Monday, March 9, 2020

ဗြိတိန်နိုင်ငံရှိအထင်ကရနေရာများနှင့် ရုပ်တုများ အပိုင်း(၂)



စာဆိုတမန်
---------------
(၂ -၃-၂၀၂၀ ရက်နေ့မှ အဆက်)

၂၇။ လန်ဒန်တံတား (London Bridge)
လန်ဒန်တံတားသည် လန်ဒန်မြို့ကို ဖြတ်သန်း စီးဆင်းသည့် သိမ်းမြစ်ကိုဖြတ်၍ ဆောက်ထားသော တံတားတစ်စင်းဖြစ်သည်။ အဆိုပါ တံတားသည် လန်ဒန် မြို့လယ်တွင်တည်ရှိပြီး  Railway Bridge နှင့်  Tower Bridge ကြားတွင် တည်ရှိသည်။ တံတားတောင်ဘက်တွင် Southwark Cathedral ဘုရားကျောင်းနှင့်  London Bridge ဘူတာရုံတို့ တည်ရှိသည်။ မြောက်ဘက်တွင် Great Fire of London   အထိမ်းအမှတ်ကျောက်တိုင်နှင့်  Monument ဘူတာရုံတို့ တည်ရှိသည်။

တံတားကို ၁၇၂၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး    တံတား တည်ရှိသောနေရာသည်    လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ရောမလူမျိုးများ ဝင်ရောက်နေထိုင်ခဲ့သော နေရာဒေသတစ်ခု ဖြစ်ခဲ့သည်။ အေဒီ ၅၀ ခန့်က ရောမ လူမျိုးများသည် လှေများကို  တစ်စင်းနှင့်တစ်စင်း ဆက်သွယ်ပြီး သိမ်းမြစ်ကိုဖြတ်၍ တံတားအဖြစ် အသုံးပြု ခဲ့ကြသည်။ အေဒီ ၅၉ ခန့်တွင် အုတ်တိုင်များစိုက်ထူကာ တံတားအဖြစ် တည်ဆောက်ခဲ့ပြီး ၎င်းတို့သည် တံတား အနီးတွင် စတင်အခြေချနေထိုင်ခဲ့ကြသည်။ အေဒီ ၆၀ ခန့်တွင် Britons လူမျိုးစုခေါ် Celtic Iceni လူမျိုးများ၏ ဘုရင်မ Boudicea က  ဦးဆောင်၍ တံတားကို ဖျက်ဆီးခဲ့ပြီး အဆိုပါနေရာကို  သိမ်းပိုက်ခဲ့သည်။ သို့သော် Queen Boudicea ၏ သားလက်ထက်တွင် စစ်ရှုံးပြီး အဆိုပါ နေရာအား ရောမလူမျိုးများက ပြန်လည်သိမ်းပိုက်ကာ မြို့သစ်တည်ဆောက်ခဲ့ကြသည်။ 

အေဒီ ၂ ရာစုတွင် ကျန်ရှိသော ရောမလူမျိုးတို့က အဆိုပါတံတားကို   ပြန်လည်ပြုပြင် တည်ဆောက် ခဲ့ကြပြီး  Stane Street  နှင့် Watling Street တို့ကို ဆက်သွယ်ထားခဲ့ကာ  ထိုအချိန်က တံတားကို ရိုမန် တံတားဟု ခေါ်ဆိုခဲ့သည်။ အေဒီ ၁၃၀၅ တွင် နာမည်ဆိုး ဖြင့် ကျော်ကြားသူများက သစ္စာဖောက်တို့၏ ဦးခေါင်းများ ကို ချွန်ထက်သောအရာများဖြင့် ထိုးဖောက်သုတ်သင်ခဲ့ပြီး တောင်ဘက်ဂိတ်အစောင့်များ  စခန်းချရာ ဂိတ်အဝင်၊ အထွက်လမ်းရှိ ကတ္တရာများအတွင်းသို့ ဦးခေါင်းခွံများကို မြှုပ်နှံခဲ့ကြသည့် ဓလေ့တစ်ခုထွန်းကားခဲ့သည်။ အေဒီ ၁၆၆၀  ခန့်တွင်  ထိုဓလေ့မှာ  ကွယ်ပျောက်ခဲ့သည်။ ထို့နောက် တံတားကို ၁၈၃၁ ခုနှစ်တွင် ဖြိုချခဲ့ပြီး အသစ် တစ်စင်း ထပ်မံတည်ဆောက်ခဲ့ပြန်သည်။

အေဒီ ၁၇၅၀ ၌  Westminster  တံတားတည် ဆောက်ပြီးစီးသည့်အချိန်တွင်    အဆိုပါတံတားသည် ပုံစံသာကျန်ရှိပြီး   အသုံးပြု၍  မရတော့ပေ။  ၁၉၇၆ ခုနှစ်တွင်  တစ်စစီဖြိုချပြီး   ခေတ်မီပုံစံတံတားအဖြစ်  ပြန်လည်တည်ဆောက်ခဲ့ကာ လန်ဒန်တံတားဟု အမည် ပေးခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

၂၀၁၂  ခုနှစ်  ဇွန်လ အဲလီဇဘက်  ဘုရင်မကြီး၏ စိန်ရတုမွေးနေ့အခမ်းအနားတွင်  အဆိုပါ  တံတားကို သမိုင်းဝင်တံတားတစ်စင်းအဖြစ်  ဂုဏ်ပြုသတ်မှတ်ခဲ့ သည်။  ယခုအခါ လန်ဒန်တံတားသည်   ဗြိတိန်နိုင်ငံ၏ ဂုဏ်ယူဖွယ်တံတားတစ်စင်းဖြစ်ပြီး   နေ့စဉ် အဆိုပါ တံတားပေါ်မှ  ယာဉ်မျိုးစုံ ဖြတ်သန်းသွားလာလျက်ရှိကာ လန်ဒန်မြို့၏ ပို့ဆောင်ရေးကဏ္ဍတွင် အားထားရသော တံတားတစ်စင်းဖြစ်သည်။  ယခုကဲ့သို့  သမိုင်းကြောင်း ရှည်ကြာစွာ   အဆင့်ဆင့်တည်ရှိနေသော   လန်ဒန် တံတားကို  မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအရပ်ရပ်မှ ခရီးသွားများအနေဖြင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ရောက်ရှိ သည့်အခါ သွားရောက်လေ့လာ ကြည့်ရှုသင့်သော နေရာ တစ်ခု ဖြစ်ပါသည်။
၂၈။ မျှော်စင်တံတား (Tower Bridge )
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ     မျှော်စင်တံတားသည် သိမ်းမြစ်ကိုဖြတ်၍   တည်ဆောက်ထားပြီး လန်ဒန်မြို့၏ အထင်ကရသင်္ကေတတစ်ခုလည်း         ဖြစ်သည်။    မျှော်စင်တံတားကို ၁၈၈၆ ခုနှစ်နှင့် ၁၈၉၄ ခုနှစ်အကြားတည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။   တံတားအရှည်မှာ ၈၀၁ ပေ (၂၄၄မီတာ)ဖြစ်ပြီး အကျယ်မှာ ပေ ၂၇၀ (၈၂ ဒသမ ၃ မီတာ) ရှိ၍ အမြင့်မှာ ၂၁၃ ပေ (၆၅ မီတာ) ရှိသည်။ တံတားအမျိုးအစားမှာ ခေါက်တံတား  နှစ်ပိုင်းခြမ်း၍ ရသော တံတားအမျိုးအစား ဖြစ်သည်။  ယင်းသို့ ခေါက်၍ အတင်၊  အချပြုလုပ်နိုင်ရန်အတွက်   လောင်စာဆီနှင့် လျှပ်စစ်စွမ်းအားအသုံးပြုမှုကို ၁၉၇၆ ခုနှစ်အထိ အသုံးပြု ခဲ့ပါသည်။ ယခုလက်ရှိတွင် ရေအားဖြင့် အသုံးပြုမောင်းနှင် လျက်ရှိသည်။    မူလက   မောင်းနှင်အသုံးပြုခဲ့သည့် ကိရိယာများကို  Tower Bridge’s Engine Room တွင် ပြသထားသည်။   တာဝါတိုင်နှစ်ခုမှ  သံမဏိကြိုးများဖြင့် ဆိုင်းထားပြီး တံတားပေါင်များကို  သံမဏိတန်ချိန်  ၁၀၀၀၀ ဖြင့်    တည်ဆောက်ထားကာ         ဆောက်လုပ်ချိန်တွင် တစ်နေ့လျှင်   ဆောက်လုပ်ရေးအလုပ်သမားဦးရေ ၄၃၂ ဦးဖြင့် တည်ဆောက်ခဲ့သည်။     တံတား၏   အဓိကလမ်းမမှာ မော်တော်ယာဉ်များ     ဖြတ်သန်းသွားလာနိုင်သည့်လမ်း ဖြစ်ပြီး တစ်ဖက်တစ်ချက်တွင် လူသွားလမ်းများ ထည့်သွင်း တည်ဆောက်ထားပါသည်။  
တံတားကို ၁၈၉၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့်အတွက်   တံတား၏သက်တမ်းမှာ ၁၂၅ နှစ်  ရှိပြီဖြစ်သည်။   တံတား၏ မူလအရောင်မှာ ချောကလက် အညိုရောင်ဖြစ်ပြီး   Queen Elizabeth II ၏ ငွေရတုအထိမ်းအမှတ်အဖြစ် အနီရောင်၊ အဖြူရောင်နှင့် အပြာရောင်တို့ဖြင့်  ထပ်မံဖြည့်စွက်ခြယ်သထားသည်။ ၁၉၁၀ ပြည့်နှစ်တွင် တံတားအတွင်း၌ ပြခန်းများ ဖွင့်လှစ်၍ ပထမဦးဆုံး  ပြည်သူများ  လေ့လာနိုင်ရန်ဖွင့်လှစ်ခဲ့သည်။ မျှော်စင်တံတားသည်        ထင်ရှားကျော်ကြားသော သမိုင်းကြောင်းရှိ၍ ကမ္ဘာပေါ်တွင် ခန့်ညားကြီးမားသည့် တံတားကြီးအဖြစ်  တွေ့မြင်ရမည်ဖြစ်သည်။  အချို့သော ကမ္ဘာလှည့်ခရီးသွားများသည်      မျှော်စင်တံတားကို လန်ဒန်တံတားနှင့် မှားယွင်းလေ့ရှိကြသည်။

၂၉။ ဗြိတိသျှပြတိုက် (British Museum)
ကမ္ဘာ့အကောင်းဆုံး ပြတိုက်များတွင် တစ်ခုအဖြစ် အများက အသိအမှတ်ပြုထားသည့် ဗြိတိသျှပြတိုက်သည် လန်ဒန်မြို့တွင် အထင်ကရပြတိုက်တစ်ခု ဖြစ်သည်။ လူ့သမိုင်းဖြစ်စဉ်များ၊ အနုပညာဖန်တီးမှုများနှင့် ရိုးရာယဉ်ကျေးမှုများအကြောင်းကို        လူ့ယဉ်ကျေးမှု စတင်ချိန်မှ ယနေ့အထိ စုပေါင်းပြသထားလျက်ရှိပြီး အမျိုးအမည်စုံလင်စွာဖြင့် ပစ္စည်းပေါင်း ရှစ်သန်းခန့်ကို ပြခန်းပေါင်း ၉၄ ခုခွဲ၍ ပြသထားသည်။ 

၁၇၅၃ ခုနှစ်တွင် အိုင်းရစ်လူမျိုး ရူပဗေဒ  သိပ္ပံ ပညာရှင် Sir Hans Sloane ၏ စုဆောင်းမှုများ စတင်ခဲ့ရာ ၁၇၅၉ ခုနှစ်မှစ၍ အများပြည်သူအတွက် ဖွင့်လှစ်ပြသ ခဲ့သည်။ ထို့ကြောင့် သက်တမ်းအားဖြင့် ၂၆၆ နှစ်ကျော် ရှိပြီး သက်တမ်းတစ်လျှောက်   တိုးချဲ့မှုများကြောင့် ယခုအခါ  ပြတိုက်ခွဲပေါင်းများစွာ  ဖွင့်လှစ်ထားသည်။ ပထမဆုံးသော ပြတိုက်ခွဲမှာ ၁၈၈၁ ခုနှစ်တွင် တည် ထောင်ခဲ့သည့် နာမည်ကျော် Natural History Museum ပင် ဖြစ်သည်။ 

တစ်ချိန်က ဗြိတိသျှအင်ပါယာ ထူထောင်ထားနိုင် သည့် ကာလဖြစ်ခဲ့သည့် အားလျော်စွာ ကမ္ဘာအရပ်ရပ်မှ အဖိုးတန်အနုပညာလက်ရာများစွာနှင့်     ရှေးဟောင်း အမွေအနှစ်များကို စုဆောင်းပြသထားနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ကမ္ဘာ့ပထမဆုံးသော အမျိုးသားပြတိုက် ဖြစ်ခဲ့သည်။ 
ပြတိုက်ကြီးရှိ ထင်ရှားသော ရှေးဟောင်းလက်ရာ များမှာ ဂရိနိုင်ငံမှ Elgin Marbles ၊ အီသီယိုးပီးယားနိုင်ငံမှ Ethiopian Tabots၊ အီဂျစ်နိုင်ငံမှ မံမီရုပ်အလောင်းနှင့် Rosetta Stones၊  ဘီနင်နိုင်ငံမှ Benin Bronzes စသည် တို့မှာ လာရောက်လည်ပတ်သူတိုင်းကို ဆွဲဆောင်နိုင်သည့်  အဓိကပြကွက်များဖြစ်သည်။  အဆိုပါပြကွက်များသည် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့်     ရှေးဟောင်း လက်ရာများဖြစ်သည့်အလျောက် မူလပထမနိုင်ငံများ နှင့်လည်း အငြင်းပွားဖွယ်များနှင့် မကျေချမ်းမှုများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။  ထို့ပြင် မြန်မာ နိုင်ငံမှ ရှေးဟောင်းအနုပညာများဖြစ်သော အုတ်ခွက် ဘုရား၊ ဆင်းတုတော်၊ ရုပ်ပွားတော်၊ ယွန်းထည်၊ ဒင်္ဂါးပြား စသည့် ပစ္စည်းများလည်း စုဆောင်းပြသထားသည်။ 

ပြတိုက်ကြီးသို့   နှစ်စဉ်လာရောက်လည်ပတ်သူ ခြောက်သန်းခန့်ရှိပြီး ယခင်နှစ်    ၂၀၁၈ ခုနှစ်အတွင်း  ၅ ဒသမ ၈ သန်းကျော်ရှိခဲ့သည်။ 
၃၀။ ရှိတ်(စ်)စပီးယားဂလုတ်(ဘ်) (Shakespeare's Globe)
ရှိတ်(စ်)စပီးယားဂလုတ်(ဘ်) သည်    လန်ဒန်မြို့ သိမ်းမြစ်ကမ်းဘေးတွင်တည်ရှိပြီး     ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့်  အနုပညာနှင့်   ယဉ်ကျေးမှု ဖျော်ဖြေပွဲများ၊ ပညာရေးစင်တာအဖြစ် ထင်ရှားသည့် Open Theatre  နေရာတစ်ခုဖြစ်သည်။  ပြဇာတ်ရေး ဆရာနှင့် ကဗျာဆရာဖြစ်သူ ဝီလီယံရှိတ်(စ်)စပီးယား၏ ကမ္ဘာပေါ်တွင် ပြောင်းလဲမှုများ ဖန်တီးနိုင်ခဲ့သည့် ပြဇာတ် များကို  ဖျော်ဖြေရေး      Open Air ပြဇာတ်များအား   ကပြဖန်တီးပြသလျက်ရှိသည်။   

၁၅၉၉ ခုနှစ်တွင် ရှိတ်(စ်)စပီးယားမှ ပြဇာတ်များ ရေးသားပေးသည့် ၎င်း၏ ပြဇာတ်ကုမ္ပဏီ The Lord Chamberlain's Men နှင့်အတူ Globe Theatre ကို စတင်တည်ဆောက်ခဲ့သော်လည်း ၁၆၁၃ ခုနှစ် မီးလောင် စဉ်အတွင်း ပျက်စီးသွားခဲ့သည်။  ထို့နောက် ၁၆၁၄ ခုနှစ်တွင် ဒုတိယအကြိမ် Globe Theatre ကို ယင်းနေရာ တွင်ပင် တည်ဆောက်ခဲ့သော်လည်း ၁၆၄၂ ခုနှစ်တွင် ပိတ်သိမ်းခဲ့ရသည်။ လက်ရှိ ရှိတ်(စ်)စပီးယားဂလုတ်(ဘ်) သည် အမေရိကန် ဒါရိုက်တာဖြစ်သူ Sam Wanamaker က ၁၉၇၀ ပြည့်နှစ်အတွင်း Shakespeare’s Globe Trust အဖွဲ့ ဖွဲ့စည်းကာ Authentic Elizabethan theatre ပုံတူ  ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ရှိတ်(စ်)စပီးယားဂလုတ်(ဘ်)အမည်ဖြင့် မြေပြင် မှ မီတာ ၂၃၀ အမြင့်ရှိ  အဆောက်အဦကို ဖွင့်လှစ်ခဲ့  သည်။ Globe Theatre ကို အဝေးမှလှမ်းကြည့်လျှင် စက်ဝိုင်းပုံသဏ္ဌာန်မြင်တွေ့ရသည့် သစ်သားများဖြင့် တည်ဆောက်ထားသဖြင့် The Wooden O ဟုလည်း လူများက သိရှိကြသည်။

၃၁။ စိန့်ပေါဘုရားရှိခိုးကျောင်း (St Paul’s Cathedral)
ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် စိန့်ပေါ ဘုရားရှိခိုးကျောင်းသည် လန်ဒန်မြို့၏ အမြင့်ဆုံးနေရာ ဖြစ်သည့် Ludgate Hill ပေါ်တွင်တည်ရှိပြီး အလှဆုံးနှင့် လက်ရာအမြောက်ဆုံး ဘုရားရှိခိုးကျောင်းအဖြစ်လည်း ကောင်း၊     အထင်ကရမိုးမျှော်အဆောက်အဦအဖြစ် လည်းကောင်း တည်ရှိပါသည်။ ဘုရားကျောင်းကို  အေဒီ ၆၀၄ ခုနှစ်တွင်   သစ်သားဖြင့် စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး    တမန်တော်စိန့်ပေါအားရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ သမိုင်းတစ်လျှောက်တွင် သဘာဝဘေးနှင့် စစ်ပွဲများကြောင့် လေးကြိမ်တိုင်တိုင် အကြီးအကျယ် ပျက်စီးခဲ့ရသည်။ ယနေ့တွေ့မြင်ရသည့် ဘုရားကျောင်းသည် ၁၆၇၅ ခုနှစ်မှ ၁၇၁၁ ခုနှစ်အတွင်း ဗြိတိန်နိုင်ငံ၏  အကျော်ကြားဆုံး  ဗိသုကာပညာရှင်  Sir Christopher Wren   က    ပြန်လည်ဒီဇိုင်းရေးဆွဲကာ တည်ဆောက်ထားခြင်းဖြစ်ပြီး ၎င်း၏ လက်ရာအမြောက်ဆုံး အဆာက်အဦလည်း ဖြစ်သည်။ ၂၀ ရာစု အကုန်ပိုင်းတွင် လည်း ၁၅ နှစ်ကြာ ပြန်လည်မွမ်းမံပြင်ဆင်မှုများ ပြုလုပ် ခဲ့သည်။ 
ဘုရားရှိခိုးကျောင်း၏ ထင်ရှားသည့် အစိတ်အပိုင်းမှာ ကမ္ဘာကျော် အမိုးခုံး (Dome) ဖြစ်ပြီး သုံးလွှာဖြင့် တည် ဆောက်ထားသည်။  လည်ပတ်သူများအနေဖြင့် အမိုးခုံး ပေါ်သို့ တက်ရောက်နိုင်ပြီး လန်ဒန်မြို့၏ ရင်သပ်ရှုမောဖွယ် ရှုခင်းကို ကျော်ကြားသည့် Golden Gallery မှ ကြည့်ရှုနိုင် မည်ဖြစ်သည်။ ထိုမှ နောက်တစ်ဆင့် Stone Gallery မှလည်း  လန်ဒန်မြို့၏အလှကို  ခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် Whispering Gallery မှနေ၍ အတွင်းဘက် အကျဆုံး အမိုးခုံးအား တွေ့မြင်ရမည်ဖြစ်ပြီး ရင်သပ်ရှုမော ဖွယ် ဆေးရေးပန်းချီများ၊ ကျောက်ပြားပေါ်တွင် ရေးဆွဲ ထားသည့် အနုပညာလက်ရာများကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။ 
ထို့အပြင် ဘုရားကျောင်းအတွင်း၌   မြေအောက် သင်္ချိုင်းကို တည်ဆောက်ထားပြီး    Trafalgar တိုက်ပွဲတွင် အနိုင်ရရှိခဲ့သည့်   ရေတပ်ဗိုလ်ချုပ်ကြီး   Lord Horatio Nelson၊  ဝယ်လင်တန်မြို့စားကြီးနှင့်  ဘုရားကျောင်း တည်ဆောက်သူ Sir Christopher Wren စသည့် သူရဲ ကောင်းများ၊ ပန်းချီ၊ ပန်းပု အနုပညာရှင်များ၊ ပညာရှင်များ၏ ရုပ်အလောင်းများကို  မြှုပ်နှံထားကြောင်း သိရသည်။ 

ဘုရားကျောင်း၌   အသုဘအခမ်းအနားများနှင့် မင်္ဂလာပွဲများလည်း ပြုလုပ်လေ့ရှိရာ အဆိုပါအခမ်းအနား များအနက် ကမ္ဘာကျော် ဗြိတိသျှဝန်ကြီးချုပ်များဖြစ်သည့် ဝင်စတန်ချာချီနှင့် မာဂရက်သက်ချာ၏ အသုဘအခမ်း အနားများ၊ ချားလ်မင်းသားနှင့် ဒိုင်ယာနာမင်းသမီးတို့၏ မင်္ဂလာပွဲကို ဘုရားကျောင်း၌ ပြုလုပ်ခဲ့သည်။ 

ကမ္ဘာတစ်ဝန်းရှိ   ပန်းချီပညာရှင်များနှင့်  ဓာတ်ပုံ ပညာရှင်များသည် ၁၁၁ မီတာမြင့်မားသည့် ဘုရားကျောင်း ကြီးကို  ရေးဆွဲ၍လည်းကောင်း၊ ဓာတ်ပုံများဖြင့်လည်း ကောင်း မှတ်တမ်းတင်ကြပြီး လန်ဒန်မြို့၏ အရေးကြီးသည့် သမိုင်းဝင်အဆောက်အဦအဖြစ် တည်ရှိလျက်ရှိသည်။
၃၂။ ဟမ်တန်ကုပ်နန်းတော် (Hampton Court Palace)ဟမ်တန်ကုပ်နန်းတော်သည်       လန်ဒန်မြို့၏ အနောက်တောင်ဘက် Borough of Richmond, Surrey အရပ်၌   ဖြတ်သန်းစီးဆင်းလျက်ရှိသည့်    Thames မြစ်ကမ်းပေါ်တွင်   ခန့်ညားသာယာလှပစွာ တည်ရှိ သည်။ လန်ဒန်မြို့မှ ၁၂  မိုင်ခန့်ကွာဝေးပြီး   ကားဖြင့် လည်းကောင်း၊ Southern railway line တစ်ခုဖြစ်သည့် ဟမ်တန်ကုပ်ရထားဖြင့်လည်းကောင်း    သွားရောက် လည်ပတ်နိုင်သည်။

၁၆ ရာစု၌ အင်္ဂလိပ် Tudor မင်းဆက်မှ Henry VIII (၁၅၀၉-၄၇) ဘုရင် စိုးစံခဲ့သည့် နန်းတော်ဖြစ်ခဲ့ပြီး Henry VIII ဘုရင်သည် တန်ခိုးသြဇာ ထက်မြက်သူ တစ်ဦးဖြစ်သကဲ့သို့ အင်္ဂလိပ်ဘုရင်များထဲတွင် မိဖုရား ခြောက်ဦးအထိ အများဆုံးလက်ထပ်ယူခဲ့သူဖြစ်ခဲ့ရာ  ၎င်းနန်းတော်နှင့်ပတ်သက်သည့်    ကြေကွဲဝမ်းနည်း  ဖွယ်ရာနှင့် ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ပဒေသရာဇ်ခေတ်၏ သမိုင်းနောက်ခံ   ရာဇဝင်ဇာတ်လမ်းများစွာရှိခဲ့သည့် သမိုင်းဝင်အဆောက်အဦတစ်ခု ဖြစ်သည်။ Henry VIII ဘုရင်သည် မိဖုရားခြောက်ဦးအနက် Anne Boleyn နှင့် Catherine  Howard တို့ကို ကွပ်မျက်ခဲ့ရာ ယင်းမိဖုရား များ၏ဝိညာဉ်များ ယခုတိုင် နန်းတော်၌ ခြောက်လှန့် နေဆဲဖြစ်သည်ဟုလည်း ယုံကြည်ပြောဆိုကြသူများ ရှိကြသည်။   အဆိုပါ နန်းတော်နေရာကို Henry VIII ၏ မင်းတိုင်ပင်ခံ အမတ်ချုပ်ဖြစ်သူ Thomas Wolsey, Archbishop  of  York  က  ၁၅၁၄ ခုနှစ်တွင် စတင်တွေ့ရှိ ခဲ့သည်။  Henry VIII ဘုရင်လွန်ခဲ့ပြီးနောက်  သားဖြစ်သူ  Edward VI၊ သမီးကြီးဖြစ်သူ Queen Mary I၊ ယင်းနောက် Queen  ElizabethI  တို့  အစဉ်အဆက်စိုးစံခဲ့ကြပြီး    နန်းတော်ကို          တိုးချဲ့ပြင်ဆင်ဆောက်လုပ်မှုများ  ပြုလုပ်ခဲ့ကြသည်။ 

နန်းတော်ပရဝဏ်အတွင်း စပျစ်ပင်များ၊  အလှ ပန်းမန်များဖြင့် သာယာလှပသည့် ပန်းဥယျာဉ်နှင့် ဝင်္ကပါ မှာ  လာရောက်လည်ပတ်သူများကို  အဓိကဆွဲဆောင်မှု အရှိဆုံးဖြစ်သည်။ ယင်းအပြင် လာရောက်လည်ပတ်သူ မိသားစုဝင်ကလေးများအတွက် Magic Garden တစ်ခုကို လည်း  လက်ရှိမင်းသား William ၏ ဇနီးဖြစ်သူ Duchess of  Cambridge Kate Middleton က  ၂၀၁၆  ခုနှစ်တွင်  ဖွင့်လှစ်ပေးခဲ့သည်။   နန်းတော်အတွင်း Henery’s Great Hall, Haunted Gallery, Tudor Kitchens, Baroque palace နှင့် ပန်းဥယျာဉ်များ မှာ   လေ့လာကြည့်ရှုသင့်သည့်   နေရာများဖြစ်သည်။ ဟမ်တန်ကုပ်နန်းတော်၏ နှစ်စဉ် ကျင်းပနေကျပွဲတော်နှစ်ခုဖြစ်သည့် ပန်းပြပွဲနှင့် တေးဂီတ ဖျော်ဖြေပွဲများကို ပုံမှန်ကျင်းပလေ့ရှိသည်။ 

 (ဆက်လက်ဖော်ပြပါမည်)


No comments:

Post a Comment