တာရာ၊ ကေကေ
ဓာတ်ပုံ-ဦးတင်မောင်လတ်(ကင်းထောက်ကြီး)
ကင်းထောက်ဆိုသည်မှာခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယကင်းထောက်ချုပ် ဦးသာစိန်၊ အပြည်ပြည်ဆိုင်ရာ ကင်းထောက်မှူးချုပ် ဦးမောင်မောင်ဝင်း၊ သီဟကင်းထောက်ကြီး ဦးဧကျော်၊ ကင်းထောက်ကြီး အလင်္ကာကျော်စွာဂီတစာဆိုဟင်္သာတမြင့်ငွေနှင့် ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်တို့ ပါဝင်ဆွေးနွေးခဲ့ ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်-
(ယမန်နေ့မှအဆက်)
ဦးအေးကြိုင် ။ ။ကမ္ဘာ့ကင်းထောက်ဖခင် လော့ဒ်ဗေဒင်ပါဝယ်လ်က
မြန်မာနိုင်ငံကို ရောက်ဖူးပါတယ်။ အခု ရန်ကုန် တက္ကသိုလ်ရာပြည့်ပွဲ ကျင်းပတဲ့နေရာမှာ မီးပုံပွဲလုပ်ခဲ့တယ်။ ကျွန်တော်လေ့လာ မိတာတစ်ခုက လော့ဒ်ဗေဒင်ပါဝယ်လ် ကမ္ဘာ့ကင်းထောက်ဖခင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၂ ရက်နေ့မှာ သူမွေးခဲ့တယ်။ ဆရာကြီးတို့ မြန်မာနိုင်ငံကင်းထောက် အဖွဲ့ကလည်း ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ Founder’s Day ဆိုတာ ကျင်းပခဲ့ပါတယ်။ ကမ္ဘာမှာ နိုင်ငံပေါင်း ၁၇၁ နိုင်ငံလောက်က ကင်းထောက် လုပ်ငန်းကို မွန်မွန်မြတ်မြတ်လုပ်နေပြီး ကင်းထောက်ကို တန်ဖိုးထားတဲ့ သူ့သက်ဆိုင်ရာနိုင်ငံက သမ္မတ၊ ဘုရင်၊ ဝန်ကြီးချုပ်တွေကိုယ်တိုင် ကင်းထောက်ချုပ်လုပ်ခဲ့တယ်ဆိုရင် နှစ်တစ်ရာတိုင်တိုင် ကမ္ဘာကလက်ခံတဲ့ ဒီစနစ်နဲ့ပတ်သက်တဲ့ ကင်းထောက်လုပ်ငန်းကို စတင်တီထွင်ခဲ့တဲ့ လော့ဒ်ဗေဒင် ပါဝယ်လ်က မြန်မာပြည်သူတွေကို ဂုဏ်ပြုတဲ့ စကားလေးတစ်ခု ပြောခဲ့တယ်လို့ ကြားဖူးပါတယ်။ အဲဒါကို သိပါရစေခင်ဗျာ။
ဒေါက်တာတင်ညို။ ။ သူရေးခဲ့တဲ့ စာအုပ်လေးတစ်အုပ်ရှိတယ်။ Rovering
to Success စာအုပ်ရဲ့ စာမျက်နှာ ၇ မှာ အင်မတန် ထူးခြားတဲ့ အပိုဒ်လေးတစ်ခုပါတယ်။ နိုင်ငံအဖြစ်နဲ့ လူမျိုးအဖြစ်နဲ့ ကြည့်ခဲ့ရင် တစ်ကမ္ဘာလုံးမှာ ပျော်ရွှင်မှုအများဆုံး လူမျိုးဟာ မြန်မာတွေပဲလို့ သူပြောခဲ့တယ်။ မှတ်မှတ်ရရပါပဲ၊ မကြာခင်က ကျင်းပခဲ့တဲ့ ကင်းထောက် Founder’s Day မှာ ဆရာဟိန်းလတ်ကလည်း ဒါကို ပြန်ညွှန်းသွားခဲ့ပါတယ်။ ဘယ်လောက်အထိ လည်းဆိုတော့ မြန်မာတွေရဲ့စိတ်ဓာတ်ကို ၁၉၂၁ ခုနှစ်မှာ သူလာပြီး လေ့လာ ခဲ့ပုံရတယ်။ ၁၉၂၂ ခုနှစ်က ရေးသားတဲ့စာအုပ်မှာ သူအဲဒီလို ညွှန်းတယ်။ ကမ္ဘာ ပေါ်မှာ အရိုးသားဆုံး၊ အပျော်ရွှင်ဆုံး လူတွေဟာ မြန်မာတွေလို့ သူရေးသား ခဲ့တယ်။
ဦးအေးကြိုင် ။ ။ လော့ဒ်ဗေဒင်ပါဝဲလ်က ကမ္ဘာမှာ မြန်မာကို
အပျော်ရွှင်ဆုံး၊ အရွှင်လန်း၊ အတက်ကြွဆုံးလို့ ဂုဏ်ပြုခဲ့တယ်။ အခု ၂၀၂၀ ဆိုရင် နှစ်တစ်ရာတိုင်နေပါပြီ။ ကင်းထောက်ရဲ့ ရည်မှန်းချက်ထဲမှာလည်း သူပြောတဲ့ အဲဒါတွေပါတယ်။ သဘောက လူဆိုတာ ပျော်ဖို့ဆိုတာ သူတို့စိတ်ထဲမှာကိုက လုံခြုံမှုရှိဖို့လိုတယ်။ မိသားစု စားဝတ် နေရေးပြေလည်ဖို့ လိုတယ်။ သဘောက အဲဒီစိတ်အလှတွေ ထွန်းလင်းမှ ပျော်ရွှင်တယ်ဆိုတဲ့ စကားကိုရမယ်ဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေက ကင်းထောက်သမိုင်းကောင်းခဲ့တယ်။ ဒါဆိုရင် ကျွန်တော်တို့နိုင်ငံကို ကမ္ဘာ့ ကင်းထောက်ဖခင်ကိုယ်တိုင်က ပေးခဲ့တဲ့ ဒီစကားရပ်လေးဟာ ပြန်လည်ရှင်သန် လာပြီ။ မြန်မာနိုင်ငံကင်းထောက်က အထီးကျန်ပြီးနေလို့မရဘူး။ ကျွန်တော်တို့က ကမ္ဘာ့အသိုက်အမြုံထဲကို ဝင်ရပါမယ်။ ကမ္ဘာ့ကင်းထောက်မိသားစုထဲကို ဝင်ဖို့ ဆိုရင် နိုင်ငံတကာဆက်သွယ်မှု လိုပါတယ်။ ကင်းထောက်အဖွဲ့ရဲ့ နိုင်ငံတကာဆက်သွယ်ရေးမှူးတာဝန်ကို ယူထားတဲ့ ဦးမောင်မောင်ဝင်းက မြန်မာ့ ကင်းထောက်ကို ကမ္ဘာကသိအောင်၊ အာရှ-ပစိဖိတ်ဒေသကသိအောင် ဘာတွေ ဆောင်ရွက်နေတယ်ဆိုတာ အများပြည်သူသိရှိအောင် ပြောပြပေးပါဦး။
ဦးမောင်မောင်ဝင်း။ ။ကျွန်တော်က အခုလက်ရှိတော့ YMCA ရဲ့ အထွေထွေ
အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံတကာမှာ YMCA နဲ့ကင်းထောက်က လုပ်ငန်းတွေကို အတူ တကွဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်က ကင်းထောက် ပြန်လည်ဖွဲ့စည်းခဲ့တဲ့အချိန်မှာ ကျွန်တော်တို့စိတ်ထဲမှာ ကျွန်တော်တို့ အဖွဲ့ အစည်းအချင်းချင်း ဘယ်လိုကူညီကြမလဲဆိုတဲ့ စိတ်ဓာတ်က အရေးကြီးပါတယ်။
ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့ စိတ်ကဝင်ခဲ့တော့ ပထမဦးဆုံး အနေနဲ့ အာရှ-ပစိဖိတ်ကင်းထောက်အဖွဲ့ချုပ်ရုံးက ဒါရိုက်တာဆီကို ကျွန်တော် စာရေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကင်းထောက်ပြန်လည်ဖွဲ့စည်းပါပြီ။ ဒါကြောင့် ကင်းထောက်လုပ်ငန်းတွေ ဆက်လက်ရှင်သန်ပြီး ကမ္ဘာ့အသိုက် အဝန်းကို မြန်မာနိုင်ငံ ကင်းထောက်ရောက်ရှိဖို့အတွက်က သက်ဆိုင်ရာ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တွေ့ဆုံပြီး ကျွန်တော်တို့လုပ်ငန်းတွေကို ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့၊ လာရောက်တွေ့ဆုံဂါရဝပြုဖို့ စာရေး လိုက်ပါတယ်။
ဦးအေးကြိုင် ။ ။ဆရာကြီး ကင်းထောက်ချုပ် ပြောတဲ့အထဲမှာလည်း
ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်မှု၊ ပညာရေးဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုနဲ့ ဆောင်ရွက်ခဲ့တယ်ဆိုတော့ ဆရာက ပညာရေး ဝန်ကြီးဌာနနဲ့ ဆက်သွယ်မှုကို ဆောင်ရွက်ပေးတာပါလားခင်ဗျာ။
ဦးမောင်မောင်ဝင်း။ ။ YMCA အနေနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးဆီကို စာရေးပါတယ်။ နိုင်ငံတကာက ကင်းထောက်ခေါင်းဆောင်တွေ မြန်မာနိုင်ငံကို လာချင်ပါတယ်။ ဝန်ကြီးကို လာရောက် တွေ့ဆုံဂါရဝပြုပြီး ကင်းထောက်လုပ်ငန်းစဉ်တွေ ပူးပေါင်း ဆောင်ရွက်ဖို့၊ လက်ခံတွေ့ဆုံပေးဖို့ စာရေးလိုက်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ကျွန်တော်တို့ကို တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။
အဲဒီတော့ အဖွဲ့ဝင် ရှစ်ဦးလောက် မြန်မာနိုင်ငံကို လာပါတယ်။ ဖိလစ်ပိုင်၊ ဩစတြေးလျ၊ မလေးရှား၊ စင်ကာပူ ၊ ဂျပန်နိုင်ငံတွေပါ ပါဝင်တယ်။ လာရောက် တွေ့ဆုံပြီး အနာဂတ်လုပ်ငန်းစဉ်တွေကို အာရှ-ပစိဖိတ်ကင်းထောက်အဖွဲ့ချုပ်၊ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်တွေနဲ့ချိတ်ဆက်ပြီး မြန်မာနိုင်ငံရဲ့ကင်းထောက်လုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ကျွန်တော်တို့ စီစဉ်ကြပါ တယ်။
ကမ္ဘာ့ကင်းထောက် အသိုက်အဝန်းမှာ ပြန်လည်ပြီး အဖွဲ့ဝင်အဖြစ် ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ ကင်းထောက်ရဲ့ဖွဲ့စည်းပုံ၊ စည်းမျဉ်းကို ကျွန်တော်တို့ ရေးဆွဲဖို့ ပြင်ဆင်ရပါတယ်။ ဒုတိယကင်းထောက်ချုပ်ဦးသာစိန် ဦးစီးတဲ့အဖွဲ့ကို ကင်းထောက်ဖွဲ့စည်းပုံစည်းမျဉ်းရေးဆွဲဖို့ တာဝန်ပေးပါတယ်။ အချိန်တိုအတွင်း မှာ အဲဒီအဖွဲ့ကလည်း ကြိုးစားပြီး ဆောင်ရွက်ခဲ့ပါတယ်။ ပြီးတဲ့အခါမှာ သက်ဆိုင်ရာ နိုင်ငံတော်အစိုးရနဲ့ ရှေ့နေချုပ်ရုံးကို ပြန်လည်တင်ပြရပါတယ်။
ဦးအေးကြိုင် ။ ။ မြန်မာနိုင်ငံကင်းထောက်ရဲ့စည်းမျဉ်းဥပဒေတွေ
ကို နိုင်ငံတော်က အတည်ပြုပြီးပြီဆိုတာကိုလည်း ရှင်းပြပေးပါဦးခင်ဗျာ။
ဒေါက်တာတင်ညို။ ။ အတည်ပြုဖို့ သိပ်ကိုအရေးကြီးပါတယ်၊ ဘာဖြစ်လို့
လဲဆိုတော့ ကျွန်တော်တို့ ကင်းထောက်အဖွဲ့က တစ်ဖွဲ့တည်းရပ်တည်လို့မရဘူး။ အာရှ-ပစိဖိတ်ရော၊ ကမ္ဘာနဲ့ပါ ချိတ်ဆက်ရင် ကျွန်တော်တို့က နိုင်ငံတော်က အတည်ပြုထားတဲ့ အဖွဲ့မဟုတ်ရင် ကျွန်တော်တို့ ချိတ်ဆက်လို့မရဘူး။
ဒါကြောင့် ဦးသာစိန်ဦးဆောင်ပြီး ဆောင်ရွက်ကြရတဲ့အခါ၊ ကျွန်တော်တို့ ကတိခံယူတဲ့အခါ ကျွန်ုပ်၏ ဂုဏ်သိက္ခာကို ပတ္ထနာပြု၍ ကတိပြုပါသည်လို့ ပါတယ်။ အဲဒါဟာလိုရဲ့လားဆိုတာကို အထူးအဆန်း ဖြစ်နေတယ်။ ဒါသည် သိပ်ကို အရေးကြီးတယ်၊ အဖွဲ့အစည်းအားလုံးမှာ ကျွန်တော်တို့ ကင်းထောက် အဖွဲ့ပဲ ဒီလို စာတမ်းပါတယ်။ ဂုဏ်သိက္ခာဆိုတဲ့စကားက အင်မတန်တန်ဖိုးရှိ ပါတယ်။ အဲဒီလိုနဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံတော်အစိုးရအဖွဲ့က အတည်ပြု ပေးခဲ့တယ်။
ဦးအေးကြိုင် ။ ။ ဒါဆိုရင် မြန်မာနိုင်ငံအတွက် နိုင်ငံတော်အစိုးရက
အတည်ပြုတဲ့ စည်းမျဉ်းကို ခိုင်ခိုင်မာမာ ထုတ်ပြန် ပေးနိုင်ခဲ့တယ်။ ဦးမောင်မောင်ဝင်းရဲ့အခြားအတွေ့အကြုံလေးလည်းပြောပြပါဦး။
ဦးမောင်မောင်ဝင်း။ ။ ကင်းထောက်ဖွဲ့စည်းပုံစည်းမျဉ်း ရေးဆွဲပြီးတဲ့
အခါ အာရှ-ပစိဖိတ်က တာဝန်ရှိသူတွေလာပြီး ဖွဲ့စည်းပုံစည်းမျဉ်းကို နိုင်ငံတကာနဲ့ အချိတ်အဆက်မိနိုင်အောင် ကျွန်တော်တို့နဲ့ သုံးရက်တာ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပါတယ်။ နိုင်ငံတကာနဲ့ အချိတ်အဆက် မိနိုင်အောင် သူတို့ရဲ့ အကြံပြုချက်တွေ ရယူပါတယ်။ ပြီးတော့ နိုင်ငံတော်အစိုးရ အဖွဲ့ကို တင်ပြခဲ့ပါတယ်။
ဒေါက်တာတင်ညို။ ။ ကျွန်တော်တို့က အရင်တုန်းက Boy Scout လို့ဆို
တယ်။ ဒါပေမယ့် အာရှ-ပစိဖိတ်နဲ့ တိုင်ပင်ပြီးညှိတဲ့ အခါ အခုကမ္ဘာ့ကင်းထောက်အဖွဲ့ရဲ့ Trend က ပြောင်းသွားပြီ။ ကျွန်တော်တို့ ကင်းထောက်အဖွဲ့မှာ အမျိုးသားတွေသာမက အမျိုးသမီးတွေလည်း ဝင်ရောက် ခွင့်ရှိတဲ့အတွက် Boy Scout မှာ Boy ဆိုတာကို ချန်ထားခဲ့ရတယ်။
ဦးအေးကြိုင် ။ ။ ဒါဆိုရင်ဆရာကြီးတို့ မြန်မာနိုင်ငံကင်းထောက်
အဖွဲ့အစည်းအောက်မှာ ယောက်ျားလေးတွေသာ မဟုတ်တော့ဘဲ ကျား၊ မ မဟူ ဝင်လို့ရသွားပြီ။ ဆရာကြီးတို့ ကတိသုံးပါးထဲမှာ ကျွန်တော်လေ့လာမိတာက လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမမရွေး ဝင်ရောက် ခွင့်ရှိတာ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ပေါ့နော်။ အဲဒါလေးက ထူးခြားပါ တယ်။
ဒေါက်တာတင်ညို။ ။ ကျေးဇူးတင်ရတာက YMCA အဖွဲ့ပါ။ အဲဒီတုန်းက
ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ဖွဲ့နေတာ။ APR ဆိုတာ ဘယ်သူတွေမှန်းမသိဘူး။ ၂၀၁၂ ခုနှစ်မှာ သင်တန်းစပေးတယ်။ ဒီဇင်ဘာလမှာ ကင်းထောက်လေးတွေ ဖြစ်ကြတယ်။ ဆရာတို့ စီစဉ်ပေးလို့ ကျွန်တော်တို့ အရင်တုန်းက လုံးဝမသိတဲ့သူတွေ ၂၀၁၃ ခုနှစ် မေလမှာ အာရှ-ပစိဖိတ်ကင်းထောက်အဖွဲ့ချုပ်က ပထမဦးဆုံးအကြိမ်လာတယ်။ သူတို့ဆီက အာရှ-ပစိဖိတ်ဒေသက ကင်းထောက်အဖွဲ့ချုပ်ဥက္ကဋ္ဌ ခေါင်းဆောင်တဲ့ ကင်းထောက်အဖွဲ့တွေက ခေါင်းဆောင်တွေလာကြတယ်။ ထူးခြားတဲ့ ပုဂ္ဂိုလ် တွေဖြစ်ပြီး ကျွန်တော်တို့အတွက် အားဖြစ်ပါတယ်။
ဦးအေးကြိုင် ။ ။ ဦးမောင်မောင်ဝင်းအနေနဲ့ အာရှ-ပစိဖိတ်တင်မက
ကမ္ဘာမှာ ချိတ်ဆက်တာလေးတွေကိုလည်း ရှင်းပြ ပေးစေလိုပါတယ်ခင်ဗျာ။
ဦးမောင်မောင်ဝင်း။ ။ ကျွန်တော်တို့ ပထမဦးဆုံးအနေနဲ့ အာရှ-ပစိဖိတ်
ဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ်ရုံးကို လေ့လာ ရေးသွားပါတယ်။ ပြီးတော့ ဖိလစ်ပိုင်နိုင်ငံက ကင်းထောက်အဖွဲ့ရဲ့ လုပ်ငန်းတွေ ကို လေ့လာခဲ့ပါတယ်။ ကမ္ဘာ့ကင်းထောက်အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပြန်လည်ရရှိ နိုင်ဖို့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ဖိလစ်ပိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ရဲ့ ကြိုးစားမှုကြောင့် အချိန်တိုအတွင်းမှာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်က မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ တယ်။ ဘယ်မှာအတည်ပြုသလဲဆိုတော့ ၂၀၁၇ ခုနှစ် အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်တဲ့ ကမ္ဘာ့ကင်းထောက်ညီလာခံအစည်းအဝေးကြီးက ဘာကန့်ကွက်ချက်မှ မရှိဘဲ မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် ပျော်ရွှင်ဝမ်းမြောက်စွာ လက်ခံခဲ့ပါတယ်။
ဦးအေးကြိုင်။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံ
အဖြစ် အသိအမှတ်ပြုတဲ့ ကိစ္စကိုလည်း ပြည်သူတွေ ပိုမိုသိရှိအောင် ကင်းထောက်ချုပ်အနေနဲ့ ရှင်းလင်းပြောကြားပေးစေလိုပါတယ်။
ဒေါက်တာတင်ညို။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကမ္ဘာ့ကင်းထောက်
အဖွဲ့ချုပ်က လာရောက်ပြီးစိစစ်တယ်။ ကျောင်း တွေ လည်းရောက်တယ်။ ရုံးလည်းရောက်တယ်။ ကျွန်တော်တို့အားလုံးနဲ့လည်း တွေ့တယ်။ ဒါတွေအားလုံးကို ကြည့်တဲ့အခါ ကျွန်တော်တို့မှာ ပြည့်စုံတယ်လို့ သူတို့ သဘောပေါက်ကြပါတယ်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် နိုင်ငံ ဖြစ်သင့်တယ်ဆိုပြီး ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံ ၁၆၃ နိုင်ငံကို အကြောင်းကြားစာပို့ပါ တယ်။ သုံးလအတွင်း ကန့်ကွက်မယ့်သူရှိရင် ကန့်ကွက်ပါ။ ငါးရာခိုင်နှုန်းထက် ပိုများခဲ့ရင်တော့ ကမ္ဘာ့ကင်းထောက်ညီလာခံကျမှ အတည်ပြုမယ်။ အဲဒီမှာ မဲပြန်ခွဲပြီး ဆုံးဖြတ်မယ်။ ငါးရာခိုင်နှုန်းထက် နည်းခဲ့တယ်ဆိုရင်တော့ အတည်ပြု မယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ဆီကိုလည်း အကြောင်းကြားတယ်။
ဦးအေးကြိုင် ။ ။ ဒါဆိုရင် မြန်မာနိုင်ငံ ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်
နိုင်ငံဖြစ်ဖို့ အခြား ၁၆၃ နိုင်ငံက ကန့်ကွက်တာ များ ရှိပါသလား။
ဒေါက်တာတင်ညို။ ။ APR က မိတ်ဆွေတွေရဲ့ မြန်မာနိုင်ငံကို ပြည်လည်
ရှင်သန်လာစေမှု၊ ကျွန်တော်တို့နိုင်ငံရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် တစ်နိုင်ငံမှ မကန့်ကွက်ခဲ့ကြပါဘူး။ အဲဒီလို မကန့်ကွက် ဘူးဆိုတဲ့အကြောင်းကိုလည်း ဩဂုတ်လ ၁၀ ရက်နေ့မှာ ကျွန်တော်တို့ဆီကို စာပို့ခဲ့တယ်။၂၀၁၆ ခုနှစ် ဩဂုတ် ၁၁ ရက်နေ့မှာ ကျွန်တော်တို့သည် ကမ္ဘာရဲ့ ၁၆၄ နိုင်ငံမြောက် ကမ္ဘာရဲ့ကင်းထောက်မိသားစုဝင်ဖြစ်သွားပါတယ်။
ဦးအေးကြိုင်။ ။ ကမ္ဘာ့ကင်းထောက်ညီလာခံ တက်ရောက်ခွင့်ရခဲ့
တာကိုလည်း ပြောပြပေးပါဦး။
ဒေါက်တာတင်ညို။ ။ ကမ္ဘာ့ကင်းထောက်ညီလာခံက အဆုံးအဖြတ်တွေ
ပေးတယ်။ အဲဒီလို အဆုံးအဖြတ်ပေးတဲ့အတွက် ၂၀၁၇ ခုနှစ် အဇာဘိုင်ဂျန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ကင်းထောက်ညီလာခံကျမှ ကျွန်တော်တို့ကို တရားဝင်အသိအမှတ်ပြုလွှာ ချီးမြှင့်ပါတယ်။
ဦးအေးကြိုင် ။ ။ မြန်မာနိုင်ငံက ကမ္ဘာ့ကင်းထောက် အသိုက်အမြုံထဲ
ကို ရောက်လာတဲ့အခါ ကျွန်တော်တို့ရဲ့ ညီနောင် ကင်းထောက် ၁၆၃ နိုင်ငံက တစ်နိုင်ငံမှ မကန့်ကွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ရဲ့ လှုပ်ရှားမှုဟာ ဂုဏ်ယူဖွယ်ကောင်းကြောင်း ပြောကြားလိုပါ တယ်ခင်ဗျာ။
No comments:
Post a Comment