နေပြည်တော် မတ် ၆
Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှု ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် ညှိနှိုင်းအစည်း အဝေး(၃၀/၂၀၂၀)ကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည် တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
တစ်ဦးမျှမတွေ့ရှိရသေး
အစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မိမိတို့ နိုင်ငံ၌ ယခုလက်ရှိအချိန်အထိ ဓာတ်ခွဲအတည်ပြု COVID-19 ရောဂါဖြစ်ပွားသူ တစ်ဦးမျှမတွေ့ရှိရသေးပါ ကြောင်း၊ သံသယနှစ်ဦးနှင့် စောင့်ကြည့်လူနာ ၅၈ ဦး၊ စုစုပေါင်း ၆၀ တို့တွင် ဓာတ်ခွဲအဖြေရောဂါပိုးမတွေ့သူ ၅၄ ဦးနှင့် ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေသူ ခြောက်ဦးရှိပါ ကြောင်း၊ COVID-19 ရောဂါပိုးမတွေ့ရှိရသော သံသယနှင့် စောင့်ကြည့်လူနာများသည် ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြ၍ ဆေးရုံဆင်းသွားပြီဖြစ်ပါကြောင်း။
COVID-19 ရောဂါသံသယ၊ စောင့်ကြည့်လူနာနှင့် လူနာများကို ကိုင်တွယ်ကုသရာတွင် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံကို အလေအလွင့်မရှိစေဘဲ စနစ်ကျစွာ အသုံးချနိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်များ အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်ဆုံးထုတ်ပြန်ထား သော လမ်းညွှန်များနှင့်အညီ မွမ်းမံပြင်ဆင်၍ အမြန်ဆုံးဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်အထိ တွေ့ရှိ ချက်များအရ COVID-19 ရောဂါဖြစ်ပွားသူများ၏ ၈၈ ရာခိုင်နှုန်းသည် ကိုယ်ပူချိန်မြင့်မားခြင်း၊ ၆၈ ရာခိုင်နှုန်း သည် ချောင်းခြောက်ဆိုးခြင်း၊ ၃၈ ရာခိုင်နှုန်းသည် ကိုယ်လက်မအီမသာ အားလျော့ခြင်း၊ ၃၃ ရာခိုင်နှုန်း သည် သလိပ်ပါချောင်းဆိုးခြင်း၊ ၁၉ ရာခိုင်နှုန်းသည် အသက်ရှူမဝခြင်း၊ ၁၄ ရာခိုင်နှုန်းသည် လည်ချောင်းနာ ခြင်းဖြစ်ပွားသည်ကို သိရှိရပါကြောင်း။
အလေးထားစောင့်ကြပ်ကြည့်ရှု
ရောဂါဖြစ်ပွားသူများတွင် အဖျားလက္ခဏာပြသ သူမှာ ၈၈ ရာခိုင်နှုန်းရှိသည်ဖြစ်၍ ရောဂါကူးစက်ဖြစ်ပွားရာ နိုင်ငံများမှ လေကြောင်းခရီးဖြင့်လာရောက်သူများအား လက်ကိုင်ကိုယ်ခန္ဓာအပူချိန်တိုင်းစက်ဖြင့် တစ်ကြိမ်၊ လူအများကို တစ်ပြိုက်နက် ကိုယ်ခန္ဓာအပူချိန်တိုင်းသည့် စက်ဖြင့် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်းတာ၍ အထူး အလေးထားစောင့်ကြပ်ကြည့်ရှုရန် ညွှန်ကြားထားပြီးဖြစ် ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပစ္စည်းများသယ်ပို့ သည့် container များတွင် ရောဂါပိုးမပါရှိနိုင်ဟုဆိုသော် လည်း မိမိတို့အနေဖြင့် ပိုမိုစိတ်ချစေရန် လေကြောင်းခရီး သည်များ၏ ခရီးသွားအိတ်နှင့် သေတ္တာများကိုလည်း ပိုးသတ်သန့်စင်ရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့်ညှိနှိုင်း၍ ဆောင်ရွက်ရန် ပြောကြားထားပြီး ဖြစ်ပါကြောင်း။
ယခုလက်ရှိတွေ့ရှိချက်များအရ COVID-19 ရောဂါ ဖြစ်ပွားသူများအနက် သေဆုံးနှုန်းသည် တဖြည်းဖြည်း မြင့်တက်လျက်ရှိပြီး ယခုအခါ ၃ ဒသမ ၅ ရာခိုင်နှုန်း အထိရှိနေပါကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ၌ သေဆုံး မှုမမြင့်စေရန်အတွက် ကုသရေးကျွမ်းကျင်မှုဆိုင်ရာ၌ လည်းကောင်း၊ ကုသရာ၌လိုအပ်သော ပစ္စည်းကိရိယာများ နှင့် အောက်ဆီဂျင် လုံလောက်စွာရရှိစေရန်လည်းကောင်း၊ လူနာများ လျင်မြန်စွာလွှဲပြောင်းနိုင်ရေးအတွက် လည်းကောင်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ရောဂါအခံရှိသူများ၊ ဆီးချိုရောဂါရှိသူများ၊ အသက် အရွယ်ကြီးသူများသည် ရောဂါပြင်းထန်စွာခံစားရပြီး သေဆုံးနိုင်သဖြင့် သံသယလက္ခဏာများဖြစ်ပွားပါက ဆေးရုံသို့ ချက်ချင်းလာရောက်ရန်အတွက်လည်း ပြည်သူ များအား ဆက်လက်အသိပေးရမည်ဖြစ်ပါကြောင်း။
အသွားအလာကန့်သတ်၍ သတ်မှတ်နေရာတွင် ထားရှိကာ ရောဂါဖြစ်ပွားမှုစောင့်ကြပ်ကြည့်ရှုခြင်း၏ အကျိုးကျေးဇူးများကို ပြည်သူများပိုမိုသိရှိနားလည်ရန် အတွက် တိုင်းဒေသကြီး/ ပြည်နယ်များ၌ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက်လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ ရောဂါ ဖြစ်ပွားသူနှင့် အနီးအပါးထိတွေ့ခဲ့သူ၊ ရောဂါဖြစ်ပွား သေဆုံးမှုများပြားရာ နေရာဒေသမှ လာရောက်သူများ အနေဖြင့် ပုန်းအောင်းမနေသင့်ဘဲ အနီးဆုံးကျန်းမာရေး ဌာနသို့ အကြောင်းကြားကာ အသွားအလာကန့်သတ်၍ ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းကို ခံယူကြရမည် ဖြစ်ပါကြောင်း။
များစွာအထောက်အကူပြု
အိမ်နီးချင်းနိုင်ငံအချို့တွင် ရောဂါဖြစ်ပွားရာနေရာ ဒေသများမှ ရောက်ရှိလာသူများအားလုံးကို အသွားအလာ ကန့်သတ်၍ သတ်မှတ်နေရာတွင် ၁၄ ရက်တာကာလ အထိ ထားရှိခြင်းကိုပင် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါ ကြောင်း၊ မိမိတို့အနေဖြင့်လည်း လိုအပ်ပါက ထိုသို့ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ အိမ်တွင် အသွားအလာ ကန့်သတ်၍ နေထိုင်စေခြင်းလုပ်ဆောင်ရာ၌ လိုက်နာရ မည့်အချက်များကိုလည်း စနစ်တကျဆောင်ရွက်ရန် အရေးကြီးသဖြင့် ပြည်သူများသိရှိရန် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို ဆိုင်းငံ့ခြင်း၊ မပြုလုပ်ခြင်းများကို တွေ့ရှိရသည်မှာ မိမိတို့ဆောင်ရွက်နေသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် များစွာအထောက် အကူပြုပါကြောင်း။
လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ မဖြစ်မနေကျင်းပ ရမည်ဆိုပါက ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အချက်များကို ပွဲမစတင်မီတွင် ငါးမိနစ်ခန့်အချိန်ယူ၍ ပြောကြားနိုင်ရန်အတွက် အချက်အလက်များကို မိမိတို့ ဝန်ကြီးဌာနမှ အမြန်ဆုံးဖြန့်ဝေမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဇန်နဝါရီ ၅ ရက်မှ စတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ဆောင်ရွက် ချက်များ ပိုမိုပီပြင်အကျိုးရှိထိရောက်စေရန်အတွက် အမြန်ဆုံးပြန်လည်သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ဆောင်ရွက်ခဲ့သော ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများဖြစ်သည့် သံသယနှင့် စောင့်ကြည့်လူနာ များအား ရှာဖွေတွေ့ရှိပုံ၊ ကိုင်တွယ်ဆောင်ရွက်ပုံ၊ ညွှန်းပို့ပုံ၊ စမ်းသပ်ကုသပုံ၊ ဓာတ်ခွဲစမ်းသပ်ပုံ၊ ကျန်းမာရေးအသိ ပညာဖြန့်ဝေမှုများ၏ ထိရောက်မှု ရှိ/ မရှိ၊ ဝန်ကြီးဌာနချင်း၊ ဗဟိုအဆင့်တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးဌာနများ၊ အစိုးရအဖွဲ့များ၊ ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင်ရွက်ပုံ၊ ဝန်ကြီးဌာနမှ ဝယ်ယူထားသည့် ပစ္စည်းများနှင့် လှူဒါန်းလက်ခံရရှိသည့် ပစ္စည်းများကို ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ ခွဲဝေဖြန့်ဖြူးသည့် ပုံစံစနစ်၊ သက်ဆိုင်ရာဆေးရုံများတွင် ကြိုတင်ပြင်ဆင် ထားရှိမှုအခြေအနေများ၊ ဖြစ်ရပ်အခြေပြု စားပွဲတင်လေ့ ကျင့်ခန်းများပြုလုပ်ထားရှိမှု၊ သတင်းပြန်ကြားမှုအခြေ အနေများ စသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆန်းစစ် မှုများ အမြန်ဆုံးပြုလုပ်၍ အားနည်းချက်များကို တွေ့ရှိပါ က ၎င်းတို့အား ချက်ချင်းအားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။
ပြင်ဆင်ဆောင်ရွက်မည်
အထက်ပါကိစ္စရပ်များအား လာမည့်ရက်သတ္တပတ် ၁ ပတ်အတွင်း လုပ်ဆောင်ပြီး တွေ့ရှိချက်များအပေါ် မူတည်၍ မဟာဗျူဟာ၊ နည်းဗျူဟာများကို လိုအပ်ပါက ပြင်ဆင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခုဖြစ်စဉ်တွင် သာမက နောင်ဖြစ်ပေါ်လာနိုင်သည့် ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်စဉ်များအတွက် ရေရှည်ကာလကို မျှော်မှန်းကာ မြို့နယ်ဆရာဝန်များအား ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် ကုသရေးမွမ်းမံသင်တန်းများ ဆက်လက်ပြုလုပ်သွား ရမည်ဖြစ်ပါကြောင်း။
ကမ္ဘာ့ဘဏ်၊ International Monetary Fund နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အရေးပေါ် ကိစ္စရပ်များကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေ များပေးအပ်ရန် စီစဉ်နေမှုတွင် မိမိတို့နိုင်ငံအတွက်ရရှိရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှတစ်ဆင့် ချက်ချင်းအကြောင်း ကြား ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဈေးများ၊ စက်ရုံ၊ အလုပ်ရုံများတွင် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှု ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆက်လက်အားဖြည့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လေ့လာသုံးသပ်
မိမိတို့သည် ပြည်သူများထံသို့ မှန်ကန်သည့် သတင်း အချက်အလက်များကို ပွင့်လင်းမြင်သာစွာဖြင့် ဆက်လက် ပြန်ကြားပေးမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက် ရာတွင် ပြည်သူ့ကျန်းမာရေး၊ ကပ်ရောဂါဗေဒရှုထောင့်၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ခရီးသွားလာရေး၊ လူမှုရေးရှု ထောင့် စသည်တို့မှ အသေးစိတ်လေ့လာသုံးသပ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် “ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် Daily Update Situation များနှင့် ထုတ်ပြန်ကြေညာချက်များ၊ ဝန်ကြီး ဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းဆောင်ရွက်နေမှု များ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ အခြား နိုင်ငံများမှ ထူးခြားဖြစ်စဉ်များနှင့် သတင်းများ၊ စောင့် ကြည့်လူနာများ၏ အခြေအနေများ၊ အသွားအလာ ကန့်သတ်၍ ရောဂါဖြစ်ပွားမှုစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးကွင်းဆင်းသင်တန်းဌာနရှိ အဆောက် အဦသို့ ကွင်းဆင်းသွားရောက်ခဲ့မှု၊ ပြည်သူများ ကျန်းမာ ရေးအသိပညာများကို လက်တွေ့အသုံးချနိုင်မှုဆိုင်ရာ အသုံးချသုတေသနကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)မှ ဆောင်ရွက်ရန် စီစဉ်ထားရှိမှု၊ ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများဆောင်ရွက်နေမှု စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။
တက်ရောက်
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ ဖြန့်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ ဆေးရုံ၊ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများနှင့် ပြည်သူ့ ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-health၊ ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၊ ပြည်သူ့ ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) စသည့် ကဏ္ဍအသီးသီး နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြု ခြင်းများ ဆောင်ရွက်ခဲ့သည်။
သတင်းစဉ်
No comments:
Post a Comment