Saturday, March 7, 2020



ရန်ကုန်    မတ်    ၆

ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)       လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ     ကာကွယ်နိုင်ရန်၊ ပြည်သူလူထုအတွင်း သတင်းအမှန်များရရှိစေရန် မီဒီယာ များနှင့်    တွေ့ဆုံဆွေးနွေးပွဲကို   ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Chatrium Hotel ၌ ပြုလုပ် သည်။

ရှင်းလင်းပြောကြား

တွေ့ဆုံဆွေးနွေးပွဲတွင် ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲမှ   ညွှန်ကြားရေးမှူး   ဒေါက်တာထွန်းတင်က “ Introduction and current epidemiological situation containment and control of (COVID-19)(Global and Myanmar situation)  အကြောင်းအရာနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်  ကုသရေးဦးစီးဌာနမှ ဒုတိယညွန်ကြား ရေးမှူး ဒေါက်တာဇင်မာဦးက   (COVID-19)  hospital preparedness အကြောင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲဌာန(NHL)မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်က Laboratory testing for(COVID-19)in Myanmar အကြောင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက် ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး က Current (COVID-19) situation and media relation  အကြောင်းနှင့်စပ်လျဉ်း၍    လည်းကောင်း၊    ပြည်သူ့ ကျန်းမာရေးဦးစီးဌာန    လက်ထောက်ညွှန်ကြားရေးမှူး (eHealth) ဒေါက်တာထူးမြင့်ဆွေက      (COVID-19)နှင့် eHealth ဌာနခွဲမှ ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း၊      ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုးက Media Advocacy and collaborative roles of Media against (COVID-19)နှင့်စပ်လျဉ်း၍လည်းကောင်း    ရှင်းလင်း ပြောကြားသည်။
ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး    ဒေါက်တာထွန်းတင်က “အဓိက  ဒီရောဂါရဲ့ သဘာဝက လူကနေတစ်ဆင့် လူကိုကူးတဲ့အနေအထားပါ။ လောလောဆယ်အနေအထားအရ ရောဂါပိုးရဲ့သဘာဝကို တိတိကျကျမပြောနိုင်သေးဘူး။ အသက်ရှူလမ်းကြောင်း ကနေတစ်ဆင့် ကူးတယ်လို့ ယူဆရတယ်။ သူ့ရဲ့အုပ်စုဖြစ်တဲ့ ကိုရိုနာကို ပြန်ကြည့်လိုက်ရင် SARS ဖြစ်ခဲ့တယ်။ MARS ဖြစ်ခဲ့တယ်။     ဒီပေါ်မှာ   မူတည်ပြီးတော့   အသက်ရှူ လမ်းကြောင်းက  ကူးတယ်ဆိုတဲ့  အနေအထားရှိတယ်။ အသက်ရှူလမ်းကြောင်းကကူးပြီး ချောင်းဆိုး၊ နှာချေရာက ထွက်လာတဲ့အမှုန်အမွှားကနေ   ရောဂါပိုးပါလာပြီးတော့ ဖြစ်တာပါ။   ဒီအပေါ်မှာမူတည်ပြီးတော့  ကာကွယ်ရေး လုပ်ငန်းတွေကို အကြံပေးတယ်။ မိမိမှာ နှာချေ၊ ချောင်းဆိုး၊ ကိုယ်ပူတာရှိရင် မိမိကတစ်ဆင့် သူများကို ရောဂါကူးစက်မှု မရှိစေဖို့အတွက်   လူစုလူဝေးရှိတဲ့နေရာ  မသွားသင့်ဘူး။ ဒီလိုလူမျိုးတွေကတော့  အတတ်နိုင်ဆုံး အိမ်မှာပဲနေသင့် တယ်။ မိမိကစပြီး ကာကွယ်ဖို့အတွက် မဖြစ်မနေသွားရမယ် ဆိုရင် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေသုံးပါ။ ဒါမှလည်း သူများကို    ဒီရောဂါကူးစက်မှုမရှိစေမှာပါ။  ဒါကိုလည်း စနစ်တကျသုံးဖို့လိုတယ်”ဟု ပြောသည်။

ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထား

အပူပိုင်းနှင့်        ကူးစက်ရောဂါပညာဌာန ဆေးတက္ကသိုလ်(၂)   ရန်ကုန်မှ  ပါမောက္ခ ဒေါက်တာ စံပယ်ဖြူက  “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့်အချက်တွေအားလုံးကို လိုက်နာစေချင်ပါတယ်။ လူနာက စောင့်ကြည့်လူနာပဲဖြစ်ဖြစ်၊ သံသယလူနာပဲဖြစ်ဖြစ် ကျွန်မတို့ဘက်ကလည်း အတတ် နိုင်ဆုံး ဆေးရုံတွေမှာ ကုသမှုတွေကို အကောင်းဆုံးပေးဖို့ အတွက်    ကျန်းမာရေးနှင့်    အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး ပြင်ဆင်ထားမှု တွေရှိပါတယ်။   ဒါကြောင့်  ကျွန်မတို့အနေနဲ့  ဒီရောဂါရဲ့ ဘေးကနေ    ကျွန်မတို့နိုင်ငံ   ကင်းဝေးစေဖို့အတွက် မျိုးစုံ ကြိုးစားကြပေမယ့်    တစ်ချိန်ချိန်မှာ  ကြုံတွေ့လာစရာ အကြောင်းတွေလည်း ရှိလာနိုင်ပါတယ်။ ဒီအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြတာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေက အလွန်သေးငယ်ပါတယ်။ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ အခုအချိန်အထိ အတည်ပြုလူနာ မတွေ့ရှိကြသေးပါဘူး။ စောင့်ကြည့်လူနာ နဲ့ သံသယလူနာနဲ့ပဲ ကုသနေရပါသေးတယ်။

“အထူးကုဆေးရုံကြီး ဝေဘာဂီအနေနဲ့ ပြုစုကုသရမယ့် လုပ်ငန်းအားလုံးကို  ပြည်သူလူထုအားလုံးက  ရှင်းရှင်း လင်းလင်းလေး   သိရှိစေချင်ပါတယ်။  ၁၄ ရက်ထားမယ် ဆိုရင်လည်း လိုက်နာဆောင်ရွက်ပေးကြဖို့ ပြောချင်ပါတယ်။ ဝေဘာဂီဆေးရုံက လွှဲပြောင်းပေးတဲ့ လူနာတွေကို ကုသပေး နေတဲ့ အဓိကနေရာ ဖြစ်တဲ့အတွက်ကြောင့်  စနစ်တကျ လွှဲပြောင်းလာတဲ့လူနာတွေ၊ အထူး သဖြင့် လေယာဉ်ကွင်းက လာတဲ့လူနာတွေ၊ ဆေးရုံတွေက စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ဖွယ်ရာရှိတဲ့   လူနာတွေကို  ကုသရေးအတွက် ကော်မတီရှိပါတယ်။ ကုသရေးကော်မတီ ကနေပြီးတော့ ဒီလူနာကတော့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်သင့် ပါတယ်ဆိုရင် ကျွန်မတို့က ကုသရေးဗဟိုကော်မတီကနေ ချမှတ်တဲ့ လူနာတွေအားလုံးကို စောင့်ကြည့်ကုသလူနာ အဖြစ် စောင့်ရှောက်မှုတွေ ပေးနေပါတယ်”ဟု ပြောသည်။ 

တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းရာ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်နှင့်  တာဝန်ရှိသူများက ပြန်လည် ဖြေကြားကြသည်။ 
ယနေ့ မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ပြည်သူ လူထုအနေဖြင့်  လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ(COVID-19)နှင့် ပတ်သက်သော သတင်း အမှန်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အတည်ပြုထားသော သတင်းများရယူနိုင်ရန်၊ ကူးစက် ရောဂါနှင့်ပတ်သက်သော ဥပဒေများနှင့် လုပ်ထုံးလုပ်နည်း များအား သိရှိစေရန်နှင့် မမှန်ကန်သော သတင်းအမှားများ အား ပြည်သူလူထုအတွင်း မပြန့်ပွားစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းများနှင့် တိုက်ဆိုင် စစ်ဆေး၍ သတင်းအမှန်များဖြစ်စေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - မင်းသစ်(MNA)၊ ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment