Saturday, March 7, 2020



နေပြည်တော်   မတ်   ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်းရှိ ကောင်းခါးကျေးရွာအုပ်စု လွယ်ခမ် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်နေရာများ၌ ဖေဖော်ဝါရီ ၂၈ ရက်မှ    မတ် ၄ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက     ငွေကျပ် ၉၃ ဘီလီယံကျော်တန်ဖိုးရှိ  မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိမှုနှင့်ပတ်သက်၍      မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံမှူးနှင့်     ဒုတိယစစ်သံမှူးများ၊ နိုင်ငံအလိုက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးအဖွဲ့များ၊   မြန်မာနိုင်ငံဆိုင်ရာ   မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့ဝင်များ နှင့်  ပြည်တွင်း ပြည်ပ  သတင်းမီဒီယာများ ပါဝင်သောအဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါ ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အဆိုပါ ကျေးရွာသို့  တပ်မတော်လေယာဉ်၊  ရဟတ် ယာဉ်များဖြင့် သွားရောက်သတင်းရယူကြသည်။ 

ရှင်းလင်းတင်ပြ

ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊  တိုင်းခန်းမ၌       ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်တိုးရီ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့်     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးဇော်လင်းတို့က မူးယစ် ဆေးဝါးသတင်း ဖော်ထုတ်ရရှိမှုအခြေအနေ၊ နယ်မြေလုံခြုံရေး/နယ်မြေစိုးမိုးရေး ဆောင် ရွက်ခဲ့သည့်အခြေအနေ၊ မြန်မာတစ်နိုင်ငံလုံး ၌ မူးယစ်ဆေးဝါးဖမ်းဆီးရရှိခဲ့မှုအခြေအနေ၊  အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ လက်နက် ကိုင်အဖွဲ့များနှင့် ဆက်စပ်ပတ်သက်မှုအခြေ အနေများအား ရှင်းလင်းတင်ပြကြပြီး နိုင်ငံခြား စစ်သံမှူးများ၊   ပြည်တွင်း ပြည်ပ သတင်း မီဒီယာများက  သိရှိလိုသည်များကို  မေးမြန်း ကြရာ     သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြေကြားကြသည်။ ထို့နောက် ခင်းကျင်းပြသ ထားသည့် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ဖြစ်စဉ် မှတ်တမ်းဓာတ်ပုံများအား    လိုက်လံကြည့်ရှု မှတ်တမ်းတင် သတင်းရယူကြသည်။

မွန်းလွဲပိုင်းတွင်      အဆိုပါအဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်များဖြင့်   ကွတ်ခိုင် မြို့နယ် ကောင်းခါးကျေးရွာအုပ်စု   လွယ်ခမ် ကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာဘောလုံး ကွင်း၌ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါး များ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား ကြည့်ရှုကြသည်။ 

အဆိုပါ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်   အသုံးပြု သည့်   ပစ္စည်းများနှင့်  ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှုအား နိုင်ငံအလိုက် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များ ဖြစ်ကြ သည့် DEA(USA)၊ ONCB( THAILAND)၊ NNCC (CHINA)၊AFP(AUSTRALIA) အဖွဲ့များနှင့်   ပြည်တွင်း ပြည်ပ သတင်းဌာနများမှ သတင်း သမားများက   လိုက်ပါသတင်းရယူခဲ့ကြပြီး  သတင်းရယူရေးအဖွဲ့သည်       တပ်မတော် လေယာဉ်ဖြင့် ညနေပိုင်းတွင် ရန်ကုန်မြို့သို့  ပြန်လည်ရောက်ရှိခဲ့ကြကြောင်း  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။                    

သတင်းစဉ်
ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး

No comments:

Post a Comment