မြဲဖို့” ဥက္ကဋ္ဌကြီး ဦးအောင်ကြည်က နှစ်ပတ်လည်အစည်းအဝေးမှာ အသံဖမ်းစက်သွင်းစေပြီး ဝန်ထမ်းများအား သံယောဇဉ်ကြီးစွာ မှာကြားနေသံ ကို ကျွန်တော်ကြားယောင်နေသည်။ နောက်ဆက်ခံမည့် အဖွဲ့ဝင်များကိုလည်း သမိုင်းပေးတာဝန်လွှဲပေး၍ ကျွန်တော်တို့ထက် ပို၍ပို၍ အလုပ်လုပ်ကြမည်ဟု မျှော်လင့်ချက်ကြီးစွာ ယုံသည်။ မျှော်သည်။

အမြဲမပြတ်စောင့်ကြည့်
မိမိကိုယ်မိမိလည်း ပြန်ကြည့်၊ ပြန်ဝေဖန်၊ လူထုကလည်း အမြဲမပြတ် စောင့်ကြည့်၊ အပြစ်နည်းအောင်၊ အကျိုးများအောင် စွမ်းဆောင်နိုင်ရမည် ခံယူသည်။ ရှေ့ခရီးဆက်ရဦးမည်။
အစီရင်ခံစာကို ဖတ်ရှု၊ ဝေဖန်သော ပြည်သူ့အသံ လေးစားစွာ နားထောင်ရ ဦးမည်။ 
 ပြည်သူများ၏ အမြင်မှာ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ကောင်းမွန်ကြောင်း ယူဆကြသည်။ (စာ−၁၃၀) ဟု စစ်တမ်းက ထောက်ပြသည်။
−  မျက်စိပိတ်ထားခြင်းမရှိ။
− နားပိတ်ထားခြင်းမရှိ။ ပြည်သူ့အသံကို အစဉ်နားဆင်လျက် ဥပဒေနှင့် အညီ တာဝန်ကျေအောင် စိစစ်ကြိုးပမ်းနေသည့်ကြားက စေတနာအမှား ရှိခဲ့ငြားလျှင် သဘာဝကျကျ ပိုင်းခြားသုံးသပ်ကြမည်၊ ပြင်ဆင်ကြမည်ဟု ခံယူမျှော်လင့်လျက် အစီရင်ခံစာ တင်ပြအပ်ပါသည်။

နိဂုံး
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် တည်ငြိမ်စွာဖြင့် ရှေ့သို့ ခရီးဆက်နေလေသည်။    ။

No comments:

Post a Comment