Saturday, March 7, 2020

အသစ်ထွက်ပေါ်လာသော ဆေးရွက်ကြီး အသုံးပြုမှုနှင့် ဆက်စပ်ပစ္စည်းများကို ထိန်းချုပ်တားဆီးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်း



နေပြည်တော်  မတ်   ၆

ယနေ့ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြားခြင်းနှင့် အဆို ၂ ခုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင်        မောင်တောမဲဆန္ဒနယ်မှ  ဦးလှထွန်းကျော်၏   မောင်တောမြို့၊   (၄)မိုင်ရပ်ကွက်ရှိ အလက (၂)  အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အား အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက (၄)မိုင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ   အလက(၂)တွင် လက်ရှိ ကျောင်းသားဦးရေသည် ၁၅၂ ဦးသာ ပညာသင်ကြား လျက်ရှိသောကြောင့်  သတ်မှတ်ကျောင်းသားဦးရေ ပြည့်မီ ခြင်းမရှိသေးသည်ကို   စိစစ်တွေ့ရှိရပါကြောင်း၊   ထို့ပြင် အနီးစပ်ဆုံးဖြစ်သည့် အထက်တန်းအဆင့်သင်ကျောင်း ဖြစ်သည့်  အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ၄ မိုင် ခရီးအတွင်းတွင် ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊  သို့ပါ၍  ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင်   အဆင့်တိုးမြှင့် ပေးရန်   ဦးစားပေးအစီအစဉ်မရှိပါကြောင်း  ရှင်းလင်း ဖြေကြားသည်။

ဘုတ်ပြင်းမြို့နယ် အလယ်မာန်သဲထုတ်လုပ်ရေး 
စခန်းမြေသည် ဓာတ်သတ္တုအကြီးစား
ထုတ်လုပ်ခွင့်ပြုမိန့် ရရှိထား

ဘုတ်ပြင်းမဲဆန္ဒနယ်မှ ဦးနေလင်းထွန်း၏ ဘုတ်ပြင်း မြို့နယ်၊ အလယ်မာန် ကျေးရွာအုပ်စုတွင် ယခင်အမှတ်(၁) စက်မှုဝန်ကြီးဌာနမှ သိမ်းယူခဲ့သော မြေဧရိယာအတွင်း ပါဝင်သည့် အလယ်မာန်ရွာဟောင်းကျေးရွာမြေနေရာအား သိမ်းယူထားခြင်းမှ  ပယ်ဖျက်၍  ကျေးရွာပိုင်မြေအဖြစ် ပြန်လည်တိုင်းတာသတ်မှတ်ပေးရန်   အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက  ဘုတ်ပြင်းမြို့နယ်၊ အလယ်မာန်ကျေးရွာအုပ်စုရှိ အလယ် မာန်သဲထုတ်လုပ်ရေးစခန်းမြေသည် ဓာတ်သတ္တုအကြီးစား ထုတ်လုပ်ခွင့်ပြုမိန့် ရရှိထားပြီးကြောင်းနှင့်  လေ့လာတွေ့ ရှိချက်များအရ အဆင့်မြင့်မှန်များ ထုတ်လုပ်မှုအတွက် လိုအပ်သော   ကုန်ကြမ်းသဲများ   ထုတ်လုပ်နိုင်သည့် သဲလုပ်ကွက်တစ်ခုဖြစ်ခြင်း၊ ဒေသခံပြည်သူများ ထိခိုက် နစ်နာမှုမရှိစေရေးအတွက်     လုပ်ငန်းခွင်ဧရိယာနှင့် ကင်းလွတ်ရာ အလယ်မာန်ရွာသစ်နေရာသို့ ပြောင်းရွှေ့ ပေးခဲ့ပြီး ဖြစ်ခြင်း၊ ခွင့်ပြုဧရိယာ အားလုံးအသုံးပြုနိုင်မှသာ မှန်စက်ရုံများအတွက်   လိုအပ်သော  သဲကုန်ကြမ်းများ အပြည့်အဝ ဖြည့်ဆည်းနိုင်မည်ဖြစ်ခြင်း စသည့် အချက်များ ကို အခြေခံ၍ ဌာနအနေဖြင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍        ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်မှ ဦးစောတင်ဝင်း၏ မြန်မာနိုင်ငံ၌ အဓမ္မလုပ်အားခိုင်စေခြင်း လုံးဝပပျောက်စေရန် အဓမ္မလုပ်အားခိုင်းစေမှုပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားရေးယန္တရားနှင့်ပတ်သက် ၍ ဆောင်ရွက်ထားရှိမှုအခြေအနေကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာန    ဒုတိယဝန်ကြီး   ဦးမြင့်ကြိုင်က လည်းကောင်း၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ် ၏ ကမ်းပါးထိန်းလုပ်ငန်းများအတွက် အကျိုးရှိမှု သေချာပြီး ကုန်ကျစရိတ်နည်းပါးသော ဗက်တီဗာမြက်အား နိုင်ငံတော် အစိုးရက စီမံစိုက်ပျိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက  လည်းကောင်း၊   မန်တုံ မဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၏ လုပ်ငန်းလိုင်စင်ပြုလုပ်ခြင်းအား One Stop Service   ပြုလုပ်ပေးရန်     အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍    ဒုတိယဝန်ကြီး   ဒေါက်တာ မင်းရဲပိုင်ဟိန်းက  လည်းကောင်း၊  ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ   (ခ)  ဒေါ်ရှားမီး၏        တစ်နိုင်ငံလုံးရှိ အထွေထွေရောဂါကုဆေးရုံကြီးများတွင်     ခွဲစိတ်ခန်း ကြီးကြပ်မှုကော်မတီဖွဲ့စည်းရန် အစီအစဉ် ရှိ၊ မရှိမေးခွန်း နှင့်စပ်လျဉ်း၍   ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာမြလေးစိန်က လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်း က အသစ်ထွက်ပေါ်လာသော ဆေးရွက်ကြီးအသုံးပြုမှုနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် e-cigarettes (Electronic Nicotine Delivery Systems) ဆေးရွက်ထွက်ပစ္စည်းများကို အပူပေးပြီး   အငွေ့ရှူသောပစ္စည်း   (Heated Tobacco Product or Heat-not-burn-Product)နှင့် ဆေးရွက်ကြီး နှင့်  ဆက်စပ်ပစ္စည်းများကို  ရောနှောထည့်သွင်းရှူသုံးရ သည့် ရေပြောင်း (Water Pipe) များကို ထိန်းချုပ်တားဆီးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်း သည်။
ယင်းနောက် အင်္ဂပူမဲဆန္ဒနယ်မှ ဦးအေးဝင်းက အဆို အား ထောက်ခံဆွေးနွေးသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား လက်ခံဆွေးနွေးရန် သင့်၊ မသင့်   လွှတ်တော်၏ ဆန္ဒရယူ ရာ သဘောတူသဖြင့် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ထို့နောက်   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  ဦးတီခွန်မြတ် က အဆိုနှင့်စပ်လျဉ်း၍   ဆွေးနွေးလိုသည့်  လွှတ်တော် ကိုယ်စားလှယ်များရှိပါက    အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။

ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း 
မြှင့်တင်ပေးပါရန် ပြည်ထောင်စုအစိုးရအား
တိုက်တွန်းကြောင်း အဆိုကို တင်သွင်း

ဆက်လက်၍ ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာအေးမင်း က ပုဂ္ဂလိက ပြင်ပဆေးကုခန်းဆရာဝန်  (G.P General Practitioner- အထွေထွေရောဂါကုဆရာဝန်) များ၊ အခြား ကျန်းမာရေးဆိုင်ရာ  ပညာရှင်များနှင့်ဒေသတွင်  စိတ်ပါ ဝင်စားသူများပါဝင်သည့်        စား၊ သုံး၊ နေထိုင်မှုဆိုင်ရာ ကျန်းမာရေးအသိပညာပေးအဖွဲ့   ကဲ့သို့သော  အဖွဲ့များ ဖွဲ့စည်း၍ ပြည်သူလူထုအတွင်း ကျန်းမာရေးဆိုင်ရာ အသိ ပညာများ ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ ပေးခြင်းဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းရာတွင်  ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈  ပုဒ်မခွဲ (ခ)တွင်  ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတို့တွင် တိုင်းရင်းသားပြည်သူ များက ပါဝင်ဆောင်ရွက်ရန်  လိုအပ်မည့် ဥပဒေပြဋ္ဌာန်း ဆောင်ရွက်ရန်ဟု ဖော်ပြပါရှိသည်နှင့်အညီ ပုဂ္ဂလိကပြင်ပ ဆေးကုခန်းဆရာဝန်များ၊      ပြည်သူလူထုအတွင်းတွင် ရှိသည့် ကျန်းမာရေးနှင့် နှီးနွှယ်ပညာရှင်များနှင့် စိတ်ပါ ဝင်စားသူများကို      ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိလာစေရန် ဖြစ်ပါ ကြောင်း။

ထို့ပြင် ပြည်သူလူထုအတွင်းတွင် ကျန်းမာရေးဆိုင်ရာ အသိပညာများ မြင့်မားပြီး    မိမိကျန်းမာရေးကို  မိမိတို့ ကိုယ်တိုင် စောင့်ရှောက်ခြင်းအားဖြင့် နိုင်ငံတော်အတွက် လည်းကောင်း၊ ပြည်သူတစ်ဦးချင်းစီအတွက် လည်းကောင်း စိုက်ထုတ်ကုန်ကျရမည့် ကျန်းမာရေးဆိုင်ရာ အသုံးစရိတ် များ လျော့နည်းသက်သာလာစေရန်၊  ကျန်းမာရေးဆိုင်ရာ အသိပညာများ ရရှိလာပြီး ရောဂါဝေဒနာများကို စနစ်တကျ ကြိုတင်ကာကွယ်ခြင်းအားဖြင့် ဖြစ်ပေါ်လာမည့် လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ လျော့နည်းသက်သာလာစေရန်၊        ဝန်ကြီးဌာနများ၏ ကျန်းမာရေးဆိုင်ရာရည်မှန်းချက်များ ပြည့်မီလာစေရန်နှင့် လွှတ်တော်ထဲတွင် အတည်ပြုပြီးဖြစ်သည့် ကျန်းမာရေး ဆိုင်ရာအဆိုများ   အကောင်အထည်ဖော်သည့်နေရာတွင် ပိုမိုထိရောက်အောင်မြင်စေရန်တို့အတွက်    ရည်ရွယ်ပါ ကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဂွမဲဆန္ဒနယ်မှ ဦးမြင့်ဝေက အဆိုအား ထောက်ခံဆွေးနွေးသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား လက်ခံဆွေးနွေးရန် သင့်၊ မသင့်  လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသဖြင့်   လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုနှင့်စပ်လျဉ်း၍   ဆွေးနွေးလိုသည့်   လွှတ်တော် ကိုယ်စားလှယ်များရှိပါက    အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။
ယင်းနောက် ဥပဒေကြမ်းကော်မတီဝင် ဦးဝေလှိုင်ထွန်း က အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ သော    စက်မှုဇုန်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအနက် ပြည်သူ့လွှတ်တော် က    သဘောတူသင့်သည့်   ပြင်ဆင်ချက် ၁၄ ချက်နှင့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘော မတူဘဲ   ပြည်သူ့လွှတ်တော်၏   ယခင်အတည်ပြုချက် အတိုင်း ထားရှိမည့် ပြင်ဆင်ချက်  ၁၉ ချက်တို့ကို တင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  ဦးတီခွန်မြတ်က   စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ သဘောထားရယူ၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

ဆက်လက်၍ ဥပဒေကြမ်းကော်မတီဝင် ဦးအောင်စိန် က အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိသော အချက် ၁၉ ချက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြ သင့်ကြောင်း အဆိုတင်သွင်းသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အချက် ၁၉ ချက်နှင့်စပ်လျဉ်း၍   သဘောကွဲလွဲခြင်းကို ပြည်ထောင်စု လွှတ်တော်တွင်  ဆွေးနွေးဆုံးဖြတ်ရန်   တင်ပြမည်ဖြစ် ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍  အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် ဖြင့် ပြန်လည်ပေးပို့သော  မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင်  ဒေါက်တာဝေဖြိုးအောင်က    အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအနက် ပြည်သူ့လွှတ်တော် က  သဘောတူသင့်သည့် ပြင်ဆင်ချက် ၁ ချက်၊ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီက ထပ်မံပြင်ဆင်ချက် ၆ ချက်နှင့် အမျိုးသားလွှတ်တော်၏   ပြင်ဆင်ချက်များ အတိုင်း   သဘောမတူဘဲ   ပြည်သူ့လွှတ်တော်က  ယခင် အတည်ပြုချက်အတိုင်း သဘောတူသည့် ပြင်ဆင်ချက် ၃ ချက်တို့ကိုတင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏   သဘောထားရယူ၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

ထို့နောက် ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေး က အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိသော    အချက် ၉ ချက်နှင့်စပ်လျဉ်း၍   ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြ သင့်ကြောင်း အဆိုတင်သွင်းသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အချက် ၉ ချက်နှင့်စပ်လျဉ်း၍ သဘောကွဲလွဲခြင်းကို ပြည်ထောင်စု လွှတ်တော်တွင်   ဆွေးနွေးဆုံးဖြတ်ရန်   တင်ပြမည်ဖြစ် ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော  အမှုတွဲ မိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများနှင့် တိုင်းရင်းသား လူမျိုးများ၏  အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍   လွှတ်တော်နှစ်ရပ်လုံးက သဘောတူခြင်းဖြစ်၍        ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  (၁၂)ရက်မြောက်နေ့    ကျင်းပမည့် ရက်နှင့်  အချိန်ကို   ထပ်မံကြေညာမည်ဖြစ်ကြောင်း သိရ သည်။


အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment