Monday, March 9, 2020

အလှဆင်လိုသည့် စိတ်နှလုံးများဖြင့် စုပေါင်းဖန်တီးထားသည့် ဥယျာဉ်များ

 
မြန်မာ့အလင်းအယ်ဒီတာအာဘော်
 


 
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်းကြား (အောက်ဘလောက်)တွင် “အားလုံးအတူတကွ ပူးပေါင်းပါဝင် သော လူမှုဝန်းကျင်” အမည်ရှိ ခေါင်းစဉ်ဖြင့် ဖန်တီးပုံဖော်ထား သည့် နောက်ဖေးလမ်းကြားဥယျာဉ်တစ်ခုကို ဖွင့်လှစ်လိုက်ရာ ရန်ကုန်မြို့တွင် နောက်ဖေးလမ်းကြားဥယျာဉ် စုစုပေါင်း ၁၁ ခု ရှိလာပြီဖြစ်သည်။ ယင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဒို့အိမ်အဖွဲ့၊ ရပ်ကွက်နေပြည်သူများ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးသူများနှင့် အလှူရှင်တို့၏ ပူးပေါင်းအကောင်အထည် ဖော်မှုများမှ ပေါ်ထွက်လာသည့် ရလဒ်များပင်ဖြစ်သည်။
ယနေ့တွေ့မြင်နေရသည့် ရန်ကုန်မြို့ကို အင်္ဂလိပ် - မြန်မာ ဒုတိယစစ်ပွဲအပြီး မြန်မာနိုင်ငံအောက်ပိုင်း ကိုလိုနီဘဝသို့ ကျရောက်ခဲ့ရပြီးနောက် အင်္ဂလိပ်တို့က ပြန်လည်တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့တော် ပြန်လည်တည်ဆောက်ရေးကို ဒေါက်တာ မောင်ဂိုမာရီက ဦးဆောင်စီမံဆောင်ရွက်ခဲ့ပြီး ရန်ကုန် မြို့တည်ဆောက်ပုံအတိုင်း စင်ကာပူကိုပါ တည်ဆောက်ခဲ့သည်။ ရန်ကုန်မြို့၏ လမ်းမကြီးများနှင့် လမ်းသွယ်များကို စစ်တုရင် ကွက် (Chess Board Pattern) ပုံစံရေးဆွဲခဲ့ပြီး ရေဆိုးထုတ် မြောင်းများကို သေချာစွာ စနစ်တကျ ဖောက်လုပ်ထားကာ အရိပ်ရသစ်ပင်များကိုလည်း အတန်းလိုက် အစီအစဉ်ကျနစွာ စိုက်ပျိုးခဲ့သည်ဟု မှတ်တမ်းများက ဆိုသည်။ ရန်ကုန်မြို့ သန့်ရှင်းလှပရေးအတွက် တံမြက်လှည်းဝန်ထမ်းများကို မဒရပ်၊ ကာလကတ္တားမြို့များမှ ဝန်ထမ်းများခေါ်ယူခန့်အပ်ခဲ့ပြီး လှပ သော မြို့ရန်ကုန်၏ လမ်းသွယ်တိုင်းမှာ ရေနံဆီမီးစာသုံးဖန်မီးအိမ်လေးများ ထွန်းညှိလျက် ညအချိန်တွင် မီးရောင်တထိန်ထိန် နှင့် ရှိခဲ့သည်ဟုလည်း ဆိုသည်။
အရှေ့တိုင်းတွင် လှပသောမြို့တစ်မြို့အဖြစ် ဂုဏ်သတင်း ထင်ရှားခဲ့သည့် ရန်ကုန်မြို့မှာ ဒုတိယကမ္ဘာစစ်ကြီး၏ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရပြီး စစ်ပြီးခေတ်၌လည်း မြန်မာနိုင်ငံ ဒေသအသီးသီးမှ ဝင်ရောက် နေထိုင်လာကြသူအမြောက်အမြားနှင့် မြို့လယ်ဒေသများ၌ပါ ကျူးကျော်ရပ်ကွက်ကြီးများ ပေါ်ပေါက် လာကာ အကျည်းတန်အရုပ်ဆိုးခဲ့ရသည်။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စီးပွားရေးအချက်အချာမြို့လည်း ဖြစ်လာသည့် အလျောက် လူဦးရေထူထပ်သိပ်သည်းလာသည်နှင့်အမျှ မြို့ပြ ဆိုင်ရာ စိန်ခေါ်မှုများစွာ၊ ပြဿနာများစွာတို့ ကြုံတွေ့လာရသည်။ ရန်ကုန်မြို့ပြ၏ စိန်ခေါ်မှုများအနက် အဓိကကျသော စိန်ခေါ်မှု တစ်ခုဖြစ်သည့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများနှင့် ညစ်ပတ် နံစော်နေသည့် နောက်ဖေးလမ်းကြားများ ပြဿနာမှာ နှစ်ပေါင်း များစွာကတည်းကပင် ရှိနေခဲ့ခြင်းဖြစ်သည်။ နောက်ဖေး လမ်းကြားကို ကျောခိုင်းထားသည့် နေအိမ်တိုက်ခန်းများမှ သူပစ် ကိုယ်ပစ်နှင့် စည်းကမ်းမဲ့စွာ အလွယ်တကူစွန့်ပစ်လိုက်သည့် အမှိုက်များစွာတို့က ကာလကြာမြင့်သည်နှင့်အမျှ တန်ချိန်များစွာ၊ တောင်ပုံ ရာပုံဖြစ်လာပြီး ခြင်၊ ယင်၊ ကြွက်၊ ပိုးဟပ်၊ ပုရွက်ဆိတ်တို့ ခိုအောင်းသည့်နေရာ၊ အနံ့အသက်ဆိုးများနှင့် အညစ်အကြေး များကြောင့် ရောဂါပိုးမွှားများစွာ ပေါက်ဖွားနိုင်သည့်နေရာများ ဖြစ်နေခြင်းပင် ဖြစ်သည်။
ယင်းကဲ့သို့သော နောက်ဖေးလမ်းကြားများကို သန့်ရှင်း စင်ကြယ်စေကာ သစ်ပင်ပန်းမန်များ၊ ဆေးရောင်စုံနံရံပန်းချီများ နှင့် တင့်တယ်လှပစေပြီး ကလေးများ ဘေးရန်ကင်းစွာဆော့ကစား နိုင်သည့်နေရာ၊ လူကြီးများ ကိုယ်လက်လှုပ်ရှားအပန်းဖြေနိုင် သည့် နေရာများဖြစ်လာအောင် ‌ပြောင်းလဲဖန်တီးကြရာတွင် လောကကို အလှဆင်လိုသည့် စိတ်နှလုံးများဖြင့် စုပေါင်းဖန်တီး ကြရခြင်းဖြစ်သည်ဟု ယုံကြည်မိသည်။ ဖန်တီးပုံဖော်ဖွင့်လှစ် ထားပြီးဖြစ်သည့် နောက်ဖေးလမ်းကြားဥယျာဉ်များ နောင် အစဉ်အဆက် ဆက်လက်တည်တံ့ရေး၊ နောက်‌ဖေးလမ်းကြား ဥယျာဉ်သစ်များစွာ မြို့လုံးကျွတ်ဖန်တီးပုံဖော်နိုင်ရေးတို့တွင် လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဒို့အိမ် အဖွဲ့၊ ရပ်ကွက်နေပြည်သူများ၊ အလှူရှင်များ ဆက်လက်ပူးပေါင်း အကောင်အထည်ဖော်နိုင်ကြပါစေရန်လည်း ဆန္ဒမွန်ပြုအပ် ပါကြောင်း။ ။

No comments:

Post a Comment