ပဲခူး မတ် ၆
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်ကာ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိကာလအတွင်း မှတ်တမ်းလုံးဝမရှိသေးသည့် ငှက်မျိုးစိတ် ငါးမျိုးကို တွေ့ရှိမှတ်တမ်းသစ်တင်နိုင်ခဲ့ကြောင်း မတ် ၅ ရက်က မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ တောအုပ်ကြီး ဦးစိုင်းဝဏ္ဏကြည်က ပြောသည်။
"ဒီငှက်မျိုးစိတ်တွေက မိုးယွန်းကြီးအင်းရဲ့ ယခင်မှတ်တမ်းထဲမှာမရှိတဲ့ မျိုးစိတ် တွေပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ မြစ်တွေးငှက်မျိုးစိတ်တစ်မျိုးနဲ့ စင်ရော်မျိုးစိတ် နှစ်မျိုးကို တွေ့ခဲ့တာ။ နောက် Red Breasted Mergansar ငှက်မျိုးစိတ်ကိုတော့ ဒီဇင်ဘာလထဲမှာ တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တယ်။ အခုနှစ် ဖေဖော်ဝါရီလကုန်မှာ Northern Shoveler ငှက်မျိုးစိတ် ထပ်ပြီးတွေ့ရှိတာနဲ့ဆိုရင် စုစုပေါင်းငှက် မျိုးစိတ်ငါးမျိုး မှတ်တမ်းသစ်တင်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မနှစ်က ဖေဖော် ဝါရီလမှာဆို ငှက်ကောင်ရေ ၂၈၁၄၂ ကောင်ခန့် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တယ်။ ဒီနှစ် အခုဖေဖော်ဝါရီလကုန်မှာ ငှက်ကောင်ရေအနေနဲ့ ၃၁၂၂၀ ကောင် မှတ်တမ်း တင်ထားတယ်”ဟု ၎င်းက ပြောသည်။
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ငှက်များပျံသန်း နားခိုရာဧရိယာအတွင်း ကျရောက်လျက်ရှိသဖြင့် ငှက်မျိုးစိတ်များ အများဆုံး ဝင်ရောက်တတ်သကဲ့သို့ ဆောင်းရာသီကာလတစ်လျှောက်လုံး နေထိုင် ကျက်စားခြင်းဖြစ်ကာ မတ်လနှင့် ဧပြီလတို့တွင် ပြန်လည်ထွက်ခွာသွားကြ ကြောင်း ၎င်းက ပြောသည်။
အဆိုပါအင်းအတွင်းသို့ နှစ်စဉ် နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ ဆောင်းခို ငှက်များဝင်ရောက်လျက်ရှိရာ ယခုနှစ် ပြီးခဲ့သည့်ဖေဖော်ဝါရီလကုန်အထိ ဆောင်းခိုငှက် ၄၄ မျိုး၊ ဌာနေငှက် ၇၃ မျိုး စုစုပေါင်းငှက်မျိုးစိတ် ၁၁၇ မျိုးမှ ငှက်ကောင်ရေ ၃၁၂၀၀ ကျော် လာရောက်ကျက်စားလျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ - ပိန်းဇလုပ်သိန်းညွန့်
No comments:
Post a Comment