Saturday, March 7, 2020

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြား


နေပြည်တော်   မတ်   ၆

ယနေ့ကျင်းပသည့်  ဒုတိယအကြိမ်  အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်း ခြင်းနှင့် ဖြေကြားခြင်း၊ အဆိုတစ်ခု တင်သွင်း၍ လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

ကျေးရွာ(၂)ရွာကို ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်မှ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းသို့ ထည့်သွင်းပြီး နယ်နိမိတ်ပြင်ဆင်သတ်မှတ်ရန် လိုအပ်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်
အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာ အားကာမိုး၏ ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်၏ သာမိုးတောင်ကျေးရွာအုပ်စုအတွင်းရှိ ကယ်ပယ်ကျေးရွာနှင့် ထမုံကျေးရွာအုပ်စု အတွင်းရှိ ခပေါင်းပင်ကျေးရွာ (ဒေသအခေါ်အဝေါ် ထမုံဥယျာဉ်ကျေးရွာ)နှစ်ရွာ ကို ၂၀၁၈ ခုနှစ် ပြည်ထဲရေးမှတ်တမ်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်၏ ကျွဲရိုင်းပြင်ကျေးရွာအုပ်စုသို့  ဖွဲ့စည်းထည့်သွင်းခြင်းအား ပြန်လည် ပြင်ဆင်သတ်မှတ်ပေးနိုင်ခြင်း   ရှိ/မရှိ   သိရှိလိုခြင်း      မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က အဆိုပါ ကျေးရွာ (၂)ရွာကို ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်မှ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းသို့ ထည့်သွင်းပြီး နယ်နိမိတ်ပြင်ဆင်သတ်မှတ်ရန် လိုအပ်မည်ဆိုပါက ယင်းနယ်နိမိတ်နှင့် အကျုံးဝင်သော မြို့နယ်အတွင်း နေထိုင် ကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒသဘောထားကိုရယူခြင်း၊ ယင်းမြို့နယ် အတွင်း နေထိုင်ကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံချက်၊  လွှတ်တော်အဆင့်ဆင့်ရှိ  လွှတ်တော်ကိုယ်စားလှယ်များ၏ လေးပုံသုံးပုံနှင့်အထက် ထောက်ခံဆန္ဒမဲ သဘောတူညီချက်စသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၏ နယ်မြေခံ ခြေမြန်တပ်ရင်းမှ သိမ်းဆည်းထားသော မြေတချို့ကို ပြန်လည် စွန့်လွှတ်ပေးရေးကိစ္စနှင့် စပ်လျဉ်း၍ သိရှိလိုသည့်မေးခွန်းကို ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ကျိုင်းတုံမြို့နယ် ယန်းလော ကျေးရွာအုပ်စု ဝေါ်ခုတ်ကျေးရွာရှိ နယ်မြေခံ ခြေမြန်တပ်ရင်း၏ တပ်ပိုင်မြေများ အား   တပ်မြေသိမ်းဆည်းရေး   ခွင့်ပြုမိန့်များရရှိခဲ့ပြီး တပ်ပိုင်မြေအတွင်းမှ မြေဧရိယာ (၂)ဧကအား ပြန်လည်စွန့်လွှတ်ပေးခဲ့ပါကြောင်းနှင့် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းစဉ်ကပင် လယ်မြေ၊ မြေလွတ်မြေရိုင်း၊ သုသာန်မြေနှင့် လမ်းမြေတို့ ပါဝင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါမြေနေရာသည် နယ်မြေခံခြေမြန် တပ်ရင်း၏ လက်ရှိတပ်ပိုင်မြေတွင်ပါဝင်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ မြေဧရိယာ ဧက ၂၀ ခန့်ရှိပါကြောင်း၊ တပ်ပိုင်မြေအဖြစ်သိမ်းဆည်းစဉ်တွင် ဆရာတော် ဦးပဏ္ဏိတ၏ ဘုန်းတော်ကြီးကျောင်းတည်ဆောက်ထားပြီး တပ်ရင်း မှ ဝါး၊ ထင်းရှူး၊ မဲဇလီပင်များ စိုက်ပျိုးထားရှိကာ တပ်ရင်းဂိတ်အဝင်ညာဘက်တွင် တည်ရှိကြောင်းနှင့် အဆိုပါမြေနေရာသည် လုံခြုံရေးအရ အချက်အချာကျသော မြေနေရာဖြစ်ပြီး ဝေါ်ခုတ်ကျေးရွာ၊ စွန်နောင်ခမ်းကျေးရွာ၊ ပန်ကုလား ကျေးရွာ၊ နောင်ထပ်ကျေးရွာ၊ ဟွေဖြန်းသုသာန်သို့ သွားလမ်းများနှင့် ဆက်စပ်လျက်ရှိကာ တပ်ရင်းဌာနချုပ် လုံခြုံရေးကိုထိခိုက်နိုင်သဖြင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ မြေဧရိယာ ဧက ၂၀ ခန့်မှာ နယ်မြေခံတပ်ရင်း၏   တပ်ပိုင်မြေတွင်ပါဝင်ပြီး   ပြည်ထဲရေးဝန်ကြီးဌာန၏ တပ်မြေသိမ်းဆည်းရေး ခွင့်ပြုမိန့်များ ရရှိထားပြီးဖြစ်ခြင်း၊ တပ်ရင်းမှ ဝါး၊ ထင်းရှူး၊ မဲဇလီပင်များ စိုက်ပျိုးထားရှိခြင်း၊ တပ်ရင်း၏ အချက်အချာကျသော မြေနေရာဖြစ်ပြီး အနီးပတ်ဝန်းကျင် ကျေးရွာများမှ အလွယ်တကူ ဝင်ရောက် သွားလာနိုင်ပါက တပ်ရင်းဌာနချုပ် လုံခြုံရေးအား ထိခိုက်နိုင်ခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ် ထန်တလန် မြို့နယ် မာရာတောင်ကြောရှိ ကျေးရွာအုပ်စု(၃)စု၏ ကျေးရွာချင်းဆက်လမ်းများ အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အပြီးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက မာရာတောင်ကြောရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော ကျေးရွာချင်းဆက်လမ်းအနေဖြင့် (၅)လမ်းဖြစ်ပါ ကြောင်း၊  အဆိုပါလမ်း (၅)လမ်းအနက်  လိုင်လင်း-ဖါရ်တလန် လမ်းအရှည် (၉)မိုင်အနက် လမ်းတာချဲ့ရန် ကျန်ရှိနေသည့် (၅)မိုင်သည် သက်ဆိုင်ရာကျေးရွာ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်တို့မှ ဦးစားပေးရေးဆွဲ တင်ပြလာသော စီမံကိန်းတွင်ပါဝင်လာခြင်းမရှိသဖြင့် လတ်တလောဆောင်ရွက် ပေးရန် အစီအစဉ်မရှိသေးပါကြောင်း၊ ဖန်ထဲင်း-လုံကျွေးပီးလမ်းအရှည် (၅)မိုင် အနက် ကျန်ရှိသည့် (၃)မိုင် (၂)ဖာလုံကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပါကြောင်း။
ဆက်လက်၍  မာရာတောင်ကြောတွင်ရှိသည့်  ကျေးရွာအုပ်စု(၃)စုမှ လမ်းဖောက်လုပ်ရန်  ကျန်ရှိနေသည့် ခွါဘုံ-လုံကျွေးပီးလမ်း (၉)မိုင်အနက်မှ (၂)မိုင်ကိုလည်းကောင်း၊ လုံကျွေးသဲ - ငါးဖိုင်ပီးလမ်း (၈)မိုင် (၄)ဖာလုံအနက်မှ (၃)မိုင်ကိုလည်းကောင်း၊ နှာရိန်-ငါဖိုင်သဲလမ်း (၁၈)မိုင်အနက်မှ (၁)မိုင်နှင့် ငါဖိုင်သဲ-ငါဖိုင်ပီးလမ်း (၁၄)မိုင်အနက်မှ (၅)မိုင်တို့ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍    အကောင်အထည်ဖော်   ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်းဖြေကြားသည်။
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘော်ရယ်စိုးဝေ၏ ကယား ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါဖုကျေးရွာအုပ်စုအတွင်းရှိ လျှပ်စစ်ဓာတ်အား မရရှိသေးသော ကျေးရွာများအား မည်သည့်အချိန်တွင် လျှပ်စစ်ဓာတ်အား ရရှိမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးခင်မောင်ဝင်းက  ဒေါဖုကျေးရွာအတွင်းရှိ ဓာတ်အားမရရှိ သေးသော ကျေးရွာ (၆)ရွာကို လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း စုစုပေါင်း ၁၇ ဒသမ ၉ မိုင်၊ ၁၁/ ၀ ဒသမ ၄ ကေဗွီ ၅၀ ကေဗွီအေ ထရန်စဖော်မာ (၆)လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း (၆)မိုင် တည်ဆောက် ခြင်းလုပ်ငန်းများအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ငွေကျပ်သန်းပေါင်း ၇၈၇ ဒသမ ၆ သန်း ဖြစ်ပါ၍ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှစ၍ ကယားပြည်နယ်အစိုးရ အဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားနိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိခွင့်ပြုချက်အပေါ် မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၏ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာကို တရားဝင်အမည်ပေါက် ကျေးရွာဖြစ်စေရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ ၏ မြို့နယ်များတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော OSS ရုံးများအား အများ ပြည်သူအသုံးများသော နေရာများတွင် ဖွင့်လှစ်ရန်နှင့် OSS လုပ်ငန်းများ ယခုထက်ပိုမိုအောင်မြင်စေရန် မည်သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၏ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ကြေးနီသတ္တုတွင်း(မုံရွာ)အား လက်ပံတောင်းတောင်   ကြေးနီစီမံကိန်းလုပ်ငန်း   လုပ်ဆောင်ရန်အတွက် လယ်မြေနှင့် ယာမြေ၊ မြေငှားရမ်းခနှုန်းထားများအား ပြင်ဆင်တိုးမြှင့်သတ်မှတ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယနေ့တိုင် မြေယာ၊ သီးနှံလျော်ကြေး ထုတ်ယူခြင်းမရှိသေးသော တောင်သူများအား ယနေ့ဖြစ်ပေါ် နေသော ကာလပေါက်ဈေးဖြင့် ပေးလျော်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ကရင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ စောသန်းထွဋ်၏ ဘားအံမြို့နယ် လှာကာ ကျေးရွာအုပ်စုအနီးရှိ ကျေးရွာတချို့တွင် ရေတွင်းရေကန်နှင့် အင်းအိုင်များ၌  သောက်သုံးရေများ အမည်းရောင်ပြောင်းလဲမှုနှင့်စပ်လျဉ်း၍ သိရှိလိုခြင်း မေးခွန်း နှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစိုင်းအုန်းကျော်၏ ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ် တောင်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ လယ်ဧက ၉၀၀ ကျော်အား ရေပေးဝေနေသော ဗမုံဆည်မြောင်းမကြီး မြောင်းပေါင်အား ဖောက်ထုတ်ပြီး(အခြေချ)စစ်ဗျူဟာမှ ငါးကန် (၂)ကန်အတွင်းသို့  ရေများ သွယ်ယူနေခြင်းအား တားဆီးပိတ်ပင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ)ဆလိုင်း မျိုးထိုက်၏ ချင်းပြည်နယ် ပလက်ဝမြို့နယ် တိုင်ဝကျေးရွာအုပ်စုနှင့် တွီကင်းဝ ကျေးရွာအုပ်စုကြားရှိ ပါး - ရိန်းရောင်း - ဟားလာဝ - ကန့်လာဝ - တွီကင်းဝ ကျေးရွာချင်းဆက်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာကျော်လင်းက လည်းကောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးငွန်ဟေး၏ ချင်းပြည်နယ်ရှိ မဏိပူရ်မြစ် ရေအားလျှပ်စစ်စီမံကိန်း အား BOT စနစ်ဖြင့် ချင်းပြည်သူများ၏ လျှပ်စစ်ဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက်လည်းကောင်း၊ သဘာဝသစ်တောပြုန်းတီးခြင်းမှ ကာကွယ်ခြင်းတစ်ခု ဖြစ်၍လည်းကောင်း၊ နိုင်ငံတော်အတွက် အရေးတကြီးလိုအပ်နေသော လျှပ်စစ် ဓာတ်အားများကို  အချိန်တိုအတွင်း  ရရှိရန်ဖြစ်ခြင်းကြောင့် လည်းကောင်း ပြန်လည်အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ်၏ ချင်းပြည်နယ် ဟားခါးမြို့မှ ၈၆ မိုင် ကွာဝေးသော ဂန့်ဂေါမြို့ဓာတ်အားခွဲစက်ရုံမှ မတူပီမြို့နယ် ရေဇွာမြို့သို့ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းပေးဝေခြင်းပြုမည့်အစား ဟားခါးမှ မိုင် ၆၀ အကွာ၌ရှိသော လေအွမ်(ခ)ဓာတ်အားခွဲရုံမှ မိုင် ၄ဝ ခန့်ဝေးသော ဆူရ်ခွါးမြို့သို့ အရင်သွယ်တန်းပေးဝေပြီးမှ ရေဇွာမြို့(ဆူရ်ခွါးမှ ၅၃ မိုင်)သို့လည်းကောင်း၊ ထန်တလန်မြို့နယ် နှာရိန်မြို့ (ဆူရ်ခွါးမှ ၅၁မိုင်)သို့လည်းကောင်း သွယ်တန်း ပေးဝေပါက နိုင်ငံတော်အတွက် ကုန်ကျစရိတ် အမြောက်အမြားသက်သာမည် ဖြစ်ပါသဖြင့် ထိုသို့ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း ၍  လျှပ်စစ်နှင့်  စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက လည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသား လွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ် ဖော်ပြ လက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက်    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက  ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေ များနှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက်ရယူသည်။
ဆက်လက်၍    တရားလွှတ်တော်ရှေ့နေများကောင်စီ  ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့်က ဆွေးနွေးသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများအား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသား လွှတ်တော်သို့ အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး   အမျိုးသားလွှတ်တော်ရုံး   ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများအား ပြည်သူ့လွှတ်တော်က    ပြင်ဆင်ချက်ဖြင့်  အတည်ပြုပြီး  ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲအလိုက် အသေးစိတ်ဖော်ပြလက်မှတ်ရေးထိုးပြီး အမျိုးသား လွှတ်တော်ရုံး၊ ညွှန်ကြား ရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲအလိုက် အသေးစိတ်ဖော်ပြလက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။
သင့်တော်သည့် အီသနော ရေမဲ့အရက် ရာခိုင်နှုန်းအချိုးအစားကို ဓာတ်ဆီဖြင့် ရောနှောသုံးစွဲရန်အတွက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့်ထုတ်ပြန်ပေးခြင်း (Mandate)ခွင့်ပြုပေးပါရန် တိုက်တွန်းသည့်အဆိုကို တင်သွင်း
ထို့နောက်    ဧရာဝတီတိုင်းဒေသကြီး    မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်ဆီတန်ချိန် နှစ်သန်းကျော်ကို ပြည်ပမှ တင်သွင်းခဲ့ရာ ယင်းဓာတ်ဆီနှင့်ရောသုံးသည့် အီသနောလောင်စာဆီကို ပြည်တွင်း အရက်ချက်စက်ရုံများမှ ပြောင်း၊ ဆန်စသည့် ကုန်ကြမ်းများကို အခြေခံကာ ထုတ်လုပ်နိုင်ပြီး ဘေးထွက်ပစ္စည်းများမှလည်း တိရစ္ဆာန်အစာများ နှင့် ဇီဝဓာတ်ငွေ့၊ ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှုလိုငွေ (Trade deficit)ကို လျော့နည်းစေရန်အတွက် သဘာဝပတ်ဝန်းကျင် အထောက် အကူပြု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော အီသနော(ခေါ်)ရေမဲ့အရက်ကို သင့်တော်မည့်  ရာခိုင်နှုန်း အချိုးအဆအား ဓာတ် ဆီဖြင့် ရောနှောသုံးနိုင်ရန်အတွက် လုပ်ငန်းရှင်များအား   လုပ်ပိုင်ခွင့်အမိန့်   ထုတ်ပြန်ပေးခြင်း(Mandate)ကို ပြည်ထောင်စုအစိုးရမှ   အမြန်ဆုံးစီစဉ်ချမှတ်ဆောင်ရွက်သင့်ပါကြောင်း ပြည်ထောင်စုအစိုးရအား   တိုက်တွန်းကြောင်းအဆိုကို  တင်သွင်းရာတွင် အီသနော လောင်စာရေမဲ့အရက်   ထုတ်လုပ်ခြင်းသည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်ခြင်း၊  သဘာဝပတ်ဝန်းကျင်ထိခိုက်မှု  နည်းစေခြင်း၊  ပြည်တွင်း စိုက်ပျိုးရေးကဏ္ဍအတွက် အာမခံချက်ရရှိစေကာ လူမှုစီးပွားဘဝ တိုးတက် စေနိုင်ခြင်း၊ မွေးမြူရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် တိရစ္ဆာန်အစာကို ပြည်တွင်း၌ပါ ဖူလုံစေနိုင်ခြင်း၊                                    

အလုပ်အကိုင်အခွင့်အလမ်း  များပြားလာစေနိုင်ခြင်း၊  နိုင်ငံတကာဈေးကွက် လိုအပ်ချက်အရ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သည့် ပတ်ဝန်း ကျင်ကိုထိခိုက်မှုနည်းစေသည့် မော်တော်ကားများကို ပြည်တွင်းတွင် သုံးစွဲစေ နိုင်ခြင်း၊ ကမ္ဘာ့နည်းပညာအပြောင်းအလဲနှင့်အတူ ပါဝင်ခွင့်ရရှိနိုင်ခြင်းစသည့် အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသောကြောင့် သင့်တော်သည့် အီသနောရေမဲ့အရက် ရာခိုင်နှုန်းအချိုးအစားကို ဓာတ်ဆီဖြင့် ရောနှောသုံးစွဲရန် အတွက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့်ထုတ်ပြန်ပေးခြင်း(Mandate)ခွင့်ပြုပေးပါရန်   တိုက်တွန်းသည့်အဆိုကို  အမြန်ဆုံး ဆောင်ရွက်သင့်သည့်အတွက်   ပြည်ထောင်စုအစိုးရအား လေးစားစွာ တင်သွင်းရခြင်း ဖြစ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍     မန္တလေးတိုင်းဒေသကြီး     မဲဆန္ဒနယ်  အမှတ်(၂)မှ ဦးထွန်းထွန်းဦးက  တိုင်းပြည်ကိုများစွာအကျိုးရှိသည့်   အဆိုကောင်းတစ်ရပ် ဖြစ်သည့်အတွက် ထောက်ခံပါကြောင်း ပြောကြားသည်။

ထို့နောက်   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက   ယင်းအဆိုကို    လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက်   လက်ခံဆွေးနွေးရန်  လွှတ်တော်က  သဘောတူကြောင်း ကြေညာသည်။
ယင်းနောက်  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက  အဆိုကို  ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူး ချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ရပ်နားမည်ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြိုတင်အသိပေးမည်ဖြစ်ပါကြောင်း ကြေညာသည်။

အောင်ရဲသွင်၊ စိုးဝင်းထွန်း(သတင်းစဉ်)

No comments:

Post a Comment